ထျန်းနင် ပြန်ပြုံးပြပြီး သူ့လက်ကို ဆုပ်ကိုင်ကာ လက်ဆွဲ နှုတ်ဆက်သည်။

"မင်းတို့တွေ လူချင်းဆုံဖူးပြီ ထင်တယ်"
ဝေအန်က နားနေခန်းထဲ ရုတ်တရက် ဝင်လာပြီး သူတို့ကို ပြုံးပြသည်။
"စင်ပေါ်တက် ရတော့မယ်။ သတင်းထောက်တွေက ဖြေရခက်တဲ့ မေးခွန်းတွေ မေးလာနိုင်လို့ မင်းတို့တွေ သင့်သလို ပြန်ဖြေကြပါ"

"စိတ်မပူပါနဲ့ ဒါရိုက်တာဝေ"
ဂူရှန်က ဒါရိုက်တာဝေကို ခေါင်းညိတ်ပြသည်။

"ဒါနဲ့ ထျန်းနင်၊ မို့သူဌေး ဒီပွဲကို မလာဘူးလား"
မို့ထင်က ထျန်းနင်၏မန်နေဂျာ ဖြစ်သည့် သတင်းကို ဝေအန်ကြားထားသည်။ တကယ်တမ်း သူမက မို့ထင် စီစဉ်ပေးသည့် တစ်ဦးတည်းသော အနုပညာရှင် ဖြစ်သည်။ သို့သော်လည်း မို့ထင်ကို သူမ၏ လူရွေးပွဲ နှင့် သူမ၏ ရုပ်ရှင်ပွဲတွင် မမြင်တွေ့ရပေ။

"သူ မကြာခင် ရောက်လာမှာပါ"
ထျန်းနင် ပြန်ဖြေသည်။

ဂူရှန် နှင့် ပိုင်ချိုးရှန့်က စကားတစ်ခွန်းမျှ မဆိုဘဲ အကြည့်ချင်း ဖလှယ်သည်။ မို့ထင်၏အမည်ကိုကြားရ၍ ထျန်းနင်ကို စက်ဆုပ်သော ခံစားချက်များ ပို၍ တိုးလာသည်။ သို့သော်လည်း သူတို့ခံစားချက် အစစ်အမှန်ကို ကောင်းကောင်း ဖုံးကွယ်ထားပြီး မပေါ်လွင်စေပေ။

ခဏကြာပြီးနောက် သတင်းစာ ရှင်းလင်းပွဲ စတင်သည်။ ဂူရှန်က ဇာတ်ရံဖြစ်သောကြောင့် စင်ပေါ် ပထမဆုံး တက်သွားသည်။

သူမ၏ချစ်သူက ထျန်းနင်နှင့်အတူတူ စင်ပေါ် တက်ရမည့် အကြောင်း တွေးမိ၍ ဂူရှန် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။ သို့သော်လည်း ယခုအချိန်တွင် သည်းခံခြင်းက သူမအတွက် အကောင်းဆုံး ဖြစ်သည်။

သိပ်မကြာလိုက် အဓိကဇာတ်ဆောင်များ စင်ပေါ် တက်လာခဲ့သည်။ ထျန်းနင် နှင့် ပိုင်ချိုးရှန့်က ပရိသတ်ထုကြီးကို နွေးနွေးထွေးထွေး ဂါရဝပြုလိုက်သည်။

"ဟား ဟား မို့သူဌေး ဒီမှာ မရှိဘူးဆိုတော့ အဓိကဇာတ်ဆောင် နှစ်ယောက်ကို အရမ်းလိုက်ဖက်တယ်လို့ ပြောလို့ ရတယ်မလား"
အစီအစဉ်မှူးက အရဲတင့်စွာ စနောက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now