လူး၀စ်က ယွီမုန့်နှင့် လင်းချီတို့ ဆွေးနွေးနေသည်ကို မြင်သောအခါ လင်းချီတွင် ဝှက်ဖဲတစ်ချပ် ကျန်နိုင်သေးကြောင်း ခံစားမိခဲ့သည်။ ထို့ကြောင့် သူတို့နောက်လိုက်၍ မစ်ရှင်ကိုအောင်မြင်အောင်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

“ဘာများဆိုးဆိုးရွားရွားဖြစ်နိုင်အုံးမှာလဲ” ဟူသော စိတ်ဖြင့်သာ အမည်စာရင်းပေးရန် လာခဲ့ခြင်းဖြစ်သည်။

သူက လင်းချီကို တံတောင်ဖြင့်တို့လိုက်ရင်း “ပြောအုံးမယ်…. မင်းဆီမှာ စားစရာတွေ အများကြီးကျန်သေးလား”

"ဘာစားစရာတွေလဲ?"

"ကန်စွန်းဥ၊ စတိတ်ခ်၊ စွပ်ပြုတ် အဲ့လိုမျိုးတွေလေ"

လတ်စသတ်တော့ လူး၀စ်က လင်းချီ၏ အစားအသောက်များအပေါ် မျက်စိကျနေခြင်းဖြစ်၏။ သူ နာမည်စာရင်းပေးဖို့ သတ္တိရှိနေတာ မအံ့ဩတော့ပေ။

လူများလေ ပျော်ဖို့ကောင်းလေ ဟူသော စကားမှာ လူး၀စ်အတွက်တော့ မဟုတ်ပေ။ ထို့ကြောင့် လင်းချီနှင့် ယွီမုန့်မှာ သူ့ကို မနှစ်သက်ရခြင်းဖြစ်သည်။

အကယ်၍ တစ်ခုခုဖြစ်လာလျှင် ဘာမှ အကူအညီမရရုံသာမက လမ်းတစ်လျှောက် အခြားသူများ အနှောင့်အယှက်ဖြစ်အောင် တတွတ်တွတ်ပြောနေတတ်သေးသည်။

သို့သော်လည်း သူတို့မှာ တစ်မြို့ထဲမှ ဖြစ်သောကြောင့် လင်းချီနှင့် ယွီမုန့်တို့လည်း ငြင်းပယ်ခြင်းငှာ မစွမ်းသာတော့‌ချေ။

အမည်စာရင်း ပေးပြီးနောက် လူး၀စ်၊ ယွီမုန့်နှင့် အခြားယှဉ်ပြိုင်မည့်သူများက အခန်းကိုယ်စီသို့ ပြန်၍ ပစ္စည်းများ ထုပ်ပိုးကြတော့သည်။ သို့သော်လည်း လင်းချီကတော့ အေးအေးဆေးဆေးပင်။ သူ့တွင် စနစ်ရှိသောကြောင့် အမယ်များကိုလည်း စနစ်၏ သိုလှောင်နေရာတွင် သိမ်းဆည်းထားသည်ဖြစ်၍ ထူးပြီး ထုပ်ပိုးနေရန်မလိုပေ။

သူလှည့်၍ ထွက်ခွာခါနီးတွင် အနောက်မှ ကျင်းလင်လင်၏ လှမ်းအော်သံကို ကြားလိုက်ရသည်။

"ဆရာ!"

အစကတော့ လင်းချီ သတိမထားမိသေးပေ။ သို့သော်လည်း သုံးကြိမ်မြောက်တွင်တော့ သိချင်စိတ်ပြင်းပြစွာဖြင့် နောက်သို့ လှည့်ကြည့်မိလိုက်သည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now