ထျန်းကျင်းရွှမ် အံ့ဩနေသည်။ သူက ရှားကျင်းရီ၏ နူးညံ့သော မျက်နှာကို ငေးစိုက်ကြည့်ကာ ခေါင်းညိတ်ပြသည်။
"မင်း ဘယ်လို သိသွားတာလဲ"

"Devil Shooterရုပ်ရှင် ထုတ်လုပ်သူက ရှင် နဲ့ ကျွန်မ အလုပ်တွဲလုပ်ဖူးတာ သိထားတော့ ကျွန်မ မောင်လေးကို ဖမ်းထားပြီး ရှင်စီကနေ ထျန်းနင် သတင်းကို စုံစမ်းပေးဖို့ ခြိမ်းခြောက်တယ်"
ရှားကျင်းရီက စိုးရိမ်တကြီး ရှင်းပြသည်။

လေညှင်းလေးက သူ့ဆံနွယ်လေးများ လှုပ်ခတ်သွားစေပြီး ဖြူစင်ရိုးသားသော မျက်နှာလေးကို ပို၍ ပေါ်လွင်စေသည်။

"အဲလိုလုပ်ရပ်မျိုး ကျွန်မ မလုပ်ချင်ဘူး။ တခြားသူ ဖိအားပေးတာကို မခံချင်ဘူး။ ဒါကြောင့် ကျွန်မရဲ့မောင်လေးကို ကယ်တင်ပေးလို့ ရတဲ့ နည်းလမ်း ကူညီစဉ်းစားပေးပါဦးလား"

ထျန်းကျင်းရွှမ်က ရှားကျင်းရီကို ကြည့်သည်။ သူမက အလွယ်တကူ အရှုံးပေးပြီး စေခိုင်းသည့်အတိုင်း လုပ်ဆောင် နိုင်သော်လည်း ရိုးသားဖြူစင်သော နည်းလမ်းကို ရွေးချယ်ခဲ့သည်။

"အားနာမိပါတယ်။ ငါတို့မိသားစုနဲ့ မသက်ဆိုင်တဲ့ တခြားသူက ငါတို့ကြောင့် အန္တရာယ်ထဲ ကျမယ်လို့ တွေးတောင် မတွေးခဲ့မိဘူး"

"ရှင်လည်း အဲဒီလို မဖြစ်စေချင်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခုက အရေးပေါ် အခြေအနေ ဖြစ်နေပြီ။ ကျွန်မ မောင်လေးကို ကယ်ပေးဖို့ လိုအပ်တယ်။ သူက အခုမှ အသက်၁၇နှစ်ပဲ ရှိသေးတယ်"

"မင်းမောင်လေးက သူ့လက်ထဲမှာ ဆိုရင်တော့ မင်းရဲ့မိသားစုဝင်အားလုံး စောင့်ကြည့်ခံရနိုင်တယ်"
ထျန်းကျင်းရွှမ်က အခြေအနေကို သုံးသပ်သည်။
"ဒီလိုဆိုရင် မင်းရဲ့မောင်လေးကို ကယ်တင်ပြီးရင်တောင် မင်းအမေရော မင်းအဖေရော အန္တရာယ် ရှိနေသေးတယ်။ မို့သူဌေးကို ဒီအကြောင်း ပြောသင့်တယ်"

"သူက ကျွန်မ မောင်လေးကို ကယ်ပေးချင်ပါ့မလား"

"မင်း စိုးရိမ်ဖို့ မလိုအပ်ဘူး။ ဒီပြဿနာက ငါ့အစ်မနဲ့ ပတ်သက်နေရင် သူက မသိကျိုးကျွံပြုပြီး ဘေးထိုင်နေမှာ မဟုတ်ဘူး"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now