စာစဉ်(၂၄) Ep 331+332+333

Start from the beginning
                                    


မို့ထင်က ထျန်းနင်ကို လေးနက်စွာ ငေးစိုက်ကြည့်သည်။ သူမ၏မျက်ဝန်းနက်ထဲမှ သူ့ပုံရိပ်ငယ်လေးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။


သူ့စိတ်ကို ထိန်းချုပ်ရ ခက်ခဲနေ၍ ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ကာ တင်းတင်းကျပ်ကျပ် ဖက်ပြီး သက်ပြင်းချမိသည်။

"ယောက်ျားအတွက်ပဲ အမြဲ တွေးပေးနေတာလား။ အဲလိုမျိုး မတွေးပါနဲ့လား ချစ်လေးရယ်"

"ချစ်လေးလည်း ဘယ်တတ်နိုင်မလဲ။ ယောက်ျားအတွက် တွေးပေးရတာ အလေ့အကျင့် ဖြစ်နေပြီလေ"

ထျန်းနင်က ခိုးခိုးခစ်ခစ် ရယ်မောသည်။ သူမက ကားပြတင်းပေါက် အပြင်ဘက်သို့ အကြည့်စူးစူးဖြင့် ငေးကြည့်ပြီး စတူဒီယိုထဲ ဝင်ထွက် သွားလာနေသော ဝန်ထမ်းများကို သတိထားမိသွားသည်။
"အပြင်မှာ လူတွေအများကြီးပဲ။ ရုံးပြန်တော့လေ"

မို့ထင်က ထျန်းနင်၏ ရေခဲတမျှ အေးစက်သော လက်ကို ဆွဲကိုင်ကာ ကားအပြင်ဘက် ထွက်လာသည်။

"ဒါဆိုရင် ကိုယ် ပြန်တော့မယ်နော်။ အချိန်မရွေး ကိုယ် လာလည်မှာပါ"

ထျန်းနင် ခေါင်းညိတ်သည်။


ဖြတ်သွားဖြတ်လာ ဝန်ထမ်းများက သူတို့စုံတွဲကို မြင်တွေ့ကြသည်။ သူတို့မှာ အားကျမိ၍ ထျန်းနင်ကို မနာလိုစိတ် ဖြစ်မိသည်။


"ငါတို့ သူဌေးကြီး မို့ထင်က ထျန်းနင်အနားရောက်တာနဲ့ သူ့သွေးအေးရက်စက်တဲ့ မျက်နှာဖုံးကြီး ကွာကျသွားတာပဲနော်။ သူ့ကောင်မလေးကို နွေးထွေး ကြင်နာနေတာ မြင်ရတော့ ငါတို့ သိဖူးတဲ့ ဖျော်ဖြေရေးလောကရဲ့သွေးအေးဧကရာဇ်ကြီး ဟုတ်ရော ဟုတ်ရဲ့လား တွေးမိတယ်"


"ငါတော့ အရမ်းကို မနာလိုစိတ် ဖြစ်မိတယ်"


"အတင်းတုပ်နေတာတွေ ရပ်လိုက်တော့။ သူတို့တွေ ဒီလမ်းက ဖြတ်သွားတော့မယ်"


သူတို့အုပ်စုလေးက ထျန်းနင်တို့နှင့် သိပ်မဝေးကွာသည့် နေရာ တစ်နေရာမှာ စုဝေးကာ အတင်းတုပ်နေကြသည်။ ထျန်းနင်က သူတို့အနား ဖြတ်သွားစဉ် သူတို့ကို ချိုသာစွာ ပြုံးပြသေးသည်။


"သူ့ရဲ့ဖော်ရွေ ပျူငှာတဲ့ အပြုအမူလေးကြောင့် ငါတော့ အရည်ပျော်မိနေပြီ။ သူ့ကို မြင်ရတာ စိတ်ထဲ သက်သောင့်သက်သာ ဖြစ်တယ်"


"အမြဲတိုင်း မာနတံခွန်လွှင့်ထူပြီး လမ်းလျှောက်တတ်တဲ့ ယွဲ့ရှမ်ရှမ်ထက် စာရင် ထျန်းနင်က ပိုအဆင်ပြေသလိုပဲ။ ထျန်းနင်ရဲ့အပြုံးကို ကြည့်ရုံနဲ့ သူ့နှလုံးသားကိုလည်း ခံစားကြည့်လို့ ရတယ်"


ထျန်းနင်၏အစမ်းသရုပ်ပြမှု နှင့် အသေးစိတ်ကျသော အပြုအမူများကြောင့် ထျန်းနင်က အဖွဲ့သားများနှင့် အလျင်အမြန် သဟဇာတ ဖြစ်လာခဲ့သည်။


ခြေတံသွယ်လေးကို ပိုင်ဆိုင်ထားသော ထျန်းနင်က ဇီဇာကြောင်ပြီး ဘဝင်မြင်လိမ့်မည်ဟု ဟိုးယခင်က တွေးထင်ခဲ့သော်လည်း ထျန်းနင်က စိတ်သဘောထား ဖြူစင်သော မိန်းကလေး ဖြစ်နေခဲ့သည်။ သူမက တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ကာ အချိန်ဖြုန်းတတ်သော်လည်း ခက်ခဲသော တောင်းဆိုမှုများကို မတောင်းဆိုခဲ့ဖူးပေ။ သူမကို တမင်ရန်ရှာချင်သူများကိုပင် တတ်နိုင်သလောက် ရှောင်တိမ်းသည်။


ယွဲ့ရှမ်ရှမ်၏ဇာတ်ဝင်ခန်းများကို တဖြည်းဖြည်းချင်း ရိုက်ကူးကာ အစားထိုးနေရ၍ ရုပ်ရှင်ရိုက်ကူးရေး နှောင့်နှေးခဲ့သည်။ လင်းရှန်း နှင့် ထျန်းနင်တို့ ရိုက်ကူးရမည့် အပိုင်းကို ရိုက်ကူးပြီး လိုအပ်သည်များကို တပြိုင်နက်နည်း တည်းဖြတ်ခဲ့သည်။ လင်းရှန်၏ဇာတ်ဝင်ခန်းများကို အရင်ဆုံး ရိုက်ကူးပြီးမှ ထျန်းနင် ရိုက်ကူးရ၍ နှစ်ဦးသား သိပ်မဆုံတွေ့ဖြစ်ပေ။


ထျန်းနင်၏အစမ်းသရုပ်ပြမှု ပြီးဆုံးပြီးနောက် ထျန်းနင်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သား အားလုံး၏နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။ လင်းရှန် တစ်ဦးတည်းသာ ထျန်းနင်ကို သံသယဝင်နေသည်။


"အစ်ကိုလင်း။ ထျန်းနင်က အရေးကြီးဆုံး ဇာတ်ဝင်ခန်းကို ရိုက်ကူးတော့မယ်လို့ ကြားတယ်။ အစ်ကိုလင်းရော သွားကြည့်ချင်လား။ အဲဒီဇာတ်ဝင်ခန်းမှာ ထျန်းနင်က ရွှံ့ထဲ လူးလိမ့်ရမှာနော်။ သူ့လို နူးနူးညံ့ညံ့ ကောင်မလေးက အဲလို ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နိုင်ပါ့မလား"


လင်းရှန်က ခေါင်းမော့လိုက်ပြီး သူ့လက်ထောက်ကို ငေးစိုက်ကြည့်ကာ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ လွန်ခဲ့သည့် နှစ်ရက်ကျော်တည်းက ထျန်းနင်၏ သရုပ်ဆောင် စွမ်းရည်ကို ထင်မြင်ချက် ပေးသော သတင်းများကို ခပ်သဲ့သဲ့ ကြားခဲ့ပါသည်။


သူ့အတွေးထဲ သရုပ်ဆောင် အလုပ် နှင့် မော်ဒယ်အလုပ်ကို သီးခြား ခွဲထားတတ်သူ ဖြစ်သည်။ တစ်ဦးချင်းစီက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်သင့်ပြီး တခြားသူ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ဝင်ပတ်သက်ရန် ကြိုးပမ်းခြင်းသည် တာဝန်မသိတတ်သူဟု သတ်မှတ်ထားသည်။


ထို့ကြောင့်လည်း ယခုထိတိုင် ထျန်းနင်၏သရုပ်ဆောင်ခြင်းကို မကြည့်ခဲ့ခြင်း ဖြစ်လေ၏။


သို့သော်လည်း သူ့လက်ထောက်က သူ့ကို အကြံပြုလာသည်။


"ခဏတော့ နောက်ဆုတ်နေသင့်တယ်"

လင်းရှန်က သူ့လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို ပိတ်လိုက်ပြီး သူ့လက်ထောက်ကို လက်လွှဲပေးသည်။ သူက ထျန်းနင်ကို သဘောမကျခဲ့၍ ထျန်းနင်၏သရုပ်ဆောင် စွမ်းရည်ကိုလည်း နှစ်သက်စရာ အကြောင်းမရှိပေ။ သို့သော်လည်း ထျန်းနင်က ဇာတ်ညွှန်း မဖတ်ဘဲ သရုပ်ဆောင်နိုင်သည့် သတင်းခပ်သဲ့သဲ့ ကြားရ၍ စိတ်ဝင်စားမိသည်။

သတင်းက အမှန်လား သူ သိချင်မိသည်။


...


လွန်ခဲ့သော နှစ်ရက်ကျော်တည်းက ယွဲ့ရှမ်ရှမ်သည် နာကျင်မှုနှင့် ငြင်းခုံမှုများကို ကြုံဆုံခဲ့ရသည်။ သူမ၏ပရိသတ်များ၊ အေဂျင်စီ နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကို တစ်ပြိုင်နက်တည်း ပြဿနာ ရှာခဲ့မိသည်။ J-Kingဘက်မှ ရပ်တည်ရုံမှ အပ တခြားရွေးချယ်စရာ မရှိခဲ့ချေ။


Star Art အေဂျင်စီ၏ ရှယ်ရာရှင်များကလည်း သူမကို အထင်မြင်သေးသော လက္ခဏာများကို ပြသထားပြီး သူမ၏အလုပ်များကို ရပ်ဆိုင်းပစ်ရန် ကြံရွယ်နေမှန်း ပေါ်လွင်သည်။


ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည့် အကျိုးဆက်မှန်း ယွဲ့ရှမ်ရှမ် ကောင်းကောင်း သိပါသည်။ ထို့ကြောင့် J-Kingနှင့် အလုပ်တွဲလုပ်ရမည့် ကံကြမ္မာကို လက်ခံရတော့မည်။


တိတ်ဆိတ် အေးချမ်းသော ညချမ်းလေးမှာ ယွဲ့ရှမ်ရှမ်က ဇာတ်ညွှန်းစာရွက်လေးကို ကိုင်ဆောင်ပြီး J-Kingနှင့် တွေ့ဆုံရန် ဟိုတယ်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း လင်းချုံးက J-Kingဘေးနား ရှိနေသည်။


"နင် ဦးနှောက်များ ပျက်နေသလား။ ဘာလို့ သတင်းထောက်ကို နင့်ဘေးနား ခေါ်ထားသလဲ"

ယွဲ့ရှမ်ရှမ်က လင်းချုံးကို အကဲခတ်နေသည်။
"ဟိုးအရင်တုန်းက သူ ဘာတွေ ရူးမိုက်ခဲ့လဲ မေ့သွားသလား"

" ဒါတွေအားလုံးက နားလည်မှုလွဲခဲ့တာပါ။ အခုကစပြီး ငါတို့တွေက တစ်လှေတည်းစီး ခရီးသွားတွေလေ"

J-Kingက သူ့အင်္ကျီကို သပ်ရပ်အောင် ပြင်ဆင်သည်။
"ငါ မှာထားတဲ့ ပစ္စည်း ယူလာလား"

ယွဲ့ရှမ်ရှမ်က သူ့လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို ထုတ်မပေးခင် လင်းချုံးကို အကဲခတ်သည်။


J-Kingက ဇာတ်ညွှန်းစာရွက်ကိုကြည့်ပြီး စိတ်လှုပ်ရှားနေ၍ မျက်ဝန်းများက လင်းလက်နေသည်။

"ဒီရုပ်ရှင်ကို တရားဝင် ဖြန့်ဝေဖို့ အနည်းဆုံး နှစ်ဝက်လောက် ကြာဦးမယ်။ သူတို့တွေ ရိုက်ကူးရေး လုပ်နေတဲ့ အချိန်က ငါတို့ရုပ်သံဇာတ်လမ်းတွဲ အသက်သွင်းလို့ ရတယ်"

ယွဲ့ရှမ်ရှမ် ယူဆောင်လာသော ဇာတ်ညွှန်းက အရေးပါမှန်း လင်းချုံး သိနေသည်။ 'Stupid'ရုပ်ရှင်က အောင်မြင်နိုင်ချေ ရာခိုင်နှုန်းမြင့်မားသော ရုပ်ရှင် ဖြစ်သည်။ ယွဲ့ရှမ်ရှမ်က သူမ လက်မှတ်ထိုးထားသော စာချုပ်ပါ စည်းမျဉ်းကို ချိုးဖောက်ပြီး မို့ထင်ကို ဆန့်ကျင်ရဲလိမ့်မည်ဟု မတွေးခဲ့မိဖူးပေ။


ယွဲ့ရှမ်ရှမ်က J-Kingကို တစ်ချက်မျှ မကြည့် လင်းချုံးကိုသာ မျက်တောင်မခတ် အကဲခတ်နေသည်။

"နင့်လို သတင်းထောက်က ဘယ်နေရာမှာများ အသုံးဝင်နေလဲ ငါတကယ် နားမလည်နိုင်ဘူး"

"အခုတော့ မပြောသေးဘူး။ လုပ်ရပ်ကနေ စောင့်ကြည့်ပေါ့။ မင်းရော မင်းကို ပေးခဲ့တဲ့ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့လို့လား"


" နင်... "


" မင်းက ပရိသတ်တွေနဲ့ရော အေဂျင်စီနဲ့ရော ပြဿနာတက်ထားတော့ မင်းရော ဘယ်နေရာမှာ အသုံးဝင်နိုင်သေးလို့လဲ။ မင်းရဲ့ ပရိသတ်ကြောင့် မင်းလည်း ပြဿနာတက်ခဲ့တာ မလား"

လင်းချုံးက အတိတ်ကို ပြန်တူးဆွရန် ကြိုးစားနေသည်။

"ဒီစကား ဒီနေရာမှာတင် ရပ်လိုက်တော့"

J-Kingက စကားဖြတ်ပြောသည်။ သူ့မျက်နှာက မည်းသည်းနေသည်။
"ကျွမ်းကျင်တဲ့ Anti-fanကို ငှားရမ်းပြီး အကောင်းဆုံး blog တစ်ပုဒ် ရေးခဲ့တာပဲ။ ပရိသတ်တွေကြား ပဋိပက္ခဖြစ်အောင် ငါကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ လုပ်ခဲ့တာတောင် အစီအစဉ် ပျက်စီးခဲ့ရတယ်။ မို့ထင်မှာ ငါ့ထက် ပိုရက်စက်တဲ့ အကြံအစည်တွေ ရှိမယ်လို့ ကြိုမတွေးခဲ့တာ ငါတို့ အမှားပေါ့။ ငါတို့တွေ ရလဒ်ကြောင့် တစ်ယောက်ကို တစ်ယောက် အပြစ်တင်လို့ မရဘူး။ မို့ထင်က အရမ်းကို တွက်ချက်တတ် အမျှော်အမြင်ကောင်းနေတာက တစ်ကွက်သာ နေတာလေ"

လင်းချုံးက ယွဲ့ရှမ်ရှမ်ကို ကြည့်ကာ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။


"အခုဆိုရင် ဟိုက်ဟွေ့ဖျော်ဖြေရေးက ရှယ်ရာရှင်အားလုံးက ငါ့ကို ပုလိပ်ရောဂါသည်ကြီးလို ဆက်ဆံကြတယ်။ သူတို့တွေ ငါ့ကို ရှောင်တိမ်းနေတာ တွေးမိတိုင်း ဒေါသထွက်လွန်းလို့ သွေးပွက်ပွက်ဆူလာတယ်"


"ဟွန့်။ နင်က မို့ထင်စီကနေ အာဏာလုချင်ခဲ့လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေလေ"


လင်းချုံးက စကားဝင်မပြောဘဲ သူ့အိတ်ကပ်ထဲမှ ကင်မရာ အသေးစားလေးကို ခိုးကြောင်ခိုးဝှက် ပိတ်လိုက်သည်။


သူတို့သုံးယောက် အတူတကွ ညစာ စားသုံးပြီးနောက် ယွဲ့ရှမ်ရှမ်က အရင်ဆုံး ပြန်သွားသည်။


သူမ ထွက်သွားမှ J-Kingက လင်းချုံးဘက် လှည့်ကာ စကားပြောလာသည်။

"လင်းချုံး၊ မင်းကို ငါ့ဘေးနား ဘာလို့ ဆက်ထားလဲ သိလား။ ငါ့အတွက် အကျိုးရှိမယ် ပစ္စည်းတွေ အမိဖမ်းပေးနိုင်ဖို့ မျှော်လင့်လို့ပဲ"

"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်"


လင်းချုံးက ဩရှရှ လေသံဖြင့် ပြန်ဖြေသည်။


လင်းချုံး၏ ဟိုက်ဟွေ့အပေါ် ထားရှိသော အမုန်းအာဃာတကို ယုံကြည်မိ၍ သူ့ကို သစ္စာဖောက်စရာ အကြောင်းအရင်း မရှိပေ။


သို့သော်လည်း ဟိုတယ်မှ ထွက်ခွာလာပြီးနောက် လင်းချုံးက သူ ယာယီတည်းခိုသော နေရပ်သို့ ပြန်လာပြီး သူ ခိုးရိုက်ထားသော မှတ်တမ်းကို ဖန်ယွီထံ ပို့ပေးသည်။ 'Stupid'ရုပ်ရှင် ဇာတ်ညွှန်း ပေါက်ကြားသည့် အချက်ကိုပါ အသိပေးခဲ့သည်။


ကလိမ်ကကျစ် နည်းလမ်းများကို သုံးခဲ့ဖူးသော လင်းချုံးက အကျင့်စာရိတ္တကောင်းမွန်သော အပြုအမူမျိုးကို လုပ်ဆောင်လာ၍ ဖန်ယွီ အံ့ဩနေမိသည်။


အသေးစိတ် တွေးတောပြီးမှ လင်းချုံးထံ စာပို့ခဲ့သည်။

"မင်း နောက်ဆုတ်နေလိုက်။ ဘေးကင်းလုံခြုံတဲ့နေရာမှာ အရင်ဆုံးနေဦး"

"ယွဲ့ရှမ်ရှမ်က J-Kingထိန်းချုပ်မှုအောက်မှာ ရှိတယ်"


လင်းချုံးက တစ်စုံတစ်ရာကို ပြောချင်နေမှန်း ဖန်ယွီ သဘောပေါက်သည်။


"မင်း စတူဒီယိုကို မင်းပြန်တော့။ မို့သူဌေးက ကျန်တာတွေ ဖြေရှင်းလိမ့်မယ်"


လင်းချုံး ပြန်မဖြေ၍ ဖန်ယွီ တိုက်တွန်းသည်။

"မင်း နောက်ဆုတ်ရမယ်"

လင်းချုံးက တုံးအသူ မဟုတ်နေ၍ J-Kingကို ဖုန်းဆက်ကာ နာမည်ကြီး သတင်းစုံစမ်းမည့် အကြောင်းပြချက် ပေး၍ ခဏ ခရီးထွက်မည့်အကြောင်း အသိပေးခဲ့သည်။ ထိုမှသာ J-Kingက သူ့ကို အကြွင်းမဲ့ ယုံကြည်ပေလိမ့်မည်။


***

အပိုင်း(၃၃၃)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now