40. Loving can hurt sometimes ( Unicode )

Start from the beginning
                                    

ရှုပ်ထွေးသည့်မေးခွန်းတွေနှင့် ခေါင်းတွေပါ နောက်ကျိလာရသည်။ ကုမ္မဏီ ပြန်မသွားတော့ဘဲ ကားကို  လမ်းဘေးရပ်ကာ သီဟဆီဖုန်းခေါ်ပြီး အရက်အတူတူသောက်ဖို့ပြောတော့ သီဟက မငြင်းဆန်ပေ ။ ထို့နောက် တက္ကသိုလ်တက်တုန်းက သူတို့နေခဲ့သည့် ကွန်ဒိုကိုလာခဲ့ဖို့ ချိန်းဖြစ်သည် ။

ကွန်ဒိုနှစ်ခန်းလုံး နေမည့်သူ မရှိပေမဲ့ တစ်ခါတရံ ရောင်ရှိန်လာတတ်တာမို့ သန့်ရှင်းရေးကတော့ အမြဲလုပ်ထားလေ့ရှိ၏။ ရှင်းသန့်နေခဲ့သည့်အခန်းက အခုလက်ရှိ ရှင်းသန့်အပိုင် ဖြစ်နေပြီ ။ တက္ကသိုလ်နောက်ဆုံးနှစ်တုန်းက ရှင်းသန့်က ထိုကွန်ဒိုကို ရောင်းပေးဖို့ သူ့ဆီတောင်းဆိုခဲ့သည်။ သူတို့ကြားမှာ ပိုက်ဆံစကားပြောဖို့ မလိုဘူးဟု သူဆိုခဲ့ပေမဲ့ ရှင်းသန့်ကတော့ ဘုဏ်းဇေနှင့် ပထမဆုံး အမှတ်တရတွေ ရှိခဲ့သည့်နေရာမို့ ပိုက်ဆံကို လက်ခံပေးဖို့ အတင်းတောင်းပန်ပြီး ဝယ်သွားခဲ့ခြင်းပင်။ ဘုဏ်းဇေကိုတောင် သည်အကြောင်းမပြောဖို့ နှုတ်ပိတ်ထားခဲ့၏။

ဘုဏ်းဇေနှင့်ရှင်းသန့် လမ်းခွဲရသည့်အကြောင်းက ရှင်းသန့်ပြောသွားသလောက်လေးနှင့် မခိုင်လုံမှန်း တွေးမိပေမဲ့ ဘုဏ်းဇေတောင် မတားမြစ်နိုင်ခဲ့တာမို့ သူလည်း ဘေးကနေ ဘာမှမတတ်နိုင်ခဲ့ပါ ။ သီဟ မပွင့်လင်းပုံက တစ်မျိုးဖြစ်သလို ရှင်းသန့် မျိုသိပ်နိုင်ပုံကလည်းတစ်မျိုး ။

သူတို့သူငယ်ချင်းတွေအားလုံး ကိုယ့်နည်းကိုယ့်ဟန်နှင့် တစ်ယောက်တစ်မျိုးစီ ထင်ရာတော့လုပ်တတ်ကြသည် ။

တစ်လျှောက်လုံး မော်ဒယ်လ်မင်းသားဖြစ်ချင်ပါသည်ဟု ကြွေးကြော်လာခဲ့ပြီး ရည်းစားတွေ ထည်လဲတွဲတတ်သည့် အာကာက ဝေမီနှင့်တွေ့ပြီးနောက် ခြေငြိမ်သွားကာ မော်ဒယ်လ်လည်း မလုပ်တော့ဘဲ အခုကျ အိုင်တီပညာရှင်တစ်ယောက် ဖြစ်နေပြီ။

ကောင်းယံကျ မိဘတွေက အင်ဂျင်နီယာတွေဖြစ်၍ ဆောက်လုပ်ရေးကုမ္မဏီ ထူထောင်ထားပေမဲ့ တက္ကသိုလ်မှာ အိုင်တီမေဂျာယူပြီး ဘွဲ့ရတော့ မဆီမဆိုင် စားသောက်ဆိုင် ထဖွင့်သည် ။ သူငယ်ချင်းတွေနှင့်တွေ့လျှင်တော့ အငယ်ဆုံးဆိုပြီး ကလေးဆန်ချင်သေး၏ ။ အခုထိလည်း တစ်ခါတရံ အာကာ့ဆီတစ်လှည့် သူ့ဆီတစ်လှည့် လာအိပ်တတ်တုန်းပင် ။ တစ်ခါက သူ့ကိုယ်သူ asexualဟု ပြောခဲ့ဖူးသည့်အတိုင်း ချစ်သူရည်းစားထားဖို့လည်း တကယ်စိတ်မဝင်စားသည့်ပုံ ။ ဘာပြောပြော သူတို့ထက်တော့ ကောင်းယံဘဝက ပိုပြီးအေးချမ်း၍ ရိုးရှင်းပါသည်။

Forget-Me-Nots  { Completed }Where stories live. Discover now