အဘိုးက ဘုဏ်းဇေကိုကြည့်ပြီး အားပါးတရဆို၏ ။  စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီမို့ မတွေ့ရတာကြာပြီဖြစ်သည့် မယ်မယ့်ဘက်က အဘိုးနှင့်အဘွားဆီ ဘုဏ်းဇေ အလည်ရောက်လာခဲ့ခြင်းပင် ။ အဘိုးတို့က သီလ သိပ်ကောင်းသည်။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်နေကြဆဲဖြစ်သလို အသက်သာကြီးလာပေမဲ့ အရွယ်က ကျမသွားကြပေ ။ စိတ်ပျော်အောင် နေတတ်ကြသူတွေမို့ဖြစ်မည် ။

" ပင်ပန်းသွားပြီလား ငါ့မြေး "

" မပင်ပန်းပါဘူး ဘိုးရ ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ် "

" ဒဏ်ရာတွေလဲ ရခဲ့တယ်မို့လားကွ "

" ယောက်ျားပဲ ဘိုးရာ ၊ ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး  "

ရင်ထဲက အနာကကြီးလွန်းလို့ အရေပြားပေါ်က ဘယ်ဒဏ်ရာကိုမှ မနာတတ်တော့သည့်အကြောင်းကိုတော့ အဘိုး သိမှာမဟုတ်ပေ ။

ထို့နောက် အဘိုးတို့နှင့် စကားတွေအများကြီး ပြောဖြစ်ကြသည်။ အများဆုံးကတော့ စစ်မှုထမ်းကာလအတွင်း သူရခဲ့သည့် အတွေ့အကြုံတွေအကြောင်း ။ နောက်ပြီး အဘိုးရဲ့ စိုက်ကွင်းကြီးထဲမှာ ထပ်တိုးချဲ့ထားသည့် သီးပင်စားပင်တွေအကြောင်း ။ အခုဆို အဘိုးခြံကထွက်သည့် စပျစ်သီးတွေက ပြည်ပနိုင်ငံတွေကိုပါ တင်ပို့ရသည်အထိ အောင်မြင်ဖြစ်ထွန်းနေပြီ ။

" ဘိုး ...ဘိုးတို့ ဘယ်လောက်ချမ်းသာလဲ "

" ဟေ ...ဟားဟားဟား "

အစတော့ အဘိုးက အံ့အားသင့်သွားပုံရပေမဲ့ နောက်တော့ သူ့ကိုကြည့်ပြီး သဘောတကျရယ်နေတာ တော်တော်နှင့်မရပ်ပေ ။ သူလည်း အဘိုးနှင့်အတူ လိုက်ရယ်မိသည် ။ စကားဝိုင်းမှာ သူတို့မြေးအဘိုးနှစ်ယောက်သာ ရှိ၏ ။ မမဒေဝီက တီလေးနှင့်အတူ မီးဖိုထဲမှာ ညစာအတွက် ချက်ပြုတ်နေပြီး အဘွားကတော့ တရားထိုင်ချိန်မို့ ဘုရားခန်းထဲ ရောက်နေသည်။

" ဘာလို့မေးတာလဲ ငါ့မြေးက "

ဘုဏ်းဇေ အဘိုးကို သေချာကြည့်ကာ

" အမွေတောင်းမလို့ "

အဘိုးက နောက်တစ်ကြိမ် ဟက်ဟက်ပက်ပက် ရယ်တော့သည် ။

Forget-Me-Nots  { Completed }Where stories live. Discover now