နောက်တစ်နေ့ မနက်ခင်း အိပ်ရာမှ နိုးထလာချိန် အမေထျန်း နှင့် ထျန်းကျင်းရွှမ် တိုက်တိုက်ဆိုင်ဆိုင် လူချင်း ဆုံတွေ့သည်။ အမေထျန်း၏ မျက်လုံးများ နီရဲနေခြင်းကို သတိထားမိ၍ ဂရုတစိုက် မေးမြန်းလိုက်သည်။
"အန်တီ၊ နေမကောင်းလို့လား"

"မဟုတ်ပါဘူး။ အန်တီ အဆင်ပြေပါတယ်။ မနေ့ညက မျက်လုံးထဲ ဖုန်မှုန့်ဝင်သွားတယ် ထင်ပါရဲ့။ မနက်မိုးလင်းလာတော့ မျက်လုံး နီရဲနေတယ်။ ဆရာဝန် သွားပြကြည့်လိုက်မယ်"
အမေထျန်း ရှင်းပြသည်။

"အန်တီ အဆင်ပြေသလိုလုပ်ပါ"

"ဒါနဲ့၊ အန်တီ ရက်ပိုင်းလောက် ခရီးထွက်ဦးမယ်။ အန်တီ အနားမှာ မရှိတုန်း မင်းတို့အဖေကို ဂရုစိုက်ပေးပါဦး"

ထျန်းကျင်းရွှမ်က ပုံမှန်အတိုင်း ခေါင်းညိတ်ပြသည်။ ထို့နောက် အမေထျန်းက အိမ်ရှေ့တံခါးမကို နောက်ပြန်လှည့်မကြည့်ဘဲ ကျောခိုင်း ထွက်ခွာသွားသော မြင်ကွင်းကို ငေးကြည့်ခဲ့သည်။

ထျန်းမိသားစုအိမ်တော်မှ ထွက်ခွာလာပြီးနောက် အမေထျန်းက ဟိုက်ဟွေ့ဖျော်ဖြေရေး ကုမ္ပဏီ ရှိရာသို့ ကားမောင်းထွက်လာခဲ့သည်။

ထျန်းနင်က သူ့အမေကို မတွေ့ချင်ကြောင်း ပြောသော်လည်း မနက်အစောကြီးတည်းက ကုမ္ပဏီကို ရောက်နေပြီး မို့ထင်က စီးပွားရေး လုပ်ကိုင်နေစဉ် သူမက ဇာတ်ညွှန်း ဖတ်ရှုနေသည်။ ထျန်းနင်က သူ့အမေကို မုန်းတီး သကဲ့သို့ သနားစိတ်လည်း ရှိကြောင်း မို့ထင် သိနေသည်။

"သူဌေး၊ အမေထျန်း ရောက်နေပြီ"
လုချယ်က အခန်းတံခါးကို ခေါက်လိုက်ပြီး မို့ထင်ကို တလေးတစား အသိပေးသည်။

ထို့ကြောင့် မို့ထင် မတ်တတ်ရပ်လိုက်ပြီး ထျန်းနင်အနား လမ်းလျှောက်သွားသည်။
"သွားကြမယ်"

ထျန်းနင်က သူ့လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို အောက်ချထားလိုက်ပြီး အထူးခန်းထဲ ဝင်ရောက်သည်။ အမေထျန်းက အခန်းထဲမှ ဆိုဖာပေါ် ထိုင်နေပြီး သည်းခံနိုင်စွမ်း ကုန်ခမ်းနေသော အမူအရာ ပေါ်လွင်နေသည်။

"ထင် အလုပ်လုပ်စရာ ရှိတာ ဆက်လုပ်လေး ၊ ချစ်လေးအတွက် မစိုးရိမ်နဲ့၊ ချစ်လေး အဆင်ပြေတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now