ယခုကျင်းပမည့် သတင်းစာရှင်းလင်းပွဲ အဆင်ပြေ ချောမွေ့အောင် ဖန်ယွီ တကယ့်ကို ဦးနှောက်ခြောက်ခဲ့ရသည်။
 
 
မို့ထင်က မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိမှန်း သိနေ၍ ပေကျင်းမြို့၏ အခမ်းနားဆုံး ဇိမ်ခံဟိုတယ်၏ ထည်ဝါသော ခန်းမဆောင်တွင် သတင်းစာရှင်းလင်းပွဲကို ကျင်းပရန် စီစဉ်ထားသည်။ ပွဲတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားပြီး ဂုဏ်သိက္ခာရှိ စည်းကမ်းရှိသော သတင်းထောက်များကိုသာ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခွင့် ပြုသည်။
 
 
ဤကဲ့သို့သော အပြုအမူမျိုးသည် ဟိုက်ဟွေ့ဖျော်ဖြေရေးက တခြားသော အနုပညာရှင်ကို တစ်ခါလေးမျှ မလုပ်ဆောင်ပေးဖူးသည့် ပွဲအခမ်းအနား ဖြစ်သည်။
 
 
သတင်းစာရှင်းလင်းပွဲ ကျင်းပမည့် သတင်းပြန့်သွားပြီးနောက် မို့ထင်က ထျန်းနင်ကို ထောက်ပံ့ပေးသည့် သဘောကို ကြေညာချင်၍ ပွဲစီစဉ်သည်ဟု လူတိုင်းက အတင်းအဖျင်း ပြောဆိုကြသည်။
 
 
ထျန်းမိသားစုဘက်မှ ရုတ်တရက် ကြေညာချက် မထုတ်ပြန်ခင်တည်းက မို့ထင်သည် ဤပွဲလေးကို စနစ်တကျ စီစဉ်နေခဲ့သည့် အမှန်တရားကို မည်သူမှ မသိခဲ့ပေ။
 
 
ထျန်းမိသားစုက သူတို့အမြင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ချလာ၍ သူတို့ ဇနီးမောင်နှံဘက်မှလည်း ဖြေရှင်းချက် ပေးသင့်ပါပြီ။
 
 
ညနေ ၆နာရီ
 
 
မို့ထင်က အလုပ် လက်စသတ်ပြီး ဟိုတယ်ကို အချိန်မီ သွားခဲ့သည်။ နားနေခန်းထဲ ဝင်ဝင်ချင်း ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေသော ထျန်းနင်ကို လှမ်းမြင်သည်။
 
 
သူ့အပေါ် အင်္ကျီကို ဆွဲချွတ်ပြီး ထျန်းနင်ကို လွှမ်းခြုံပေးသည်။
 
"ချစ်လေး ဘာတွေ တွေးနေတာလဲ"
 
"ယောက်ျားအကြောင်း တွေးနေတာပေါ့"
 
ထျန်းနင်က မို့ထင်နှင့် ပါးချင်းထိကပ်ကာ ပြန်ဖြေသည်။
"ချစ်လေးတို့ရဲ့ အနာဂတ်အကြောင်း တွေးမိလို့ပါ။ နောက် ဆယ်စုနှစ်ပေါင်းများစွာ အတူတူ နေခွင့်ရမှာ တွေ့မိတော့ နွေးထွေးသလို ကံကောင်းတယ်လို့ ခံစားရတယ်"
 
ထျန်းနင်၏အဖြေကို ကြားပြီးနောက် မို့ထင်က ထျန်းနင်ကို သူ့ဘက် လှည့်စေပြီး လက်ကလေးကို ဆုပ်ကိုင်ကာ
 
"ကိုယ်တို့ လက်ထပ်ထားတာ ကြေညာပြီးရင်တောင် ချစ်လေးက အရင်က ထျန်းနင်ပါပဲ။ ကိုယ့်ကြောင့်နဲ့ ဘာမှ ပြောင်းလဲပေးဖို့ မလိုအပ်ဘူး။ ချစ်လေး စိတ်ကြိုက် သရုပ်ဆောင် အလုပ် လုပ်လို့ ရသလို မော်ဒယ်ရှိုးလ် လျှောက်ချင်လည်း ရတယ်။ ချစ်လေးသာ ဆန္ဒရှိရင် ကိုယ့်တစ်ဘဝလုံး ချစ်လေးရဲ့ ကိုယ်ပိုင် မန်နေဂျာ ဖြစ်ချင်တယ်"
 
"တစ်သက်တာ အာမခံ စာချုပ် ပြင်ဆင် ပေးရမလား"
 
 
"စာချုပ်ကို သေချာ မဖတ်ဘူးထင်တယ်။ သေသွားပြီး နှစ် ၅၀ကြာအောင် အဲဒီစာချုပ်က အကျိုးသက်ရောက်မှု ရှိမှာလေ"
 
 
ထျန်းနင်က ခြေဖျားထောက်လိုက်ပြီး မို့ထင်၏နှုတ်ခမ်းကို နမ်းသည်။ ထို့နောက် သူမက မို့ထင်၏လည်တိုင်လေးကို လှမ်းဖက်ကာ
 
"အချိန်နီးကပ်နေပြီ။ အဝတ်အစား လဲဖို့ ချစ်လေး ကူညီပေးမယ်"
 
"ဒီနေ့ ထျန်းမိသားစုရဲ့ လုပ်ရပ်ကြောင့် ချစ်လေး စိတ်ထိခိုက်လား"
 
မို့ထင်က ထျန်းနင်၏လက်ကို ဆွဲပြီး သူမနှင့်အတူတူ အဝတ်လဲခန်းထဲ ဝင်ရောက်သွားသည်။
 
"ချစ်လေး စိတ်ထိခိုက်လား မေးမယ့် အစား ချစ်လေး ဒေါသထွက်လား၊ စိတ်အနှောင့်အယှက် ဖြစ်လား မေးသင့်တယ်။ ဒါပေမဲ့ ယောက်ျားက ချစ်လေးအတွက် လက်စားချေပေးမယ်မှန်း သိတယ်"
 
ထျန်းနင်က မို့ထင်၏အပေါ် အင်္ကျီ ကူချွတ်ပေးပြီး ရှပ်အင်္ကျီပေါ်မှ ကြယ်သီးများကို ဖြုတ်ပေးသည်။ အဝတ်များ ကင်းမဲ့သွားစဉ် မို့ထင်၏ ကြွက်သား ဘုထစ် ခန္ဓာကိုယ် ပေါ်လွင်လာသည်။
 
"ချစ်လေး အခုလိုလေး သိထားတော့ ကိုယ် ဝမ်းသာရတာပေါ့"
 
 
ထျန်းနင်၏ပါးမို့မို့လေးက ရှက်သွေးဖြာနေသည်။
 
"ချစ်လေးကြောင့် စိတ်မပင်ပန်းဘူးလား ယောက်ျား"
 
"အွန်း နည်းနည်းတော့ ပင်ပန်းပါတယ်။ ဒီလို ပင်ပန်းရတာ ထိုက်တန်တယ်လို့ ကိုယ် ခံစားမိတယ်။ ဒီလို ပင်ပန်းမှုမျိုးကို တစ်ဘဝလုံး သည်းခံနိုင်တယ်"
 
 
ထျန်းနင်က မို့ထင်ကို အဝတ်အစား ကူဝတ်ပေးနေစဉ် မို့ထင်၏ အမည်းရောင်ဝတ်စုံ အင်္ကျီလက်ပေါ်မှ ရွှေရောင်တိမ်တိုက် ဒီဇိုင်းလေးကို သတိပြုမိသည်။ သူမတို့ နှစ်ယောက်စလုံး၏ ဝတ်စုံက စုံတွဲဝတ်စုံ ဖြစ်မှန်း သဘောပေါက်သွားသည်။
 
 
မို့ထင်၏ ခံ့ညားထည်ဝါသော မျက်နှာက ဟိုတယ် အလင်းရောင် အောက်မှာ လင်းလက်နေသည်။
 
 
သူမကို ဘုရားသခင် ပေးသနားသော အဖိုးတန်ဆုံး လက်ဆောင်လေးက မို့ထင် ဖြစ်သည်။
 
 
"အချိန်နီးနေပြီ။ ကိုယ်အရင်ဆုံး သွားမယ်။ ခဏနေရင် ချစ်လေးကို ရှင်းအာ လာခေါ်လိမ့်မယ်"
 
မို့ထင်က လေးလေးနက်နက် ပြောဆိုသည်။
 
"ဘာလို့ ယောက်ျားက အရင်ဆုံး သွားမှာလဲ"
 
ထျန်းနင် နားမလည်နိုင်ပေ။
 
"ကိုယ်တစ်ယောက်တည်း ဖြေရှင်းရမယ့် ကိစ္စတွေ ရှိသေးတယ်။ လိမ္မာတဲ့ ကောင်မလေး လုပ်ပြီး ဒီနေရာမှာ နေခဲ့နော်"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်၏နဖူးလေးကို အနမ်းခြွေသည်။
 
"ဒီည ချစ်လေး အရမ်းလှတယ်လို့ ကိုယ်ပြောခဲ့လား"
 
 
"ဟင့်အင်း ယောက်ျား မပြောရသေးဘူး"
 
 
"ချစ်လေး တကယ်ကို လှပါတယ်"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းသည်။ အချိန်အတိုင်းအတာ တစ်ခုထိ ကြာပြီးမှ သူ လွှတ်ပေးသည်။
 
...
 
 
ခမ်းနားထည်ဝါသော ခန်းမဆောင်အတွင်း ပေကျင်း၏သတင်းမီဒီယာ အများစု စုဝေးနေကြသည်။ သူတို့က သတင်းစာရှင်းလင်းပွဲ တော်တော်များများကို တက်ရောက်ဖူးသော်လည်း ဤမျှလောက် ခမ်းနားထည်ဝါသော ပွဲမျိုးကို ပထမဆုံး အကြိမ် တက်ရောက်ဖူးခြင်း ဖြစ်သည်။
 
 
ထျန်းနင်အတွက် မို့ထင်က ယခုလို ပွဲမျိုးကို စီစဉ်ပေးခဲ့သည်။
 
 
ယနေ့ပွဲကို ကြည့်ရုံဖြင့် မို့ထင်က ထျန်းနင်ကို ချစ်ခင် အလိုလိုက်ကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
 
 
ဟိုတယ် ခန်းမဆောင်အတွင်း ဟောပြောရန် တစ်ယောက်စာ စင်မြင့်ကို နေရာချထားသည်။ စင်မြင့်နောက်မှာ မိုးပြာရောင် ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားသော ဖန်ယွီ မတ်တတ်ရပ်နေသည်။
 
 
ဖန်ယွီ၏မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရုံဖြင့် ယနေ့သတင်းစာ ရှင်းလင်းပွဲက အရေးပါကြောင်း သိနိုင်သည်။
 
 
"ဒီကနေ့ ထျန်းနင်ရဲ့မိသားစု နောက်ခံအကြောင်း ရှင်းလင်းတဲ့ အပြင် သတင်းကောင်းလေး ကြေညာဖို့ ရှိလို့ အားလုံး စိတ်ရှည်ရှည်နဲ့ စောင့်မျှော်ပေးဖို့ မျှော်လင့်ပါတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ မို့သူဌေးကို စင်ပေါ် ဖိတ်ခေါ်ကြရအောင်"
 
 
သတင်းထောက်အားလုံး မှင်တက်နေသည်။ ဖန်ယွီက ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဒုဥက္ကဌ ဖြစ်တည်းက သတင်းစာ ရှင်းလင်းပွဲ၏ အစီအစဉ်မှူး အဖြစ်သာ ကျင်းပလေ့ရှိသည်။ မို့ထင်ကိုယ်တိုင် ပွဲတက်ရောက်လိမ့်မည်ဟု မည်သူက တွေးထင်မည်နည်း။
 
 
ခဏကြာပြီးနောက် မို့ထင်က စင်နောက်ဘက်မှ ပေါ်လာပြီး လူတိုင်းအရှေ့မှာ မတ်တတ်ရပ်သည်။
 
 
သတင်းထောက်အားလုံးက မို့ထင်၏ဝတ်စုံကို သတိထားမိပြီး ယနေ့ သတင်းစာ ရှင်းလင်းပွဲက အလွန်အမင်း အရေးပါကြောင်း အတပ်ပြောနိုင်သည်။ သို့သော်လည်း မို့ထင်က ပြဿနာ ဖြေရှင်းရုံသာ ပွဲကျင်းပခြင်း မဖြစ်နိုင်ပေ။ အခမ်းအနားပွဲ တက်ရောက်သည့် ပုံစံမျိုး ဖြစ်နေသည်။
 
 
မို့ထင်က မီဒီယာကို မျက်နှာချင်း ဆိုင်သည်။ သူ့မျက်ဝန်းနက်များဖြင့် ခန်းမဆောင် တစ်ခန်းလုံး ဖြန့်ကျက် ကြည့်ရှုပြီးနောက် စကားပြောလာသည်။
 
 
"အရင်ဆုံး တရားဝင် ကြေညာချင်တဲ့ ကိစ္စလေး ရှိတယ်"
 
 
"ဒီနေ့ ကြေညာမယ့် သတင်းလေးတွေကို သတင်းထောက်တွေ စိတ်ဝင်စားမှာပါ။ သတင်းခေါင်းစီးပိုင်းတွေ အများကြီးလည်း ဖန်တီးခွင့် ရမှာပါ"
 
 
မို့ထင်က ဟာသလုပ်နေသည်ဟု တွေးမိ၍ သတင်းထောက်များ ရယ်မောကြသည်။
 
 
သူတို့သိလိုစိတ်ကို အစပျိုးခဲ့၍ ဂရုတစိုက် ဆက်နားထောင်ကြသည်။
 
 
"ပထမဆုံး အနေနဲ့ ထျန်းနင်ရဲ့ မွေးဖွားဖြင်းကို ပြောချင်ပါတယ်။ ထျန်းနင်က ထျန်းမိသားစုမှာ မွေးဖွားလာတာပါ။ တခြားသူနဲ့ မွေးပြီး သူ့အမေနဲ့ပါလာတဲ့ မယားပါ သမီးမဟုတ်ပါဘူး။ ထျန်းနင်ရဲ့ခန္ဓာကိုယ်ထဲ စီးဆင်းနေတဲ့ သွေးတွေက ထျန်းမိသားစု သွေးတွေပါ"
 
 
"ဟမ်"
 
 
"ဘုရားသခင်၊ ဒါက အမှန်ပဲလား။ ဒါဆို..."
 
 
"မို့သူဌေးက ထျန်းမိသားစုကို အကွက်ကျကျ အရှက်ခွဲသွားတာပဲ"
 
 
"ထျန်းနင်က ထျန်းမိသားစုရဲ့သမီးဆိုရင် သူတို့က ဘာလို့ ဝန်မခံတာလဲ။ ထျန်းနင်ရဲ့အမေက တကယ်ပဲ မယားငယ်လား"
 
 
သတင်းမီဒီယာများ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး အုပ်စုငယ်လေးများ ဖွဲ့ကာ ဆွေးနွေးကြသည်။ မို့ထင်က ဤအမှန်တရားကို ထုတ်ပြောသည့် ရည်ရွယ်ချက်ကို သူတို့ နားမလည်နိုင်ပေ။
 
 
"ဒုတိယအနေနဲ့ ပြောချင်တာတော့ အတိတ်တုန်းက အမေထျန်း ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့။ ဒါတွေဟာ ထျန်းနင်နဲ့ မသက်ဆိုင်ဘူး။ တစ်ယောက်ယောက်က ထျန်းနင်ကို စော်ကားတဲ့ အတင်းအဖျင်းမျိုး ဖြန့်လို့ကတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဥပဒေအရ အပြစ်ပေးမယ်"
 
 
"နောက်ဆုံးအချက်အနေနဲ့..."
 
 
မို့ထင်က အားလုံးကို ဖြန့်ကျက် ကြည့်ရှုပြီး သူ့ဘယ်ဘက်လက်ကို မြှောက်ကာ သူ့လက်ထပ်လက်စွပ်ကို မြင်သာအောင် ပြသသည်။
 
 
"ငါ့မိန်းမ ထျန်းနင်ကိုယ်စား ထျန်းမိသားစုကို တရားစွဲတဲ့ စာပို့ရလိမ့်မယ်"
 
 
"မိန်းမ ဟုတ်လား"
 
 
"ဘယ်လိုမိန်းမမျိုးလဲ"
 
 
"မြန်မြန် ဓာတ်ပုံရိုက်ကြစမ်း။ မိန်းမလို့ သူ ပြောသွားတယ်"
 
 
သတင်းထောက်များက ထိတ်ထိတ်ပျာပျာ လျှပ်တပြက် ဓာတ်ပုံရိုက်သည်။
 
"မို့ထင် စောနက ကြေညာလိုက်တာ နင်တို့ရော ကြားလိုက်လား။ ထျန်းနင်ကို သူ့မိန်းမလို့ ပြောလိုက်တယ်"
 
"သူတို့ လက်ထပ်လိုက်တာလား"
 
 
"သူတို့ လက်ထပ်သွားပြီလား"
 
 
"ထျန်းမိသားစုက သူတို့ဂုဏ်သိက္ခာ ဆယ်ချင်ရင် တခြားနည်းလမ်း သုံးလည်း ရပါတယ်။ ထျန်းနင်နဲ့ သွေးသားမတော်စပ်ဘူးလို့ တရားဝင် ကြေညာတာက ထျန်းနင်ကို စော်ကားသလိုပဲ။ သူတို့ အကြံစည်က ငါ့မိန်းမက နစ်နာစေဖို့ပဲ။ ထျန်းမိသားစုက အကျင့်စာရိတ္တ မကောင်းတော့လည်း ငါတို့ဘက်က တရားဥပဒေအရ ရင်ဆိုင်ရမယ့် နည်းလမ်းကို ရွေးချယ်ရတော့မှာပေါ့"
 
 
အပိုင်း(၃၆၅)
 
ပြီး၏။
 
 
 
 
 
 
 
 
 
အပိုင်း(၃၆၆)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now