Ep 343+344+345

103 8 0
                                    

အပိုင်း(၃၄၃)

 
ယွီဖန်၏မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် မို့ထင် နှင့် ထျန်းနင်က ဖျော်ဖြေရေးလောက၏ သတင်းခေါင်းစီးပိုင်းတွင် ပါဝင်ခဲ့သည်။
 
 
လူကြိုက်အများဆုံး အာရှမော်ဒယ် အဆင့်သတ်မှတ်ချက် စာရင်းတွင် ထျန်းနင်က နံပါတ်၁ နေရာကို အရယူနိုင်ခဲ့ပြီး ဒုတိယအဆင့် ရသည့် မော်ဒယ်ထက် မဲအရေအတွက် နှစ်ဆ များခဲ့သည်။
 
 
ထျန်းနင်၏ဓာတ်ပုံက နိုင်ငံတကာ သတင်းများတွင် ဖော်ပြခံရသည်။ ကျော်ကြားနေသော မော်ဒယ်၏ မျက်နှာကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်မှ ဆောင်းဦးဖက်ရှင်ပွဲတော်တွင် မပါဝင်ခဲ့သည့် မော်ဒယ် ဖြစ်နေသည်။
 
 
"ထျန်းနင်သာ တကယ်ရုပ်ရှင် သွားရိုက်ရဲရင်တော့ သူ့လက်ရှိ တိုးတက်မှု အခြေအနေကို စွန့်လွှတ်ရဲတဲ့ သတ္တိရှိသားပဲ"
 
 
" အနုပညာရှင်ရဲ့တန်ဖိုးကို အခုလက်ရှိ မြင်နေရတဲ့ အခြေအနေလောက်နဲ့ မကန့်သတ်သင့်ဘူး ထင်တယ်။ ထျန်းနင်ကလည်း သူ့ရပ်တည်မှုကို ကောင်းကောင်း နားလည်သဘောပေါက်လို့ သူ့ဘဝအတွက် စိန်ခေါ်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တာ ဖြစ်မယ်"
 
 
ထျန်းနင်က မော်ဒယ်လောကနှင့် ကိုးနှစ်ကျော် ဝေးကွာခဲ့သော်လည်း လေးလတာ အချိန်ကာလဖြင့် မော်ဒယ်လောက၏ ထိပ်တန်းကို ပြန်ရောက်ခဲ့သည်။ နိုင်ငံတကာ တန်းဝင် မော်ဒယ် ဖြစ်ခါနီး အချိန်ကာလတွင်လည်း လူတိုင်း မှင်တက်စေသော လမ်းကို ရွေးချယ်သွားခဲ့သည်။
 
 
သူမ ရွေးချယ်ခဲ့သော လမ်းက ဘေးလူအတွက် စိတ်လှုပ်ရှားဖွယ် အတိ ဖြစ်နေသည်။
 
 
...
 
 
ထျန်းနင်က သူမ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများကို ကြိုးစားပမ်းစား ရိုက်ကူးနေသည်။
 
 
မို့ထင်က ထျန်းနင်ကို ရိုက်ကွင်းအပြင်ဘက်မှာ ကားဖြင့် စောင့်မျှော်နေသည်။
 
 
ထျန်းနင်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး မိတ်ကပ်ဖျက်ကာ ကားပါကင်ရှိရာသို့ လမ်းလျှောက်ထွက်လာသည်။
 
 
"မိုးလင်းခါနီးပြီပဲ။ ဘာလို့ ရိုက်ကွင်းကို ရောက်လာတာလဲ"
 
 
"ချစ်လေးအတွက် ဂုဏ်ပြုပွဲလေး လုပ်ပေးချင်လို့ပါ"
 
မို့ထင်က ထျန်းနင်ကို အဝတ်အစားလဲရန် ဟန်အမူအရာပြသည်။
 
"ဘာလို့လဲ"
 
ထျန်းနင်က မို့ထင်ကို နားလည်ရခက်စွာ ငေးစိုက်ကြည့်သည်။ ယနေ့က သူမ၏မွေးနေ့ မဟုတ်သကဲ့သို့ မို့ထင်၏ မွေးနေ့လည်း မဟုတ်ခဲ့ပေ။ မည်သည့်အတွက်ကြောင့် ဂုဏ်ပြုပွဲ လုပ်မည်နည်း။
 
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးနေသည်။ ထျန်းနင် အဝတ်အစား လဲပြီးနောက် ကားစက်နှိုးကာ စတူဒီယိုမှ ထွက်ခွာလာခဲ့သည်။
 
 
"ညပိုင်းအချိန်ဆိုတော့ စားသောက်ဆိုင်တွေ အားလုံး ပိတ်နေပြီလေ"
 
 
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ အိမ်သို့သာ တန်းတန်းမတ်မတ် မောင်းနှင်လာသည်။
 
 
ထျန်းနင် အိမ်ရှေ့တံခါးမကြီးကို မဖြတ်ကျော်ခင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ၏ခင်ပွန်းသည်က သာမန်ထက် ထူးခြားသော အခြေအနေလေးကို ဖန်တီးထားမည်ကို စိုးထိတ်နေမိသည်။
 
 
သို့သော်လည်း အခန်းတံခါးကို ဖွင့်ဖွင့်ချင်း ဧည့်ခန်းလေးထဲ ဖယောင်းတိုင် မီးညှိထားသော မြင်ကွင်းလေးကိုသာ မြင်တွေ့ရသည်။ သူမ စိတ်လက်အေးချမ်းသွား၍ ပြုံးခဲ့သည်။
 
"ယောက်ျားက ချစ်လေးကို အရမ်းခြောက်လန့်တာပဲ"
 
"ချစ်လေးကို လက်ဆောင်ပေးဖို့ ရှိတယ်"
 
 
မို့ထင်က ထျန်းနင်၏လက်ကို ဆွဲကာ ထိုင်ခုံတစ်ခု ရှိရာသို့ ဦးဆောင်ခေါ်သွားသည်။ ထို့နောက် သူမ၏လက်ထဲ အဖြူရောင် လက်ဆောင်ဘူးလေး တင်ပေးသည်။
 
 
ထျန်းနင်က အလှဆင်ထားသော ဖဲပြားလေးကို ဖယ်ရှားလိုက်ပြီး စနစ်တကျ ပြင်ဆင်ထားသော လက်ဆောင်ဘူးလေးကို ဖွင့်လိုက်သည်။ သေတ္တာဘူးလေးအတွင်းမှာ အဖြူရောင် စာအုပ်လေးကို မြင်တွေ့ရသည်။ သူမရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကား၏ဝတ္ထုစာအုပ် ဖြစ်သည်။
 
 
"စာအုပ်ကို အပြီးသတ်ပြီပေါ့ ဟုတ်လား"
 
ထျန်းနင်က လက်ဆောင်ဘူးလေးထဲမှ စာအုပ်ကို ရင်တထိတ်ထိတ်ဖြင့် ကောက်ယူလိုက်ပြီး ထုပ်ပိုးထားသော အကာအရံများကို စုတ်ဖြဲပစ်သည်။
 
"ဒါက မင်္ဂလာချစ်သက်လက်ဆောင်နော်"
 
မို့ထင်က လေးလေးနက်နက် ပြန်ဖြေသည်။
" ချစ်လေး လက်ထဲမှာ ရှိတဲ့ စာအုပ်က ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်လေးနော်"
 
"ဒါဆိုရင် ဘယ်အချိန် ထုတ်ရောင်းမှာလဲ"
 
 
"အောက်ဘက်နားလေးကို တစ်ချက်ကြည့်ပါဦး"
 
မို့ထင် ညွှန်ကြားသည်။
 
"ချစ်လေး သတိမထားမိဘူးလား"
 
 
မို့ထင်က ပတ်ဝန်းကျင်ကို မျက်စပစ်ပြသည်။
 
 
ထျန်းနင်က မို့ထင်၏အကြည့်နောက်ကို လိုက်ကြည့်မှ သူတို့အိမ်မှာ ရှိနေသည့် ပရိဘောဂ ပစ္စည်းအားလုံး ပြောင်းလဲနေသည်ကို သတိထားမိသည်။
 
 
အိမ်ထဲ ရှိရှိသမျှ ပစ္စည်းတိုင်းက ဒီဇိုင်းတူသော စုံတွဲ ပစ္စည်များဖြစ်နေပြီး ပစ္စည်းတိုင်းမှာ သူတို့နာမည်ကို အက္ခရာထွင်းထားသည်။
 
 
 
"ကိုယ်တို့ လက်ထပ်ထားတာ ကြေညာတော့မယ်ဆိုတော့ ခန်းဝင်ပစ္စည်းတွေ အားလုံးကလည်း အသစ်စက်စက် ဖြစ်ရမယ်လေ"
 
 
 
မို့ထင်က ထျန်းနင်ကို နောက်မှ သိုင်းဖက်ကာ
 
"ဩဂုတ်လ ၁၉ရက် ရောက်တိုင် ကိုယ်တို့ အချစ်စံအိမ်လေးကို ကြင်စဦးဇနီးမောင်နှံပိုင်ဆိုင်တဲ့ အချစ်အိမ်လေးလို အလှဆင်ကြမယ်။ လက်ထပ်ခါစ ဇနီးမောင်နှံလို ဟန်ဆောင်ကြတာပေါ့"
 
ထျန်းနင်က ခံစားချက်ကို ထိန်းချုပ်ပြီး ဆို့နင့်နေသော လေသံဖြင့်
 
"ဒါတွေအားလုံး ပြင်ဆင်ဖို့ အချိန်ဘယ်လောက် ကြာသွားလဲ"
 
"ကိုယ်တို့လက်ထပ်ထားတာကို တရားဝင်ထုတ်ပြောဖို့ ချစ်လေး အကြံပေးခဲ့တဲ့နေ့တည်းကလေ"
 
 
မို့ထင်က ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်စေသည်။ ထျန်းနင်၏မျက်နှာပေါ်မှ မျက်ရည်စက်များကို သုတ်ပေးပြီး စကားဆက်ပြောသည်။
 
"ချစ်လေးအခုရိုက်ကူးနေတဲ့ Stupidရုပ်ရှင်ကို လက်ဆောင်ပေးရုံနဲ့ လုံလောက်ပါ့မလား။ ချစ်လေးနဲ့ မျှဝေခံစားချင်တဲ့ တချို့အရာတွေ ရှိတယ်လေ။ ဒါကမှ ကိုယ် ပေးချင်တဲ့ တကယ့်လက်ဆောင်လေ"
 
"ကိုယ်တို့တွေ အလောတကြီး လက်ထပ်ခဲ့ရပေမဲ့ ချစ်လေးကို အလိုလိုက်ခံရတဲ့ ခံစားချက်ရော တန်ဖိုးထားခံရတဲ့ ခံစားချက်ရော ပိုင်ဆိုင်စေချင်တယ်"
 
 
ထျန်းနင်က မို့ထင်၏လည်တိုင်ကို လှမ်းချိတ်ပြီး အတားအဆီး ကင်းမဲ့စွာ မျက်ရည်ကျလာသည်။
 
 
"ချစ်လေးကို အရမ်းကြီး မကောင်းပေးပါနဲ့လား"
 
 
မို့ထင်က ထျန်းနင်ကို ပွေ့ချီလိုက်ပြီး အနီရောင် မင်္ဂလာအိပ်ရာပေါ် တင်ပေးသည်။ ထို့နောက် သူမကို ချိုသာစွာ စကားပြောလေ၏။
 
"ကိုယ့်အတွက်နဲ့ ချစ်လေးရဲ့ အလုပ်နဲ့ ဝါသနာကို  စွန့်လွှတ်ရဲတာပဲ ကိုယ်က ချစ်လေးကို အစွမ်းကုန် အလိုလိုက်ပေးရမှာပေါ့ မဟုတ်ဘူးလား"
 
"ယောက်ျားက ချစ်လေးကို ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံနေရင် ချစ်လေး ပြန်ပေးဆပ်နိုင်တာဆိုလို ချစ်လေးရဲ့ အသက်နဲ့ခန္ဓာပဲ ကျန်တော့တယ်"
 
ထျန်းနင် ဗလုံးဗထွေး ပြောဆိုသည်။
 
မို့ထင်က ထျန်းနင်ကို သူ့ခန္ဓာကိုယ်အောက်မှာ ဖိထားပြီး အက်ကွဲနေသော လေသံဖြင့်
 
"ချစ်လေး၊ ကိုယ်ဝန်မရနိုင်တဲ့ လုံခြုံဲတဲ့ အချိန်ကာလလေးကို ပိုင်ဆိုင်နေတုန်းလား"
 
"ဒါပေါ့"
 
ထျန်းနင်က အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ ပြန်ဖြေသည်။
 
...
 
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
 
မို့ထင်က အွန်လိုင်းမှ တဆင့် အစည်းအဝေး တက်ပြီးနောက် သူ့ရုံးခန်းကို ပြန်သွားခဲ့သည်။ ထိုစဉ် လုချယ်က အချက်အလက် ဖိုင်ကို ကိုင်ဆောင်ကာ အလောတကြီး လမ်းလျှောက်လာသော မြင်ကွင်းကို မြင်တွေ့ရသည်။ လုချယ်က သူ့လက်ထဲမှ အချက်အလက်များကို လုချယ်လက်ထဲ ချက်ချင်း လွှဲပြောင်းပေးသည်။
 
 
"Wind Studio နဲ့ Bluestone Studio အကျိုးတူ ပူးပေါင်းပြီး ရိုက်ကူးဖို့ ကြံရွယ်ထားတဲ့ အွန်လိုင်းဇာတ်လမ်းတွဲပါ။ ဇာတ်ကား နာမည်က 'Stardom'ပါ။ သူတို့ရဲ့ဇာတ်ညွှန်း မိတ္ထူကို ခိုးကြည့်ထားတာ သူ့ဇာတ်လမ်းက ' Stupid'ဇာတ်လမ်းနဲ့ ၇၀ရာခိုင်နှုန်း တူနေတယ်"
 
 
 
"ပရိသတ်တွေရဲ့ လိုအင်ကို ဖြည့်ဆည်းပေးဖို့ သူတို့က ရိုက်ကူးပြီးသမျှ အပိုင်းတွေကို ပြသပြီး အဓိကဇာတ်ဆောင် မင်းသားရဲ့ အချစ်ဇာတ်လမ်းကိုလည်း ထပ်တိုး ရိုက်ကူး ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ လိင်တူကြိုက်တဲ့ ဇာတ်ကို တမင်တကာ ထည့်ရိုက်တဲ့ အကြောင်းအရင်းကို ငွေမြန်မြန်ရမှန်း သိလို့လေ"
 
 
 
"သူတို့တွေက အသက်ရှုချောင်အောင် ကြံရွယ်နေသလားပဲ"
 
လုချယ် ပြောဆိုသည်။
 
မို့ထင်က လုချယ်စုဆောင်းထားသော အချက်အလက်များကို ဘေးချထားလိုက်သည်။ ယခုလို ပြဿနာရပ်မျိုးကြောင့် သူ့ခွန်အားကို အများကြီး မကုန်ဆုံးစေချင်ပေ။
 
"မနက်ဖြန်မနက်ကစပြီးတော့ ဒီ'Stardom'အကြောင်း ထပ်မကြားချင်တော့ဘူး"
 
"ကျွန်တော် နားလည်ပါပြီ သူဌေး"
 
လုချယ်က လေးစားသော အမူအရာဖြင့် ပြန်ဖြေသည်။
 
ရိုက်ကွင်း ရောက်နေသော ထျန်းနင်က ဒါရိုက်တာ Coqueကြောင့် သူမရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကား ခိုးကူးခံရကြောင်း သိခဲ့သည်။ သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပြဿနာ ဖြေရှင်းသော နည်းလမ်းဖြင့် ပြိုင်ဘက်Stardom ရုပ်ရှင် အလျင်အမြန် ပျောက်ကွယ်သွားမည်မှန်း သိပါသည်။
 
 
ဤတစ်ကြိမ်တွင် ပြဿနာကို အချိန်မီ ဟန့်တားနိုင်ခဲ့သော်လည်း နောက်နောင် ဖြေရှင်းနိုင်မည်နည်း။  ဤဖြစ်ရပ်က မင်းသမီးယွဲ့ရှမ်ရှမ် ချန်ရစ်ခဲ့သော ဇာတ်ရှုပ်များသာ ဖြစ်လေ၏။
 
 
"ဟေ့ ထျန်းနင်ရေ 'Stupid'ဇာတ်ကားရဲ့ စာအုပ်ထွက်ပြီလား"
 
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ဝင်က ထျန်းနင်လက်ထဲမှ စာအုပ်ကို မြင်တွေ့လိုက်၍ စပ်စုကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
 
ထျန်းနင် ခေါင်းညိတ်သည်။
 
"ဖတ်ကြည့်ချင်လို့လား"
 
"မဖတ်တော့ပါဘူး။ ဘယ်မှာ ဝယ်ဖတ်လို့ရလည်း ပြောပေးပါ"
 
 
"ရှောင်ယွီ။ ငါ့ကောင်းကြောင်းကို ကောင်းကောင်း ရေးပေးနိုင်တဲ့ အွန်လိုင်း ဆယ်လီကို ရှာပေးနိုင်မလား"
 
ထျန်းနင် ရုတ်တရက် မေးမြန်းသည်။
 
'Stupid'ရုပ်ရှင်၏ ဝတ္ထုကို လက်ဝယ်ပိုင်ဆိုင်ထားသော်လည်း စာအုပ်ကို ဈေးကွက်ထဲ တရားဝင်ချပြရန် အနည်းဆုံး နှစ်ပတ်ခန့် ထပ်ကြာဦးမည်။ တခြားသော ပြဿနာရပ်များ ပေါ်ထွက်ခြင်းကို တားဆီးရန် ထျန်းနင် အတွေး ပေါ်လာသည်။
 
 
***
 
အပိုင်း(၃၄၄)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now