ရုပ်ရှင်သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးပြီနောက် ပရိသတ်များနှင့် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံရမည့် အချိန် ရောက်လာပါပြီ။
 
 
ယခုလို အချိန်အခါမျိုးတွင် ထျန်းနင်ကို ခက်ခဲသော မေးခွန်းများ မေးမြန်းသည်။ ဝကစ်ကစ် ကောင်မလေးက မိုက်ခရိုဖုန်းကို ကိုင်ဆောင်ကာ စိုးရိမ်တကြီး မေးမြန်းသည်။
 
"ထျန်းနင်ရေ။ ထျန်းနင်ရဲ့ပရိသတ်တွေ ကိုယ်စား မေးခွန်းလေး မေးပါရစေ၊ ထျန်းနင်နဲ့ မို့သူဌေးတို့ အချစ်ရေး ဘယ်လိုရှိလဲ။ ငါတို့တွေ ထျန်းနင်အတွက် အရမ်းစိုးရိမ်နေတယ်"
 
အစီအစဉ်မှူးက မို့ထင် နှင့် ထျန်းနင်ကို တစ်လှည့်စီ ကြည့်ပြီး မိုက်ခရိုဖုန်းကို ထျန်းနင်လက်ထဲ အပ်ခဲ့သည်။
 
 
ထျန်းနင်က မိုက်ခရိုဖုန်းကို ကိုင်ဆောင်ကာ ပြုံးသည်။
 
"မို့သူဌေးရဲ့ ဒီနေ့အပြုအမူက မင်းတို့လေးတွေရဲ့ စိုးထိတ်မှုကို မပြယ်လွင့် စေဘူးလား"
 
"ဒါပေမဲ့..."
 
 
ထျန်းနင်က ပရိသတ်များ၏ ခံစားချက်ကို နားလည်ပါသည်။ ထို့ကြောင့် ထျန်းနင်က စင်ပေါ်မှ ဆင်းပြီး မို့ထင်အနားသွားကာ မို့ထင်ကို စင်ပေါ် ခေါ်သွားသည်။
 
 
သူမ၏အပြုအမူကြောင့် ပရိသတ်များ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့သည်။
 
 
ထျန်းနင်နှင့် မို့ထင်က လက်ချင်းတွဲကာ စင်ပေါ်မှာ မတ်တတ်ရပ်နေသည်။
 
"သူက ကျွန်မကို ယုံကြည်မှု အပြည့်ပေးထားလို့ သူ ကျွန်မကို စွန့်ပစ်ခဲ့ရင်တောင် ကျွန်မမှာ စိုးရိမ်စိတ် ရှိမှာ မဟုတ်ဘူး။ ကျွန်မတို့ အချစ်ကို အများသိအောင် ကြေညာခွင့် ရှိနေသေးလို့ အတင်းအဖျင်း သတင်းတွေ ထွက်မှာ မကြောက်ပါဘူး"
 
"ဝိုး..."
 
 
"နောက်ဆုံး အချက်အနေနဲ့ ပြောချင်တာက အခု ထျန်းနင် ရိုက်ကူးမယ် 'Hidden Expert' ရုပ်ရှင်ကို စောင့်မျှော်ပေးဖို့ သဘောကျပေးဖို့ မျှော်လင့်ပါတယ်"
 
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မိုက်ခရိုဖုန်းကို အစီအစဉ်မှူးအား လက်လွှဲပေးသည်။ သို့သော်လည်း မို့ထင်က သူမ၏လက်ထဲမှ မိုက်ခရိုဖုန်းကို ဆက်ခနဲ ဆွဲယူပြီး စကား ပြောသည်။
 
 
"ကျွန်တော့်မှာ ထျန်းနင် တစ်ယောက်တည်း ရှိတာပါ။ ကျွန်တော့်နှုတ်က ထွက်လာတဲ့ စကား မဟုတ်သရွေ့  အတင်းအဖျင်း သတင်းလို့သာ မှတ်ယူထားပေးပါ"
 
 
"ကျွန်တော် ဘယ်သူ့ကို လက်ထပ်မလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိတယ်။ မီဒီယာတွေက ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ အတင်းအဖျင်း သတင်းတွေကို မယုံကြည်ဖို့ မေတ္တာရပ်ခံ ပါရစေ"
 
 
ထျန်းနင်နှင့် ဆက်နွှယ်သော ကိစ္စရပ်တိုင်းကို မို့ထင် ကိုယ်တိုင် ဖြေရှင်းလေ့ ရှိသည်။
 
 
...
 
 
[မို့ထင်က အတင်းအဖျင်းသတင်းများကို တန်ပြန် တိုက်ခိုက်ခြင်း]
 
 
[မို့သူဌေးက ပြတ်သားတယ်။ ဘယ်သူ့ကို လက်ထပ်မလဲ သူကိုယ်တိုင် ဆုံးဖြတ်မယ်။ မီဒီယာတွေက ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး]
 
 
သူတို့လမ်းခွဲသည့် အတင်းအဖျင်း သတင်းကို တစ်ပြိုင်တည်း ရှင်းလင်းခဲ့ပြီး မို့သူဌေးက သူ့ချစ်ဇနီးလေး အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို အများ သိအောင် ကြေညာခဲ့သည်။
 
 
ယမန်နေ့ညက ထျန်းနင်သည် 'Stupid'ရုပ်ရှင်ရိုက်ကွင်းသို့ ပြန်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ရုပ်ရှင်အဖွဲ့သားများက သူမကို စာနာသော မျက်ဝန်းများဖြင့် မကြည့်ရှုခဲ့ပေ။
 
 
...
 
 
ယနေ့ညက ချီရှင်းယန်သည် သူ့အိမ်မှာ အနားယူနေရင်း ဖျော်ဖြေရေး သတင်းကို မြင်တွေ့သွားသည်။
 
 
မို့ထင်က သူမကို လုံးလုံးလျားလျား လျစ်လျူရှုပြသည့် မြင်ကွင်းကြောင့် ဒေါသထောင်းခနဲ ထမိသည်။ မည်သို့ပင် ဆိုစေကာမူ မို့ထင်၏လက်ထောက်က သူမကို ဩဂုတ်လ ၁၉ရက်နေ့က ဆက်သွယ်ခဲ့ဖူးပါသည်။
 
 
သူမလို သူဌေးသမီးက ခန္ဓာကိုယ်ပြစားနေသည့် မော်ဒယ်မကို မယှဉ်နိုင်စရာ အကြောင်း ရှိမည်နည်း။
 
 
ထိုအကြောင်းကို တွေးမိလေတိုင်း ချီရှင်းယန်၏ ငုပ်လျှိုးနေသော ဒေါသများ တရိပ်ရိပ်တက်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် ထျန်းရွှမ် သုံးခဲ့သော နည်းလမ်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
 
 
သတင်းထောက်များ သူမ၏အိမ်အပြင်ဘက်တွင် ရှိနေမည်နည်း။
 
 
သူတို့က သတင်းအချက်များကို ဖော်ထုတ်ရန် စောင့်ဆိုင်းနေမည်နည်း။
 
 
သူမက အရာအားလုံးကို အမှန်အတိုင်း ဝန်ခံရန် ဆုံးဖြတ်ထားသည်။ မို့ထင်က အမှန်တရားကို သွေ့ဖယ်သွားမည်လော။
 
 
သူမ စောင့်ကြည့်ချင်သေးသည်။
 
 
ထို့ကြောင့် နောက်တစ်နေ့ မနက်ခင်းမှာ ချီရှင်းယန်က အကျော်ကြားဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
 
 
ဩဂုတ်လ ၁၉ရက်နေ့တွင် သူမနှင့် မို့ထင်တို့ လက်ထပ်ခါနီး အခြေအနေ ရောက်ခဲ့ကြောင်း ချီရှင်းယန် ကိုယ်တိုင် ဝန်ခံခဲ့သည်။ မို့ထင်နှင့် သူမက ချစ်သူစုံတွဲဖြစ်၍ လက်ထပ်ရန် အစပျိုးခဲ့သည်လော။ မည်သည့်အတွက်ကြောင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည့် အမှန်တရားကို ချီရှင်းယန် ရေငုံနှုတ်ပိတ် နေခဲ့သည်။
 
 
အဖြစ်မှန်ကို သေချာမသိသော လူတစ်စုက ထင်ရာစိုင်း တွေးတတ်ကြသည်။ မို့ထင် နှင့် ချီရှင်းယန်တို့၏ ဆက်ဆံရေးကို ထျန်းနင်က ဖျက်ဆီးခဲ့သည်ဟု ယူဆကြသည်။
 
 
ထိုစဉ် ထျန်းနင်က ရိုက်ကူးရေး လုပ်ဆောင်နေချိန် ဖြစ်သည်။
 
 
ထျန်းနင်က ကလေးမွေးသော ဇာတ်ဝင်ခန်းကို ရိုက်ကူးနေခဲ့သည်။
 
 
ဇာတ်အထွတ်အထိပ်ပိုင်း ဇာတ်ဝင်ခန်း ဖြစ်နေ၍ ထျန်းနင် သေချာပြင်ဆင်ထားသည်။ သွေးအိုင်ထဲ လူးလိမ့်နေရသည့်တိုင် သူမ အထွန့်မတက်ခဲ့ပေ။ သူမကိုယ်စား ရုပ်ရှင်အဖွဲ့သားများက စိတ်ပျက်နေကြသည်။
 
 
"အမှန်တိုင်း ဝန်ခံရရင် ငါနဲ့အတူတူ အလုပ်တွဲလုပ်ဖူးတဲ့ ရုပ်ရှင်မင်းသမီးတွေ အားလုံးထဲမှာ ထျန်းနင်က ပြဿနာရှာတာအနည်းဆုံးပဲ။ ရွံတတ်တဲ့ အကျင့်လည်း မရှိဘူး။ သူ့မှာ ဒီလောက်လှတဲ့ ခြေထောက်လေးတွေ ရှိတာတောင် ဘယ်လိုရိုက်ကွင်းမျိုးဆို ကြောက်ကြောက်ရွံရွံ မရှိခဲ့ဘူး။ သူ လုပ်နိုင်တဲ့ အတိုင်းတာထက်ကို ကျော်လွန်ပြီး ကြိုးစားချင်စိတ် ရှိတယ်"
 
 
"ဒီကလေးမွေးတဲ့ ဇာတ်ဝင်ခန်းကိုပဲ ကြည့်လေ။ နာကျင်မှုက တကယ့်ကို အစစ်အမှန်လိုပဲ။ ငါတောင် သူ့ကိုယ်စား နာကျင်လာတယ်"
 
 
"ဒီရုပ်ရှင် ရုံတင်တာနဲ့ ထျန်းနင်က သေချာပေါက် နာမည်ကျော်ဦးမှာပါ။ အရာရာတိုင်းကို အကောင်းဆုံးဖန်တီးနိုင်တဲ့ သရုပ်ဆောင်ကောင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်"
 
 
"သေချာပေါက် ဖြစ်မှာပေါ့"
 
 
လင်းရှန်ကိုယ်တိုင်ပင် ထျန်းနင် ရုပ်ရှင်ရိုက်ကူးနေခြင်းကို လာရောက် ကြည့်ရှုသည်။ ထျန်းနင်၏ လေးနက်သော အပြုအမူကြောင့် သရုပ်ဆောင်နေရုံ မဟုတ်ဘဲ နှလုံးသားနှင့် ခံစားကာ သရုပ်ဆောင်နေသည်ဟု သူ အတပ်ပြောနိုင်ပါသည်။
 
 
"အစ်ကိုရှန်က တခြားသရုပ်ဆောင်ကို ချီးမွမ်းတာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"
 
သေးနုပ်သောဇာတ်ရံ သရုပ်ဆောင်မင်းသား တစ်ဦးက ရယ်မောသည်။
 
"ဒါပေမဲ့ ကျွန်တော်လည်း သဘောတူပါတယ်။ ကျွန်တော်တို့တွေ ထျန်းနင်ကို စံနမူထားပြီး ကြိုးစားသင့်တယ်"
 
 
"ထျန်းနင်က မို့ထင်ရဲ့မင်္ဂလာဆောင်ကို ဖျက်ဆီးပစ်တယ်လို့ သတင်းထွက်နေရတဲ့ အကြောင်းအရင်းကို နားမလည်နိုင်ဘူး။ မဟုတ်တမ်းတရား ပြောတာတွေ ဘယ်အချိန်ရောက်မှ ရပ်မှာလဲ။ ထျန်းနင်နဲ့ အလုပ်တွဲလုပ်ခွင့် ရတည်းက ထျန်းနင်က အဲလို အကျင့်စရိုက်မျိုး မရှိမှန်း သတိထားမိတယ်။ သရုပ်ဆောင်ဆိုတာတော့ တစ်ခါတလေ သဏ္ဍန်လုပ် သရုပ်ဆောင်ရုံပဲ ရှိတယ်။ ဘယ်သူတွေ ဘာပြောပြောပါ ငါတော့ ထျန်းနင်ကို လေးစားမိတယ်"
 
 
လင်းရှန်က ပြုံးကာ ဖြည့်စွက် ပြောသည်။
 
"ဒါကြောင့် တခြားသူတွေ ပြောတဲ့ ဝေဖန်စာတွေကြောင့် ငါတို့ဘဝတွေ မထိခိုက်စေနဲ့ပေါ့"
 
ထျန်းနင် ရိုက်ကူးရေးပြီးဆုံးပြီးနောက်  သူမ၏စိတ်ခံစားချက် အားလုံးကို အစွမ်းကုန် ထုတ်သုံးထား၍ အားအင် ကုန်ခမ်းကာ မူးလဲလုနီးပါး ဖြစ်သွားသည်။ ဟန်ရှင်းအာက ဆရာဝန် ချက်ချင်း ခေါ်ပြီး ထျန်းနင်၏ စိတ်ကို တည်ငြိမ်စေသည်။ ဒါရိုက်တာ Coqueလည်း တုန်လှုပ်သွားပြီး မို့ထင်ကို ပြေးတောင်းပန်ချင်စိတ် ဖြစ်ပေါ်လာသည်။
 
 
"အစ်မ ..."
 
 
"အစ်မကို ကောင်းကောင်း ဂရုမစိုက်တာ သူဌေးသိလို့ကတော့ ရှင်းအာကို အလုပ်ထုတ်တော့မယ်"
 
 
"ရှင်းအာက အစ်မ ခန့်ထားတဲ့ လက်ထောက်ပါ။ သူနဲ့ ဘာမှ မသက်ဆိုင်ဘူး မစိုးရိမ်နဲ့"
 
ထျန်းနင်က ထိုင်ခုံပေါ်မှာ ထိုင်ကာ ရယ်မောသည်။
 
"အစ်မက ရယ်မောနိုင်သေးတယ်နော်။ အစ်မနဲ့ ပတ်သက်တဲ့ တခြားသတင်းတွေ ထွက်နေပြန်ပြီ"
 
 
ထျန်းနင်က ဟန်ရှင်းအာ ပေးသော ဖုန်းကို လက်ခံယူသည်။ ဖုန်းကို ဖျတ်ခနဲ ကြည့်ပြီးနောက် ပြန်ပေးခဲ့သည်။
 
"ဒီလိုကိစ္စတွေအတွက်နဲ့ ရှင်းအာ စိုးရိမ်ဖို့ မလိုအပ်ဘူး"
 
"အမ်"
 
 
"မောက်မာတဲ့ သူဌေးသမီးကို ရင်ဆိုင်ရ လွယ်ကူပါ့မလား"
 
 
"အဲတော့ရော ဘာဖြစ်လဲ"
 
 
"သူများကို စိတ်ဒုက္ခပေးချင်တဲ့သူက သူ့အကုသိုလ်နဲ့သူ ဒုက္ခရောက်လိမ့်မယ်။ အဲလိုလူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုအပ်ဘူး"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မတ်တတ်ထရပ်ပြီး အဝတ်အစား လဲခန်းဘက် ထွက်သွားသည်။ နောက်ထပ် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်သင့်ပြီ။
 
အရိုးသားဆုံးဝန်ခံရလျှင် ထျန်းနင်က ချီရှင်းယန်လို လူတန်းစားမျိုးအတွက် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
 
 
မောက်မာပြီး မာနဝင့်ကြွားနေသော လူတန်းစားက များသောအားဖြင့် အသိဉာဏ် မရှိတတ်ကြပေ။
 
 
သိပ်မကြာလိုက် မို့ထင် ဖုန်းခေါ်လာသည်။ ထျန်းနင်က စိတ်တည်တည် ငြိမ်ငြိမ်ဖြင့် ဖုန်းကိုင်ခဲ့သည်။
 
 
"နည်းနည်းလေးတော့ သဝန်တိုမယ်လို့ ကိုယ် တွေးခဲ့တာ"
 
 
"မို့သူဌေးရေ တတ်နိုင်သလောက် အမြန်ဆုံး ဖုန်းချပြီး ရှင့်ပြဿနာ ရှင် ဖြေရှင်းပါဦး"
 
ထျန်းနင်က လေးနက်သော လေသံဖြင့် ပြောဆိုသည်။
 
မို့ထင်၏နှုတ်ခမ်းပါလေးက အပေါ်သို့ အနည်းငယ် ကော့ညွှတ်သွားပြီး မျက်ဝန်းတွင် အပြုံးရိပ်လေး ပေါ်လွင်လာခဲ့သည်။
 
"ထျန်းမိသားစုမှာလည်း တခြားအကြံအစည် ရှိဦးမယ်လို့ ထင်တယ်"
 
ထျန်းအကြီးအကဲနှင့် စကားပြောခွင့် ကြုံရခြင်းက အကျိုးသက်ရောက်မှု ရှိလိမ့်မည်။
 
 
ချီရှင်းယန်ကလည်း မတရား အနိုင်ကျင့်ခံရ သကဲ့သို့ ဟန်လုပ်နေ၍ တကယ့်အစစ်အမှန် ဖြစ်အောင် သူ ကိုယ်တိုင် ဖန်တီးပေးမည်။
 
 
ထျန်းနင်၏မျက်နှာပေါ်တွင် အပြုံးလေး ကွယ်ပျောက်ခဲ့သည်။ ရုတ်တရက် သူ့နှလုံးသား လေးလံနေ သကဲ့သို့ ခံစားရသည်။
 
"ကျွန်မမှာ ထျန်းမိသားစု ပြန်မယ် အတွေး မရှိဘူး။  သူတို့က သူတို့စိတ်သူတို့ မထိန်းချုပ်နိုင်ကြဘူး။ ထျန်းမိသားစုကို ပြန်သွားရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမယ်"
 
"ချစ်လေးကို ဘယ်သူက တိုက်ခိုက်ရဲမှာလဲ။ ဟမ်"
 
မို့ထင်က ဩရှရှလေသံဖြင့် မေးမြန်းသည်။
 
"ဒီနေ့ ကိုယ့်ရဲ့မစ္စမို့လေးကို ကြင်နာယုယမှုတွေ ချီးမြှင့်မယ်။ ကိုယ့်အချစ်လေးကို အပျော်မယားလို့ လျှောက်ဖွနေတာ ကြားရတိုင်း ကိုယ် ဒေါသထွက်တယ်"
 
 
"မစ္စတာမို့ သဘောအတိုင်း ဖြစ်စေရပါမယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် ဖုန်းချခဲ့သည်။ အကြောင်းအရင်းက သူမကို သိပ်မဝေးကွာသော တစ်နေရာမှ လက်ပြနှုတ်ဆက်နေသော မို့ထင်ကြောင့် ဖြစ်လေ၏။
 
မို့ထင်က ကားကို မှီပြီး သူမကို လက်ပြနှုတ်ဆက်ကာ ပြုံးနေသည်။ သူ့အပြုံးလေးကြောင့် သူမ၏နှလုံးသားလေး အေးမြသည်။
 
 
အပိုင်း(၃၅၆)
 
ပြီး၏။
 
 
 
 
 
 
 
အပိုင်း(၃၅၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now