Ep 838-842

154 7 0
                                    

အပိုင်း(၈၃၈)

ထျန်းယွင် တိုင်းပြည်

 
မြို့ပြင် ဂိတ်တံခါးမှာ  အစောင့်နှစ်ဦးက  မလှုပ်မယှက်နဲ့ တောင်များ သဖွယ်   မြို့နံရံအနားမှာ မတ်တတ် ရပ်နေခဲ့ပါတယ်။  အဝင် အထွက် လူများရဲ့ တံဆိပ်ပြားများကို စစ်ဆေးတဲ့ အမှုထမ်း တစ်ယောက် ရှိနေပါသေးတယ်။ ဒီတံဆိပ်ပြားက ထျန်းယွင် တိုင်းပြည်အတွင်းမှာ အမျိုးမျိုးသော အဆင့်အတန်းများ ဖော်ပြလေ့ရှိသလို ရန်သူတိုင်းပြည်မှ ခိုးဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ရဲ့ကျင်းချန်းလည်း မြင်းဇက်ကြိုးကို ဆွဲကိုင်ကာ ဂိတ်တံခါး အပြင်ဘက်မှာ ရပ်နေလိုက်ပါတယ်။ အစောင့်နှစ်ဦးက ရဲ့ကျင်းချန်းကို မှတ်မိသွားလို့ ထင်ပါတယ်… ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတယ်။
“အန်… အကြီးဆုံးရဲ့သခင်လေး၊ သခင်လေးက သူ့ခွင့်ပြုချက်မရဘဲ အကြီးဆုံး သခင်လေးကို ပေးဝင်ခွင့် မပြုဖို့  အမိန့်ပေးထားပါတယ်”
ရဲ့မိသားစုဟာ ထျန်းယွင် တိုင်းပြည်မှာ နံပါတ်၁ မဟာမျိုးနွယ်ဝင်ဖြစ်နေတော့ ရဲ့ကျင်းရွှမ် ၏ စကားက အစောင့်နှစ်ဦးအတွက်တော့ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရဲ့ကျင်းရွှမ်၏ ခွင့်ပြုချက် မရှိဘဲ ရဲ့ကျင်းချန်းကို မြို့တော်ထဲ ဝင်ခွင့် မပြုရဲဘူး။
ရဲ့ကျင်းချန်း၏မျက်နှာက တဖြည်းဖြည်းချင်း သုန်မှုန်လာပြီး သွေးအေးစွာ ပြောလိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ် ငါက ရဲ့မိသားစုဝင်။ ငါ့ကို မြို့ပြင်မှာ ပိတ်လှောင် တားဆီးတာကို  ရဲ့မိသားစု သခင်က ကျေနပ်မယ်များ ထင်နေလား”
အစောင့်လည်း သရော်လိုက်တယ်။
“ခင်ဗျားကို ရဲ့မိသားစုထဲက မောင်းထုတ်လိုက်တာကို လူတိုင်းနီးပါး သိပါတယ်…ခင်ဗျားက ရဲ့မိသားစုဝင် မဟုတ်တော့ဘူး၊ မြို့တော်ထဲ ဝင်ခွင့် ပြုသင့် လား မပြုသင့်လားဆိုတာ ငါတို့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်… ငြင်းဆန်လို့လဲ ရပါတယ်”
ရဲ့ကျင်းချန်းလည်း မျက်မှောင်ကြုတ်ကာ သရော်လိုက်ပါတယ်။
“ဒါက ရဲ့မိသားစု အကြီးအကဲတွေ ဆုံးဖြတ်ထားတာ… ငါ့အဖေရဲ့ အမိန့် မဟုတ်ဘူး၊ ရဲ့မိသားစုထဲက ဖယ်ထုတ်တယ်လို့ ငါ့အဖေ အမိန့်မပေးသ၍  ငါက ရဲ့မိသားစုဝင်ပဲ”
အစောင့်က သူ့ကို မကျေလည်မှန်း သိသားလွန်းပါတယ်။ ထေ့ငေါ့သော စကားများ ပြောဖို့ ကြံရွယ်နေတုန်းမှာ  သိပ်မဝေးတဲ့ တစ်နေရာမှ မြင်းခွာသံကို ကြားလိုက်ရပါတယ်။ ချက်ချင်းပဲ အားလုံးရဲ့ အကြည့်က အသံရဲ့ဇာစ်မြစ်ပေါ် ကျရောက်သွားတော့တယ်။
ကောင်းကင်ယံမှာ မြင်းခွာသံ ဖုန်မှုန့်များ မုန်တိုင်းထန်နေတော့တယ်။
 ကျာပွတ်ကို တဖျတ်ဖျတ်လှုပ်ကာ မြင်းစီးလာတဲ့ အလွန်အမင်း ချောမောလှပသော မိန်းကလေးကို တွေ့လိုက်ရပါတယ်။ သူမရဲ့ အလှက သိမ်မွေ့တဲ့ အလှမျိုးတော့ မဟုတ်ဘူး၊ စစ်သူကြီးတစ်ဦးရဲ့ မဟာဆန်တဲ့ ပုံစံမျိုးပါ။
သူမ၏ ဝတ်စုံက ပါးလွှားတဲ့ ခရမ်းရောင် ပိုးထည် ဖြစ်နေတော့ လေမှာ တလွင့်လွင့် ဖြစ်နေပါတယ်။  မြို့ဂိတ်အနားကို ရောက်တော့ သူမလည်း အလျင်စလို မြင်းဇက်ကြိုးကို ဆွဲကာ ရပ်တန့်လိုက်ပါတယ်။။ တစ်ချိန်တည်းမှာပဲ သူမ၏ သက်တော်စောင့်များက သူမနဲ့ တပ်ကြပ်မကွာ လိုက်ပါလာပြီး ထိုက်တောင်ကဲ့သို့ သူမရဲ့ နောက်မှာ မားမားမတ်မတ် ရပ်တည်နေခဲ့ပါတယ်။
ထိုအမျိုးသမီးကို တွေ့တော့  ရဲ့ကျင်းချန်းမှာ အသက်ရှူနှုန်း ရပ်တန့် သွားရပါပြီး သူ့လက်ထဲမှ မြင်းဇက်ကြိုးကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပါတယ်။
ထျန်းယွင် တိုင်းပြည်ရဲ့ နံပါတ်၁ အလှလေး ကျန်းမုံ့ယောင်ပါ။ တော်ဝင်မြို့တော် တစ်ခုလုံးမှာ နံပါတ်၁ ပါရမီရှင်လည်း ဖြစ်နေပြန်ပါတယ်။ ပါရမီရှင်  လူငယ်လေးများ၏ ရည်ရွယ်သူလို့လဲ ပြောလို့ ရပါတယ်။ 
ဒါပေမဲ့လည်း နံပါတ်၁ အလှလေးက ရဲ့ထန်ဝမ်ကို ရွေးချယ်ခဲ့တော့ ရဲ့ကျင်းရွှမ်အတွက် ကြွားလုံးထုတ်စရာ အခြေခံ အကြောင်းအရာ ဖြစ်လာတာပေါ့။
“ရဲ့ကျင်းချန်း… ရှင် ပြန်လာရဲမယ်လို့ မထင်ခဲ့မိဘူး”
ကျန်းမုံ့ယောင်လည်း ပြုံးကာ သုန်မှိုင်သော မျက်ဝန်းများဖြင့်  ရဲ့ကျင်းချန်းတို့ ဇနီးမောင်နှံကို ကြည့်နေလိုက်ပါတယ်။
“အရင်တုန်းကလည်း ကျွန်မရဲ့ တော်ဝင်ဒေါ်လေးကို ငြင်းဆန်ပြီး ကျွင်းဖန်လျန်ကို ရွေးခယ်ခဲ့တာ နောင်တ ရမိရဲ့လား”
ကျန်းမုံ့ယောင်၏ ခပ်မာမာ အပြောကြောင့် ရဲ့ကျင်းချန်းလည်း သွေးအေးစွာ သရော်လိုက်ပါတယ်။ သူ့အသံက တုန်လှုပ်ခြင်း အလျင်မရှိဘဲ ဆုံးဖြတ်ချက် ခိုင်မာနေပါတယ်။
“ငါ့အတွက်တော့ ကျွင်းအာက ငါ့ဘဝနဲ့ ရင်းပြီး ကာကွယ်ပေးချင်တဲ့ ဇနီး၊  သူမကို ဘယ်သူမှ မယှဉ်နိုင်ဘူး”
ထျန်းယွင် တိုင်းပြည်ရဲ့ တော်ဝင်ကြင်ယာတော် ဖြစ်တော့လဲ ဘာလုပ် ရမှာလဲ။  သူက ဒီရာထူး ဂုဏ်ပုဒ်ကို တန်ဖိုး မထားပါဘူး။
သူ့နှလုံးသားကို ပိုင်ဆိုင်တဲ့ မိန်းကလေးက ကျွင်းအာ… သူ့နှလုံးသားကလဲ သူမတစ်ယောက်တည်းကိုပဲ လိုအပ်ပါတယ်။
“ကောင်းပြီလေ…အနာဂတ်မှာ ဒီစကားမျိုး ဆက်ပြောနိုင်ဖို့ မျှော်လင့်ပါတယ်”
ကျန်းမုံ့ယောင်လည်း သွေးအေးစွာ ပြုံးလိုက်ပြီး  မြို့ဂိတ် အစောင့်ဘက် လှည့်ကြည့်လိုက်ပါတယ်။
“ရှင်က တော်ဝင်မြို့တော်ကို ပြန်လာတော့လဲ ဝင်ခွင့် ပြုရတာပေါ့… မြို့တော်မှာ ဘယ်လိုမျိုး ပြဿနာ ရှာမလဲ ကြည့်ရတာပေါ့”
ဒီစကားကို ပြောပြီးနောက် ကျန်းမုံ့ယောင်လည်း သူမလက်ထဲမှာ ရှိနေတဲ့ ကျာပွတ်ကို ဝေ့ယမ်းကာ ထေ့ငေါ့သော စကားများကို ချန်လှပ်ခဲ့ပါတယ်။
“ရဲ့ကျင်းချန်း၊ ကျွင်းဖန်လျန်… ရှင်တို့တွေ ကျွန်မကို ကျေးဇူးတင်သင့်တယ်… ကျွန်မ မရှိရင် တော်ဝင်မြို့တော်ထဲ ဝင်ခွင့် ရမှာ မဟုတ်ဘူး”
 
***
အပိုင်း(၈၃၉)

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (အပိုင်း ၈၀၀ မှ ၁၀၀၀အထိ)Where stories live. Discover now