11. Hug me tight

4.8K 290 22
                                    

( Unicode )

တကယ်ပါ ကိုယ်က
မင်းအရိပ်လေးမြင်ရရုံနဲ့ ပျော်ရသူပါ
မင်းအသံလေးကြားရရုံနဲ့ ရွှင်ရသူပါ 
မင်းအကြောင်းလေး တွေးမိရုံနဲ့
ကိုယ့်စိတ်တစ်ခုလုံး နွေးရသူပါ
ဖြစ်နိုင်ရင် မင်းဘေးမှာပဲ
ကိုယ့်လိပ်ပြာက ကပ်နေချင်သူပါ

2011,  Jan 9

မကိုဋ်ရတနာနန်းတော်ရာဝင်းထဲရှိ တော်ဝင်အမှုထမ်းများအားလုံး မနက်ဖြန် အသက်ဆယ့်ခြောက်နှစ်ပြည့်တော့မည့် သူတို့အိမ်ရှေ့မင်းသားလေး၏ မွေးနေ့ပွဲအခမ်းအနားအတွက် ပြင်ဆင်ရင်း အလုပ်များနေကြသည်။ အနယ်နယ်အရပ်ရပ်မှ ကြိုတင်ရောက်ရှိလာကြသော လက်ဆောင်ပစ္စည်းများကိုလည်း သေချာစိစစ်လက်ခံကာ သူ့နေရာနှင့်သူ ချထားကြရ၏။ မွေးနေ့ရှင်‌ကတော့ ထိုလက်ဆောင်များထက် ခရစ်စမတ်ညတုန်းက သူငယ်ချင်းဖြစ်သူ ဝယ်ပေးထားသော မာဖလာကိုသာ ပို၍နှစ်ခြိုက်ဟန်တူသည်။ ဒီရက်ပိုင်းအတွင်း ကျောင်းသွားတိုင်း ထိုမာဖလာတစ်ထည်ကိုသာ ထပ်ခါတလဲလဲစည်းသွားလေ့ရှိ၏။

" ကိုကိုဘုဏ်းဇေ "

အိမ်ရှေ့စံတစ်ယောက် ခရေပင်တန်းအောက်က ခုံပေါ်မှာ ရှင်းသန့်အလာကိုထိုင်စောင့်ရင်း  ရူပဗေဒအိမ်စာအချို့ကို ပြန်ကြည့်နေစဉ် ဘေးမှာရောက်လာသောအသံလေးက စာထဲရောက်နေသည့် သူ့အာရုံတို့ကို ပြတ်တောက်သွားစေသည်။ တခြားသူတော့မဟုတ်။ သူစောင့်နေသော တစ်ယောက်သောသူ၏ ညီမလေးပင်။ ကျောင်းဝတ်စုံအောက်မှာ လည်ပိတ်ဆွယ်တာအနီလေးနှင့် အနက်ရောင်အသားကပ်ဘောင်းဘီရှည်တို့ကို ဝတ်ထားပြီး ပုခုံးသာသာဆံပင်လေးကို ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ထားသည့်ပုံစံလေးဖြင့် ခုနစ်တန်းကျောင်းသူလေး သင်းပျံ့တည်ကြည်က အရုပ်မလေးအတိုင်း။ ရှင်းသန့်ရဲ့ညီမလေးက ဘုဏ်းဇေအတွက်လည်း ညီမလေးတစ်ယောက်နှင့်မခြားပါ။

" ဒီနေ့ ကိုကိုရှင်းရှင်း ကျောင်းမလာဘူး ၊ သွားစရာရှိလို့တဲ့ "

သူ့မျက်လုံးက ရှင်းသန့်ကို တစ်ချက်လှမ်းရှာလိုက်မှန်း ပျံ့ပျံ့က ရိပ်မိပုံရသည်။ သူ မမေးရဘဲတန်းဖြေ၏။ ရှင်းသန့်တည်ကြည်တစ်ယောက်ကတော့ ကျောင်းမလာ‌လျှင်လည်း မလာတဲ့အကြောင်း ကြိုပြီးမပြောပြန်ပေ။ တစ်ခါတလေ ရှင်းသန့်ရဲ့ဖုန်းက အထွက်ကောလ်များ အလုပ်မလုပ်ဘူးလားဟုတောင် ဘုဏ်းဇေထင်မိသည်။ အများအားဖြင့် သူကသာ ဖုန်းစဆက်လေ့ရှိပြီး အနှီဝန်ကြီးချုပ်သားလေးကတော့ သူ့ကို ဘယ်တော့မျှ စပြီးဆက်သွယ်လေ့မရှိ။

Forget-Me-Nots  { Completed }Dove le storie prendono vita. Scoprilo ora