Chapter (7)

535 57 19
                                    

အံ့မင်းညိုဖိတ်ထားသည့် အလှူကိုသွားဖို့အတွက် မြတ်အဆင်သင့်ပြင်ပြီးသော
အခါ ကြီးမြကို သွားခေါ်လိုက်သည်။

အံ့မင်းညိုသည် ကြီးမြတို့အတွက်အိမ်နီးချင်းဖြစ်ပြီး ဖြူလုံးကြောင့် မြတ်နှင့်ပါခင်မင်သွားရသည်။ ထိုသူကစကားအဖြစ်ပြောသည်ထင်ခဲ့သော်လည်း အလှူဖိတ်စာပါတကူးတကပေးသောကြောင့် မသွားလို့ကမကောင်းပေ။ ဒီကိုရောက်ပြီးမှ တိုးလာသောအသိမိတ်ဆွေစာရင်းတွင် အံ့မင်းညိုပါ ပါလာသည်။

အောက်ထပ်က‌ကြီးမြ၏ အခန်းတံခါးကို မြတ်အသာအယာခေါက်လိုက်သည်။

"ကြီးမြ မြတ်ပါ"

"မြတ်ရေ ဝင်ခဲ့လေ"

အခန်းထဲကို မြတ်ဝင်သွားတော့ အိပ်ရာကိုမှီကာလှဲနေသော ကြီးမြကိုတွေ့လိုက်ရသည်။

"ကြီးမြ ဘာဖြစ်လို့လဲ"

"ကြီးမြခေါင်းနည်းနည်းမူးနေလို့ မြတ်ရယ်"

"ခဏလေးနော် မြတ် ဆရာဝန်ခေါ်ပေးမယ်"

"အဲလောက်ထိမလိုပါဘူးမြတ်ရယ် ကြီးမြဆေးသောက်ထားတယ် နားလိုက်ရင်ရပြီ"

ထင်သည့်အတိုင်း ကြီးမြသည်သွေးတိုးနေတာ ဖြစ်သည်။ ဆေးသောက်ပြီးပြီဆိုလာတာမို့ သေချာလေးအနားယူဖို့သူ တိုက်တွန်းလိုက်သည်။

"မွေးနေ့အလှူကိုမြတ်တစ်ယောက်တည်းပဲ သွားရတော့မယ်နဲ့တူတယ်..."

"ရပါတယ်ကြီးမြ...အဆီနဲ့အငန်တွေလျှော့စားပါကြီးမြရယ် အစားအသောက်ကိုသေချာလေးထိန်းမှအဆင်ပြေမှာ"

ညနေဆို ခြံထဲလမ်းဆင်းလျှောက်တတ်‌သော ကြီးမြကိုလေ့ကျင့်ခန်းလုပ်ဖို့ ထွေထွေထူးထူးမတိုက်တွန်းဖြစ်တော့။

"ကျေးဇူးပါမြတ်ရယ် ကြီးမြ နောက်ဆို
ဆင်ခြင်ပါ့မယ်"

ကြီးမြကတော့ကတိပေးသလိုမျိုးဆိုလာသည်။ အကယ်၍မသက်သာလျှင် ဆရာဝန်ကိုအချိန်မရွေးဖုန်းလှမ်းဆက်ဖို့ ကြီးမြကိုမှာပြီးတာနှင့် ကြီးမြအခန်းထဲကထွက်လာလိုက်သည်။

အလှူကိုတစ်ယောက်တည်းသွားရတာမို့ လက်ဆောင်ပေးပြီးမျက်နှာခဏပြပြီးတာနှင့် ပြန်လာဖို့မြတ်ဆုံးဖြတ်လိုက်သည်။ မြတ်က ဖြူလုံးကိုပြန်မပေးဘဲ ခဏခေါ်ထားခြင်းအပေါ် အံ့မင်းညိုတို့မောင်နှမက စောဒကမတက်တာ ကံကောင်းသည်။ မဟုတ်လျှင် ပိုင်ရှင်အစစ်ကိုမြတ်ဘယ်လိုမျက်နှာပြရမလဲ မပြောတတ်ပေ။

Say You Love MeWhere stories live. Discover now