12

375 75 1
                                    

#Unicode
အခန်း(၁၂)
ငါပြောတာနားထောင်စမ်း ချင်ကျိုး
<<<<<

ကိုယ်ပိုင်အခန်းတစ်ခုလုံး အော်ဟစ်သံများဆူညံသွားပြီး ဘာဖြစ်သွားမှန်း မသိလိုက်သည့် လောင်းကစားသမားများက မြေပြင်ပေါ်ဝပ်ချနေလိုက်ကြပြီး မြင်ကွင်းတစ်ခုလုံးက ရှုပ်ယှက်ခတ်နေခဲ့သည်။

ချင်ကျိုး၏ ညီအစ်ကိုများက သူ့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသေးသည်။ သူတို့က ဝမ်တရုန်ကို 1990ခုနှစ်များတွင် ထုတ်လွှင့်ခဲ့သော ဟောင်ကောင် ရုပ်ရှင်ကားများမှ လမ်းဘေးရန်ပွဲပုံစံဖြင့် ဖမ်းဆီးချင်နေကြသည်။

ဝမ်တရုန်တွင် ပြေးရန်ပင် အခွင့်အရေးမရှိတော့ပေ။ ထွက်ပြေးလွတ်မြောက်ရန် မပြောနှင့် သူ့ကို လူထွားကြီးဆယ်ယောက်က ဝန်းရံပြီးသွားချိန်တွင် ပြန်လည်တုန့်ပြန်နိုင်စွမ်းပင် မရှိသေးချေ။ အလွန်အမင်း ကြောက်လန့်နေ၍ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး စိတ်ရှုပ်ထွေးနေသော ပုံစံပေါက်နေခဲ့သည်။

ဝမ်တရုန်ကို ဖမ်းဆီးကြမည့်တာဝန်က တစ်မိနစ်အတွင်း ပြီးဆုံးသွားခဲ့သည်။

ဟူကျစ်ကို ကျန်နေသေးသည့် နောက်ဆက်တွဲတာဝန်များကို တာဝန်ယူရန်အတွက် ချန်ထားခဲ့လိုက်သည်။ လူများစွာ ပတ်လည်ဝိုင်းနေသည့်နေရာတွင် မေးခွန်းများ မေးမြန်းရန် အဆင်မပြေ၍ ချင်ကျိုးက ဝမ်တရုန်ကို ဘား၏အနောက်ဘက်တံခါးကို ဆွဲခေါ်သွားပြီး အပြင်ဘက် နောက်ဖေးလမ်းကြားတွင် ရပ်လိုက်သည်။

နောက်ဖေးလမ်းကြားက အဓိကလမ်းမကြီးနှင့် ဝေးကွာလှပြီး အလင်းရောင် ခပ်ဖျော့ဖျော့သာရှိပြီး ဖြတ်သွားဖြတ်လာ မရှိသလောက်နည်းနေခဲ့သည်။ အဓိက လမ်းမကြီးနှင့်မတူဘဲ အလွန်ချောင်ကျနေလေရာ ဤနေရာတွင် ကျောက်တုံးတစ်တုံးကို ကန်လိုက်မိပါက ပဲ့တင်သံပင် ထွက်လာနိုင်ပေသည်။

"မင်းတို့က ဘယ်သူတွေလဲ?"
တိတ်ဆိတ်နေသော နောက်ဖေးလမ်းကြားတွင် ဝမ်တရုန်၏အသံ ဟိန်းထွက်လာခဲ့သည်။ ညဆယ့်တစ်နာရီ ကျော်နေပြီဖြစ်ပြီး မိုးရေတစ်စက်နှစ်စက်ကျနေသေးသည်။ ညလေအေးက လူသူကင်းရှင်းနေသော နောက်ဖေးလမ်းကြားအတွင်းသို့ တိုက်ခတ်လာပြီး ဆောင်းဦးရာသီ၏ အေးစက်မှုတို့ကိုပါ သယ်ဆောင်လာခဲ့သည်။

Blank Charge (Myanmar Translation)Where stories live. Discover now