Chapter (6)

387 52 4
                                    

စေးတံတိုင်းရံ အောက်ထပ်ကိုဆင်းလာသည့်အချိန် ဧည့်ခန်းထဲမှာ ဒေါ်ကြီးမြက
ဧည့်သည်တစ်ယောက်ကို ထိုင်စကားပြောနေတာ တွေ့ရသည်။ စေး စိတ်အလိုမကျစွာမျက်ခုံးတွေတွန့်ချိုးလိုက်ပေမဲ့ ဂရုမစိုက်သလိုမီးဖိုခန်းထဲဝင်သွားလိုက်သည်။ စားပွဲပေါ်က ရေကရားထဲကရေကို ဖန်ခွက်အပြည့်ထည့်ကာ တစ်ခါတည်းမော့သောက်လိုက်သည်။ ရင်ပူနေတာကပျောက်မသွား ရေဆာလို့အောက်ထပ်ဆင်းလာပေမဲ့ ဧည့်ခန်းထဲကလူကြောင့်ရင်ထဲနင်နေသည်။ ဒါပေမဲ့ သူဧည့်ခန်းထဲကို လှမ်းကြည့်လိုက်မိသေးသည်။

ဒေါ်ကြီးမြလွန်းကြွယ်နှင့် စကားပြောနေသူက အခုတလောစေးတံတိုင်းရံမျက်စိနောက်နေသည့်သူ။

အံ့မင်းညိုဆိုသည့် တစ်ယောက်က ဖြူလုံး၏ပိုင်ရှင်ဖြစ်ပြီး စေးတံတိုင်းရံတို့ခြံနှင့်ဆို နှစ်ခြံကျော်မှာနေသည်။

ထိုနေ့က ဖြူလုံးဆိုသည့်ကြောင်ကိုပြန်လာယူသည့်နေ့က...

အံ့မင်းညိုက သူ့ညီမလေးနှင့်အတူ စေးတို့တိုက်ကိုရောက်လာသည်။ မြတ်သော်က ဖြူလုံးကိုထိုပိုင်ရှင်ကောင်လေးလက်ထဲထည့်ပေးကာ မခွဲနိုင်မခွာနိုင်စွာဖြူလုံး၏ခေါင်းကိုပွတ်သပ်ပေးနေခဲ့တာ။ အံ့မင်းညိုက သူ့ကိုယ်သူမိတ်ဆက်ပြီး မြတ်သော်ကကိုလည်း အကယ်၍ဖြူလုံးကိုသတိရလျှင် ဘယ်အချိန်မဆိုသူ့ခြံကိုလာနိုင်ကြောင်းဆိုသည်။

အခုမှတွေ့သည့်သူကို ဒီလောက်ထိဖော်ရွေနိုင်သော အံ့မင်းညိုကိုလည်း စေးအံ့သြပါသည်။ ရောက်လာတည်းက မြတ်သော်ကကိုအကြည့်တစ်ချက်မလွှဲ။
အံ့မင်းညိုရင်ဘတ်ထဲပွေ့ထားသည့် ဖြူလုံးကို မြတ်သော်က ကပွတ်သပ်ပေးနေပြီး မြတ်သော်ကကိုသဘောတကျ ပြုံးပြုံးကြီးကြည့်နေသော အံ့မင်းညို။ ထိုပုံစံကိုမျက်စိနောက်လွန်းလို့ စေးအာမနားစွာ သူတို့ကိုပြန်တော့လို့ ပေါ်တင်ပြောခဲ့သည်။ ကြောင်ကိုပြန်ရပြီးလျှင် ပြန်ပေါ့။ ဘာကိစ္စ ငယ်ပေါင်းတွေပြန်တွေ့သလိုမျိုး မခွဲနိုင်မခွာတွေဖြစ်ပြနေတာလဲ။ မြတ်ကလည်းဘာကိစ္စနှင့် ဒီလူကိုဧည့်ခံပေးနေတာလဲ။ စေးတံတိုင်းရံ ထိုနေ့ကကြောင်ပိုင်ရှင်အစစ်ကိုပြန်ရှာပေးခဲ့ပြီး မြတ်သော်ကနှင့် တွေ့ဆုံစေခဲ့တာကို နောင်တရသွားသည်။

Say You Love MeWhere stories live. Discover now