အပိုင်း ၁၈ [Uni + Zaw]

355 29 0
                                    

(Unicode)

အဓိကမင်းသားကို ငါမလိုဘူး။

အပိုင်း ၁၈

Author – 라닐슨생

Translator _ Galene

*********


ဧကရီဘုရင်မရဲ့ မွေးနေ့ပွဲ ရောက်ဖို့ ဆယ်ရက်လောက်ပဲ လိုတော့တယ်။ ဒီကမ္ဘာမှာ နေထိုင်ဖို့ သိသင့်သိထိုက်တဲ့ အထွေထွေဗဟုသုတအချို့ သိအောင် စာအုပ်တွေဖတ်ရင်း အချိန်ဖြုန်းဖို့ ငါ ဆုံးဖြတ်လိုက်တယ်။

ဒါ့ကြောင့် ငါ သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ၊ အထက်တန်းလွှာမိသားစုတွေရဲ့ မျိုးရိုးစဉ်ဆက်အကျဉ်းတွေ၊ လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့ အမူအကျင့်တွေရယ် စာရွက်တစ်ရွက်၊နှစ်ရွက်လောက်နဲ့ နားမလည်နိုင်တဲ့ မှော်ပညာအကြောင်းတွေကို လေ့လာဖြစ်သွားတယ်။

ပြီးတော့ လိုလိုမယ်မယ် နာမည်ကြီးစာရေးဆရာရဲ့ အချစ်ဝတ္ထုတွေကိုလည်း ငါ ယူလာခဲ့သေးတယ်။

စာဖတ်ရုံနဲ့တင် မလုံလောက်ဘူးဆိုတာ ငါသိတယ်။

ဒါပေမဲ့လည်း လုံးလုံးလျားလျား ဘာမှမပြင်ဆင်ဘဲ ကပွဲကို သွားတာထက်တော့ ပိုကောင်းတာပေါ့။ ငါ နောက်ဆုံးစာအုပ်ကို ဆွဲယူလိုက်ရင်း ဖတ်ဖို့ ဖွင့်လိုက်တယ်။

"ဒါက ဘာလဲ"

တော်တော်ထူပြီး စိတ်ဝင်စားဖို့ မကောင်းတဲ့ စာအုပ်ပဲ။ ဒါကို ငါလည်း မငှားလာပါဘူး။ မှားပါလာတာ များလား။

ငါ ဖွင့်ကြည့်လိုက်တော့ အင်ပါယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေနဲ့ အမွေဆက်ခံမှုနဲ့ဆိုင်တဲ့ အကြောင်းတွေကို တွေ့ရတယ်။

အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ရာထူးနဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုက မကြာခဏ ဖြစ်လေ့ရှိတာပဲ။ ဒါ့ကြောင့်လည်း အချက်အလက်တွေကို သက်သက်စီ စုထားတာထင်တယ်။

မှော်မီးအိမ်ကို ငါမီးထွန်းလိုက်တယ်။ ညသန်းခေါင်တောင် ကျော်သွားပြီ။ ဒီအိမ်ကြီးမှာ နှစ်ခုပဲရှိတဲ့ မှော်မီးအိမ်က တော်တော်အသုံးဝင်တယ်။

"ရာထူးဆက်ခံမှုကို ဇနီးမယား၊ သားသမီး၊ မြေး၊ သမက်/ချွေးမ ဟူသည့် အစဉ်အလိုက် ခွဲဝေဆုံးဖြတ်နိုင်သည်။ သေတမ်းစာမရှိဘဲ သေဆုံးခဲ့လျှင် အထက်ပါ ရာထူးအဆင့်များအတိုင်း ဘွဲ့ရာထူးကို ဆက်ခံရသည်။ ဘွဲ့ဂုဏ်ထူးများစွာဖြစ်လျှင် အမြင့်ဆုံး အဆင့်မှစကာ ရာထူးကို ဆက်ခံကြသည်။"

ရှုပ်ထွေးတဲ့ စာကြောင်းတွေက ငါ့ကို အိပ်ချင်မူးတူး ဖြစ်လာစေတဲ့အပြင် ခေါင်းလည်း ကိုက်လာရတာကြောင့် စာကြောင်းကို အသံထွက်ဖတ်လိုက်တယ်။

ငါ့မျက်လုံးတွေက ပြူးကျယ်သွားပြီး အဲ့ဒီစာကြောင်းကိုပဲ ငါအထပ်ထပ်အခါခါ ဖတ်မိတယ်။ ဇနီးမယား၊ သားသမီး၊ မြေး၊ သမက်/ချွေးမ...

ကလစ်ဖို့ဒ်မြို့စားရဲ့ကတော်က ဆုံးပါးသွားခဲ့ပြီ။ လက်ရှိကျန်ရစ်တဲ့လူတွေက လက်ရှိမြို့စားကြီးဖြစ်တဲ့ သူ့ယောကျ်ားရယ်၊ သူ့သား ရူးဘတ်နဲ့ ရူးဘတ်ရဲ့ဇနီး ဖြစ်တဲ့ အဲရင်ပဲ။

ဒါပေမဲ့ မြို့စားကြီးက သေတမ်းစာမရေးရသေးဘူး။ ရူးဘတ်က မြို့စားကြီးရဲ့ တစ်ဦးတည်းသော သားဖြစ်လို့ အမွေဆက်ခံသူအဖြစ် သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ရူးဘတ်က အဲရင်လိုပဲ မြို့စားကြီးထက် အဆင့်နိမ့်တဲ့ မြို့စားအဆင့်ရှိတာ။

အဲရင်ကရော ဒီအတွေးတွေးခဲ့မိလား ငါ သိချင်လာတယ်။

ဝတ္ထုထဲမှာ အဲရင် ရူးဘတ်ကို လက်ထပ်ရတဲ့ အကြောင်းရင်းက ပိုက်ဆံကြောင့်ပဲ။ ဒါပေမဲ့ အကြောင်းရင်းက ပိုက်ဆံတစ်ခုတည်းကြောင့်ဆိုရင် ရူးဘတ်ကိုပဲ လက်ထပ်စရာမလိုဘူး။

အဲရင်ကိုယ်တိုင်ကလည်း မြို့စားအဆင့်ဆိုတော့ ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ကို လက်ထပ်လိုက်လို့ရတယ်။

ဝတ္ထုထဲမှာတော့ အဲရင်က ရူးဘတ်ကို ရွေးတာ သူ့အပေါ် ခံစားချက်တွေကြောင့်လို့တော့ ရေးထားတာပဲ။ ဒါပေမဲ့ အဲရင်ရဲ့ စိတ်နဲ့ဆိုရင် မြို့စားကြီး ရာထူးကလည်း ရူးဘတ်ကို ရွေးရတဲ့ အကြောင်းတွေထဲက တစ်ခု ဖြစ်လောက်တယ်။

"မဟုတ်သေးပါဘူး။ ငါ အတွေးလွန်နေတာပဲ ဖြစ်မယ်"

မြို့စားကြီးနဲ့ ရူးဘတ်ရဲ့ ဆက်ဆံရေးက အေးစက် နေပေမဲ့ အဲရင်နဲ့ကတော့ မဆိုးဘူး။

ဝတ္ထုထဲမှာ အဲရင်မသေခင် မြို့စားကြီးက အရင် ဆုံးသွားခဲ့တယ်။ ဒါ့ကြောင့် ရူးဘတ်က မြို့စားကြီးဖြစ်လာတယ်။ ပြီးတော့ သိပ်မကြာခင် ခိုးလီက အဲရင်အစား မြို့စားကြီးကတော် ဖြစ်လာတာပဲ။ ရူးဘတ်က တစ်နှစ်စာချုပ် မပြည့်ခင် သူနဲ့ကွာခဲ့တယ်။

ဒါဆိုရင် မြို့စားကြီးရဲ့ ကျန်တဲ့ အချိန်က သိပ်မရှိလောက်တော့ဘူး။ အဲ့ဒီမတိုင်ခင် ငါ သူနဲ့ တစ်ခေါက်တော့ သွားတွေ့ရမယ်။

ငါ အတွေးတွေထဲ နစ်မြုပ်နေမိသွားတာကြောင့် ငါ့ခေါင်းက ထိုးကိုက်လာတယ်။ နားထင်ကို နှိပ်နယ်လိုက်ရင်း စာကြည့်ခန်းထဲက ထွက်ပြီး အိပ်ခန်းကို ပြန်လိုက်တော့တယ်။

ကပွဲရောက်ဖို့ နှစ်ရက်ပဲ လိုတော့တယ်။

ကပွဲရဲ့မနက်ခင်းမှာ ရာသီဥတုက ကြည်လင်နေတယ်။ ပါတီပွဲက နေဝင်ချိန်မှာစပြီး နောက်နေ့ မိုးလင်းတဲ့ အချိန်အထိ ကျင်းပကြလိမ့်မယ်။

ပင်မအိမ်တော်ရဲ့ ငါ့အိပ်ခန်းပြတင်းပေါက်နားက စားပွဲခုံတစ်ခုမှာ ငါ ဝင်ထိုင်လိုက်တယ်။ အိမ်စေတွေ ဝင်ထွက်သွားလာနေကြတာကို ငါ ကြည့်ရင်းနဲ့ လက်ဖက်ရည်တစ်ခွက် ထိုင်သောက်ဖြစ်တယ်။

သူတို့ ဘာတွေသယ်နေကြတာလဲ မသိဘူး။ အိမ်တော်လေးထဲက ခိုးလီက ပစ္စည်းတော်တော်များများ မှာထားလို့ထင်တယ်။

ငါ့နားမှာရှိနေတဲ့ ဂျန်နီက မော့ကြည့်ရင်း ဆိုတယ်။

"...အများကြီးပဲ။ ဖိတ်စာက အစတည်းက မဒမ်အတွက်ဟာကို။ သူက ကြားထဲက လုလည်း လုလိုက်သေးတယ်။ နည်းနည်းပါးပါးတော့ သိတတ်သင့်တယ် မဟုတ်ဘူးလား။"

"မစ္စခိုးလီက ပါတီပွဲကို ပထမဆုံးတက်ရတာဆိုတော့ စိတ်လှုပ်ရှားနေလို့ နေမှာပါ"

"အာ ဟုတ်မယ်ထင်တယ်"

ဂျန်နီက ငါ့ရဲ့ တည်ငြိမ်နေတဲ့ ပုံစံကို မြင်တော့ ပြုံးရင်း ပြတင်းပေါက်ကနေ ငုံ့ကြည့်တယ်။

ငါ အဖိတ်ခံရတယ်ဆိုတာ ဂျန်နီကိုတောင် မပြောရသေးဘူး။ သေချာတွေးကြည့်မှ ဂျန်နီတင် မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ မပြောရသေးတာပဲ။

ဒီအတွေးကြောင့် ငါ ခွက်ကို ချလိုက်မိတယ်။ ငါ အရှင့်သားကိုတောင် သေချာမပြောရသေးဘူး။ ဒါပေမဲ့ သူက ငါ့ကိုပါတနာလုပ်ဖို့တောင် မေးပြီးပြီဆိုတော့ ငါ လာမယ်ဆိုတာ သူက သိပြီးလောက်ပြီ။

သူက ဖိတ်စာပို့လိုက်တာလား။ ဒါဆိုရင် မဒမ်ပလာဒါရဲ့ လုပ်ငန်းကတ်ကရော။

ဒါပေမဲ့ တစ်ဖက်ကတွေးရင်လည်း သူက အိမ်ရှေ့စံဆိုတော့ သေချာပေါက် သိမှာပဲ။ ဖိတ်စာတွေကို ကြည့်ရင် ငါ ဖိတ်ခံရလား၊ မဖိတ်ခံရဘူးလား ဆိုတာ ခန့်မှန်းမိမှာ။

ဂျန်နီကို ပြန်သွားခိုင်းလိုက်ပြီး ငါ စိတ်ငြိမ်ငြိမ်ထားရင်း အကစာအုပ်ကို ဖွင့်လိုက်တယ်။ ငါ စာဖတ်ရင်း စိတ်ထဲမှာ မြင်ယောင်ကြည့်ပေမဲ့ အပြင်မှာ တကယ်ကတတ်ပါ့မလား။

စာအုပ်ကို ကိုင်ရင်းနဲ့ ပုံမှာပြထားတဲ့ ကိုယ်ဟန်အတိုင်း လိုက်လှုပ်ရှားကြည့်မိတယ်။ ကံကောင်းတာက အဲရင်ရဲ့ကိုယ်က မှတ်မိနေတယ်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသလို ငါ့ခြေလှမ်းတွေက ကခုန်လှုပ်ရှားတယ်။

အဲ့ဒီတော့မှ ငါ သက်ပြင်းချရင်း စာအုပ်ကို ချမိတယ်။

"ဟမ်၊ ငါ ပြင်ဆင်ဖို့ အချိန်ယူရဦးမယ်"

မြန်မြန်ပြင်ဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ ငါ ရူးဘတ်ကို မပြောပြထားဘူး။ သွားတော့မှ သူနဲ့ တိုးလိမ့်မယ်။ သူ့ရဲ့ အံ့ဩတကြီးမျက်နှာကို ငါ မြင်ရမယ့် အချိန်ကို တွေးကြည့်ရင်း ငါ့မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်လာတယ်။

ရူးဘတ်နဲ့ ခိုးလီရဲ့ ရထားလုံးက ထွက်သွားတော့မှ ငါအပြင်ကို ထွက်မိတယ်။ ဖြတ်သွားဖြတ်လာတွေရဲ့ မျက်လုံးတွေ ပြူးသွားတာကို ကြည့်ရတာက ပျော်ဖို့ ကောင်းတယ်။

မဒမ်ပလာဒါက အဲရင်ရဲ့ ကျက်သရေရှိရှိအလှကို ပိုပေါ်လွင်အောင် အရင်က ငါမြင်ဖူးထားတဲ့ ဝတ်စုံမှာ ပိုးသားထပ်ထည့်ချုပ်ထားတယ်။ ငါ ဝတ်စုံကိုပဲ မြင်နေရပေမဲ့ သူဖြစ်ချင်တာကို ငါနားလည်သလိုပဲ။

ခိုးလီရဲ့ ဝတ်စုံက ချစ်သူရည်းစားအတွက် ဝတ်စုံဖြစ်တဲ့အတိုင်း တောက်တောက်ပပနဲ့ ဆွဲဆောင်မှုရှိတယ်။

ငါ့ဝတ်စုံကတော့ ငါက ဇနီးမယားဖြစ်တယ်ဆိုတာ ပြဖို့အတွက် အဆင့်မြင့်ပြီး ကျော့ရှင်းတဲ့ အလှကို ပိုအလေးထားထားတယ်။

အင်း ငါ အတွေးလွန်နေတာပဲ နေမှာပါ။

ငါ ဝတ်စုံစကို မရင်း ဥယျာဉ်ကို ဖြတ်လျှောက်သွားလိုက်တယ်။ တော်ဝင်သင်္ကေတနဲ့ ရထားလုံးတစ်စီး ရှိနေတယ်။ ဒါပေမဲ့ ငါ စီးတဲ့တစ်ခုနဲ့ မတူဘူးလားလို့။

အဲ့ဒီအချိန်မှာပဲ တစ်ယောက်ယောက်က တံခါး ဖွင့်လိုက်ပြီး အပြင်ထွက်လာတယ်။ ငါ့ရဲ့ခုန်ပေါက်နေတဲ့ နှလုံးသားလေးကို ဥပက္ခာပြုပြီး ဒူးညွတ်အရိုအသေပြုမိတယ်။

"အင်ပါယာရဲ့ အိမ်ရှေ့စံ၊ အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်။"

"မြို့စားက ကိုယ်ထင်သလို မအံ့ဩသွားဘူးလား"

"အရှင်က သေချာပြင်ဆင်တတ်တယ်ဆိုတာ ကျွန်မသိပါတယ်"

အီနော့ချ်က ခပ်ပြုံးပြုံးနဲ့ သူ့လက်ကို ဆန့်လိုက်တယ်။ သူ့လက်ကို ငါယူလိုက်ပြီး ပြန်ပြုံးပြမိတယ်။

အမှန်အတိုင်းပြောရရင် ငါအံ့ဩသွားတာမဟုတ်ဘူး။ အထင်ကြီးလေးစားမိတာ။ ငါ့မျက်နှာမှာ မပေါ်အောင်သာ ဘာမှမဖြစ်သလို နေနေတာ။

"ဒါပေမဲ့ အရှင်က တစ်ခုမေ့နေတယ်"

ရထားလုံးပေါ်မတက်ခင် ငါ လှေကားပေါ်တက်ပြီး သူ့ကို ကြည့်မိတယ်။ နေ့လယ်ခင်း နီရဲရဲနေရောင်ခြည်က သူ့ရဲ့ ဆံပင်နက်နက်ပေါ်မှာ ဆေးခြယ်ထားသလိုလို။

သူ့ရဲ့ မြစိမ်းရောင်မျက်လုံးတွေက အပြစ်ကင်းစွာနဲ့ တဖျပ်ဖျပ်ခတ်ရင်း ငါ့ကို ကြည့်နေတယ်။

"ဒီနေ့ အရှင်က တော်တော်ကြည့်ကောင်းပြီး အံ့ဩစရာကောင်းနေတယ်။ ကျွန်မရဲ့ ပါတနာအဖြစ် အရှင့်ကို လက်ခံပါတယ်"

ငါ့စကားကို ကြားရတဲ့အခါ သူ့နားရွက်တွေက နီရဲသွားပြီး 'အာ' လို့ ရေရွတ်သံကို ကြားလိုက်ရတယ်။

အမြဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတဲ့ လူက ဒီလိုရှက်ရွံ့နေတာ ရှားရှားပါးပါး မြင်ကွင်းတစ်ခုပဲ။ သူ့မျက်နှာအမူအရာကို မလွတ်သွားအောင် ငါ စိုက်ကြည့်နေမိတယ်။

သူက သက်ပြင်းတစ်ချက်ရှိုက်ပြီး ငါ့ဘက်ကို ပြန်ကြည့်လာတယ်။ ငါ သူ့အပြုအမူတစ်ခုချင်းစီကို မြင်နေရတယ်။

"အာ မင်းကို တမင်မချီးကျူးတာ မဟုတ်ပါဘူး။ မင်းက အမြဲလှနေတော့ ချီးကျူးဖို့ မတွေးလိုက်မိတာ။ ဒီနေ့ မင်းက ပိုပြီး..."

နေဝင်ချိန်ရောင်ခြည်ကြောင့် ထင်တယ်၊ သူ့မျက်လုံးထဲမှာ ငါ့ပါးနှစ်ဖက်က နီမြန်းနေတယ်။

အီနော့ချ်ရဲ့ စကားကို ပြန်မဖြေဘဲ ငါ ရထားလုံးပေါ်ကိုပဲ တက်လိုက်မိတယ်။ သူက ငါ့ဘေးမှာ ထိုင်ရင်း အမိုးကို တစ်ချက်ခေါက်တယ်။

ဒီတစ်ခေါက်ကတော့ ရထားလုံးက မှော်အစွမ်းနဲ့ မဟုတ်လောက်ဘူး။ နည်းနည်းပါးပါး ယိမ်းထိုးနေပေမဲ့ အဆင်ပြေပါတယ်။ မဟုတ်ရင် ငါ့နှလုံးသားက ခုန်ပေါက်နေတာကို သူကြားရလိမ့်မယ်။

"အင်ပါယာအိမ်ရှေ့စံမင်းသား အီနော့ချ်ဒွဲလ်ရိုက်ဖိုရိုနဲ့ စပီးလက်မြို့စားအတူ ကြွရောက်လာပါတယ်"

ငါတို့ရောက်လာတာကို ကြေညာလိုက်တဲ့အချိန်မှာ ဆူညံနေတဲ့ လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်သွားတယ်။ လူတွေအားလုံးရဲ့ ခေါင်းတွေက လှည့်လာပြီး အီနော့ချ်ကို လှည့်ကြည့်ကြတယ်။

ငါ အရင်တစ်ခေါက်တုန်းက ဒီလိုမျိုးကြုံဖူးတော့ ဒီတစ်ခါ ပိုပြီးစိတ်ပေါ့ပါးနေသလိုပဲ။

"မြို့စား၊ ခေါင်းလေးနည်းနည်းမော့ပါ"

ငါပဲကြားရတဲ့ အသံလောက်နဲ့ အရှင့်သားက ပြောမှ ငါ့စိတ်က လွင့်နေရာက အသိပြန်ဝင်တယ်။ ငါ မျှော်လင့်ပြီးသားပဲ။ ငါ ဒါကိုပဲ ရည်ရွယ်ထားတာလေ။ ငါ့ခန္ဓာကိုယ်ကို တည့်မတ်လိုက်ရင်း အလှဆုံး ပြုံးပြလိုက်တယ်။

လူတွေက ငါနဲ့အီနော့ချ်ကို တစ်လှည့် ရူးဘတ်ကို တစ်လှည့် ကြည့်နေကြတယ်။ သူက အဝေးကြီးမှာ ရှိနေတော့ သူ့အမူအရာကို မမြင်ရတာတော့ နှမြောဖို့ ကောင်းတယ်။

မြို့စားကြီးရဲ့ဆက်ခံသူက သူ့ရဲ့ဇနီးအစား ချစ်သူနဲ့ အတူ ကပွဲကို တက်လာတယ်။ သူ့ရဲ့ ဇနီးကတော့ အိမ်ရှေ့စံမင်းသားနဲ့ တက်တယ်။ ဒီလို ရှုပ်ထွေးနေတဲ့ မိသားစုကို မြင်ရင် လူတွေက ဘယ်လိုထင်ကြမလဲ။

ကံကောင်းတာက အထက်တန်းလွှာတွေက ပျော်နေပုံရပေမဲ့ ရူးဘတ်ကို ကြည့်ရင်း ကျစ်ခနဲ အသံပြုကြတယ်။

ကလစ်ဖို့ဒ်မြို့စားကြီးကတော်က အစတည်းက အိမ်ရှေ့စံကို ထောက်ခံခဲ့တော့ မြို့စားကြီးရဲ့ ဆက်ခံသူကလည်း အိမ်ရှေ့စံနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်သင့်တာ။

ဒါပေမဲ့ ရူးဘတ်က သူ့ဇနီးကို တစ်ယောက်တည်း ထားခဲ့ပြီး သူ့ချစ်သူနဲ့ လက်ချင်းချိတ်ရင်း ကပွဲကို တက်လာတယ်။

အငယ်အနှောင်းထားတာကို ဘယ်လောက်ပဲ လက်ခံထားတယ်ဆိုဆို လူကြားထဲမှာ‌တော့ ဇနီးမယားကို ကောင်းကောင်းဆက်ဆံရမှာက ဓလေ့ထုံးစံပဲ။

ငါသာ မတက်ခဲ့ရင် ဘာမှဖြစ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီသတင်းကို မြို့စားကြီးရဲ့ နားအထိ ရောက်သွားစေချင်တယ်။

"အင်ပါယာဧကရာဇ်မင်းကြီးနဲ့ ဧကရီဘုရင်မကြီး ကြွရောက်လာပါပြီ"

ရုန်းရင်းဆန်ခတ်ဖြစ်နေတာတွေ၊ ဆူညံသံတွေ တိတ်ဆိတ်သွားပေမဲ့ ဧကရာဇ်မင်းကြီးနဲ့ ဧကရီဘုရင်မဝင်လာတာနဲ့ ပါတီပွဲက အရှိန်အဟုန်အပြည့် ရှိနေတုန်းပဲ။

ဧကရာဇ်နဲ့ ဧကရီက မင်းသားရဲ့ပါတနာနဲ့ ပတ်သက်ပြီး စိတ်ကွက်သွားမှာကို ငါစိတ်ပူမိပေမဲ့ အီနော့ချ်မှာက အခြားကိစ္စတွေ ရှိသေးတာကြောင့် ကတဲ့အချိန်အထိ ငါ တစ်ယောက်တည်း နေရဦးမယ်။

ငါ လူတွေနဲ့ အချိန်ဖြုန်းပြီး ခဏလောက်အနားယူဖို့ တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့ ကော်ရစ်ဒါထောင့်ကို မှီလိုက်တယ်။

ဒါနဲ့ ရူးဘတ်က ဘယ်ရောက်နေတာလဲ။ ငါ တွေးနေတုန်းမှာပဲ တစ်ယောက်ယောက်က ငါ့လက်မောင်းကို လှမ်းဆွဲရင်း သူ့နောက်ကို ခေါ်သွားတော့တယ်။

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Όπου ζουν οι ιστορίες. Ανακάλυψε τώρα