အခန်း (၆)

1.1K 107 13
                                    

အခန်း (၆)

ကြယ်မိုးတွေ ကြွေတဲ့ညမှာ အတူတူ ရှိရမယ့်လူက မင်းရဲ့ ဖူးစားဖက် ဖြစ်လာလိမ့်မယ်တဲ့... ။
အဲ့တာက လင်းမာန်ခ သူ့ဖေဖေ၏ ဒိုင်ယာရီထဲတွင် ဖတ်ခဲ့ဖူးသော စာတစ်ကြောင်း ဖြစ်သည် ။

ယခုတော့ သူ့အဖြစ်က ထို ထင်လင်း ဆိုသော လမ်းသရဲ လူဆိုးခေါင်းဆောင်နှင့် အတူတူ ရှိရုံမျှ မကဘဲ ထိုသူ၏ ကျောပေါ်၌ပင် လိုက်စီးလိုက်မိသေးသည် ။
ဒီလောက်ဆိုရင် ဖူးစာများ ပါတော့မှာလားဟု လင်းမာန်ခ စိတ်ပူသွားမိသည် ။

မဖြစ်သေးဘူး... ငါ ဒီလူနဲ့တော့ ဖူးစာပါလို့ မ​ဖြစ်ဘူး ။
ငါက အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ လူငယ်လေးလေ ။
အဲ့လူက နောက် အနှစ် ၂၀ ဆိုရင် အသက် ၄၀ လောက် ရှိတဲ့ ဦးလေးကြီး ဖြစ်နေမှာလေ ။
အသက် ၂၁ နှစ်လောက် ကွာနေတယ် ဆိုတဲ့ အချက်ကြီးက အဆင်ပြေမနေဘူး ဟု လင်းမာန်ခ တွေးလိုက်မိသည် ။

သူတို့ နှစ်ယောက် ရပ်ကွက် တစ်ခု အတွင်းမှ ဖြတ်၍ လာကြရသည် ။
ရပ်ကွက်ထဲက လူများက ထင်လင်းကို တစ်ချက် အကဲခတ်သလို ကြည့်သည် ။
ထင်လင်းက လူတစ်ယောက်ကို ထမ်းလာသည် ဆိုသည်မှာ သူတို့အတွက် အနည်းငယ် ထူးဆန်းနေကြသည် ။

ထင်လင်းက လူတစ်ယောက်ကို ကူညီပြီး ထမ်းပိုးရလောက်တဲ့အထိ စိတ်ကောင်းရှိတဲ့ လူငယ်တစ်ယောက်မှ မဟုတ်တာ ဟုလည်း တွေးနေကြပုံရသည် ။
မဟုတ်မှလွဲရော.... ထင်လင်းက ထိုလူငယ် ကောင်လေးကို ပြန်ပေးဆွဲလာလေသလားဟုလည်း တွေးမိသွားကြသည် ။
ရပ်ကွက်ထဲမှ လူများ အချင်းချင်း တီးတိုးတီးတိုး သဖန်းထိုးနေကြသည်ကို ထင်လင်း တစ်ချက် မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည် ။

ထင်လင်း၏ ခက်ထန်သော အကြည့်တစ်ချက်နှင့်ပင် ခုနက လူများ အားလုံး လမ်းတွေ ရှဲပေးလိုက်ကြသည် ။
ဘာမှ မပြောဝံ့တော့သလို တိတ်ဆိတ်သွားကြသည် ။
ထင်လင်းက မျက်နှာကို ပို၍ တည်လိုက်ပြီး ခြေလှမ်းကို ပို၍ သွက်လိုက်သည် ။

" မရေးမပါတဲ့ဟာတွေ.... "

ထင်လင်က စိတ်မပါလက်မပါ ပုံစံဖြင့် ပြောလိုက်သည် ။
လင်းမာန်ခ က ထင်လင်းကျောကုန်းပေါ်မှနေ၍ အခြေနေတွေ အားလုံးကို အကဲခတ်၍ ရနေသည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now