26. The way I love you

Start from the beginning
                                    

သည်စကားကြားတော့ ဘုဏ်းဇေ စိတ်ထဲက ကျိတ်ပြုံးမိသည် ။ ပြီးတော့ အခုလိုမျိုး ရှင်းသန့် သူ့ကို နောက်ကျောကနေ ဖက်ထားတာတာကိုလည်း သဘောကျသည်။ ဟိုအရင်က မက်ခဲ့သည့် အိပ်မက်တွေထဲကလို ။ သဲသဲကွဲကွဲ မမြင်လိုက်ရပေမဲ့ အဲဒီအိပ်မက်တွေထဲကလူဟာ ရှင်းသန့်ကလွဲပြီး တခြားမရှိနိုင်တာလည်း ပိုသေချာသွားခဲ့၏ ။ အိပ်မက်ထဲမှာလည်း ရှင်းသန့် ၊ အပြင်မှာလည်း ရှင်းသန့် ။

လူတစ်ယောက်အတွက် အချစ်ဆိုသည့်အရာနှင့် ထိတွေ့ဖို့ ဘယ်နှစ်ကြိမ် ရွေးချယ်ခွင့်ရှိပါသလဲ ။ ဘုဏ်းဇေရဲ့နှလုံးသားကတော့ အခွင့်အရေးရှိသလောက် ရှင်းသန့်တစ်ယောက်တည်းကိုသာ ထပ်ခါတလဲလဲ ရွေးချယ်နေလိမ့်မည်။ ရှင်းသန့်က သူ့ကိုချော့ဖို့ လူဖြစ်လာတာဆိုလျှင် သူကလည်း ရှင်းသန့်ကိုချစ်ဖို့ မွေးဖွားလာတာ ။

" စိတ်မဆိုးပါနဲ့၊ ငါ တကယ် ဟာသ လုပ်ပစ်တာ မဟုတ်ပါဘူး "

ဘုဏ်းဇေ စိတ်ဆိုးဖို့ မပြောနှင့်။ သူ့လည်တိုင်တစ်လျှောက် တရွေ့ရွေ့ ထိတွေ့ပြေးလွှားနေသည့် နှာတံစင်းစင်းလေးအောက်မှာ အသက်ရှူနှုန်းတွေ မြန်လာ၍ ဘယ်လိုထိန်းရမှန်းပင်မသိ။ ခါးကိုဖက်ထားသည့် လက်လေးတစ်ဖက်ကို ဆွဲယူပြီး နှုတ်ခမ်းနှင့် ဖိကပ်ထားမိသည်။ သည်လက်ချောင်းလေးများကို ရူးလောက်အောင် မြတ်နိုး၏။ ရှည်သွယ်ပြီး နူးညံ့ပျော့ပျောင်းသည့် လက်ကလေးတွေ။ တစ်ခါတစ်ရံ သူ့အတွက် ကဗျာလေးတွေ ရေးစပ်ပေးတတ်ပြီး စိတ်လိုလက်ရရှိသည့်နေ့တွေဆို သူ့ပုံတူပန်းချီများကိုပါ ရေးဆွဲပေးတတ်သေးသည်။ ဘုဏ်းဇေလိုမျိုး သေနတ်တွေ ၊ ဓါးတွေကိုင်ပြီး လေ့ကျင့်နေရသည့်လက်ထက် စုတ်တံနှင့် ကလောင်တံကိုသာ ကိုင်လေ့ရှိသည့် ရှင်းသန့်ရဲ့ လက်ကလေးများက ပိုပြီးနူးညံ့နေတာအမှန်ပင်။

ထို့နောက် ရှင်းသန့်ရဲ့လက်ဖဝါးလေးကို သူ့ဝဲဘက်ရင်အုံပေါ် တင်လိုက်ပြီး ...

" ခံစားရလား ...မောင့်နှလုံးခုန်သံတွေ "

" အင်း... ငါ့အတွက်လား "

" မင်းကလွဲပြီး ဘယ်သူရှိသေးလို့လဲ "

" အဟင်း..."

Forget-Me-Nots  { Completed }Where stories live. Discover now