"ဟုတ်တယ်။ ငါ သရုပ်ဆောင် လုပ်တော့မယ်"
 
 
ထျန်းနင်က လေးလေးနက်နက် ပြန်ဖြေသည်။
 
"တကယ်ပြောနေတာလား။ နင့်မှာ သရုပ်ဆောင် အတွေ့အကြုံ လုံးဝ မရှိဘူးလေ။ နင့်ကို ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က လှောင်ရယ်နေမှာပေါ့"
 
လုံကျဲက ထျန်းနင် သွားမည့်လမ်းကို ပိတ်ရပ်ကာ စိုးရိမ်တကြီး ပြောဆိုနေသည်။
 
"မင်းသားလင်းရှန်းရော ထုတ်လုပ်ရေး အဖွဲ့ တစ်ဖွဲ့လုံး နင့်ကို သဘောမကျတာ နင်လည်း သိနေတာပဲဟာ။ ဖြစ်ပါ့မလားဟယ်"
 
 
"စိတ်မပူပါနဲ့။ ဘာဆက်လုပ်သင့်လဲ။ ငါ ဘာလုပ်နေလဲ ငါ ကောင်းကောင်း သိပါတယ်"
 
ထျန်းနင်က လုံကျဲကို ဘေးတွန်းဖယ်ပြီး ခရီးဆောင်အိတ်ကို ပိတ်သည်။
"နင့်ချစ်ချစ် လုချယ်နဲ့ ခဏလေးတော့ခွဲနေရမယ်နော်။ အလုပ်အသစ်မှာ ငါတစ်ယောက်တည်း အဆင်မပြေလောက်ဘူး။ နင် ငါ့ဘေးနား နေပေးရမယ်နော်"
 
"ဒါနဲ့ သူဌေးကြီးရော ဘယ်ရောက်နေလဲ ။ နင့်ဘေးနား မနေဘူးလား"
 
 
"ငါတစ်ယောက်တည်း ရင်ဆိုင်သင့်တဲ့ ပြဿနာတွေ ရှိတယ်လေ"
 
ထျန်းနင်ကို အထင်မြင်သေးသော ရုပ်ရှင်အဖွဲ့ဝင်များနှင့် အဆင်ပြေအောင် ညှိယူရဦးမည်။
 
ထျန်းနင်က လုံကျဲဘက်လှည့်ကာ စကားထပ်မပြောခင် အတွေးထဲ နစ်မြောနေသည်။
 
"အိမ်မြန်မြန်ပြန်ပြီ။ ပြင်ဆင်သင့်တာ ပြင်ဦး။ ညနေ ၅နာရီ ရိုက်ကွင်း ရောက်ဖို့ လိုအပ်တယ်"
 
"ရုပ်ရှင်ရိုက်ကူးရေးကို သဘောကျလို့ အလုပ်ပြောင်းတော့မလို့လား"
 
 
"စူပါမော်ဒယ်ရော မဖြစ်ချင်တော့ဘူးလား။ နင့်ရည်မှန်းချက် ပြည့်ဖို့ ခြေတစ်လှမ်းပဲ လိုအပ်တော့တာနော်"
 
 
"ဒါပေမဲ့ 'ထင်'က ငါ့ကို လိုအပ်နေတယ်"
 
စူပါမော်ဒယ် ဘဝ တက်လှမ်းရန် နီးစပ်နေမှန်း ထျန်းနင်လည်း သိပါသည်။ မို့ထင်၏ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး ဇာတ်ရုပ် အရေးတကြီး လိုအပ်နေသည်။ သည်နှစ် စူပါမော်ဒယ် ဖြစ်ခွင့် မရခဲ့လည်း လာမည့်နှစ် မျှော်လင့်ချက် ရှိသေးသည်။
 
"ဒါဆိုရင်လည်း ငါ နင့်ကို မဖျောင်းဖျတော့ဘူး။ နင့် ဆုံးဖြတ်ချက် မပြောင်းလဲရင်တောင် ငါက နင့်ကို အမြဲ အဖော်ပြုပေးနေမှာပါ"
 
ထိုစကားကို ပြောပြီးနောက် လုံကျဲ လှည့်ထွက်သွားပြီး လုချယ်ကို ဖုန်းဆက်အကြောင်းကြားသည်။ အိမ်ပြန်ရောက်သည်နှင့် လိုအပ်သည့် ပစ္စည်းများကို အလျင်စလို ပြင်ဆင်ရသည်။
 
 
ထိုစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးက 'Stupid'ရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသမီး ပြောင်းလဲခဲ့သည့် သတင်းကို ကြေညာချက် ထုတ်ပြန်သည်။ ဇာတ်ကား ပြန်ရိုက်ကူးတော့မည်ဟု ကြေညာခဲ့သည့် ယွဲ့ရှမ်ရှမ်က ဖျော်ဖြေရေးလောကတွင် လှောင်ရယ်စရာ ဘဝရောက်သွားခဲ့သည်။
 
 
 
သို့သော်လည်း ယခုပြဿနာက သူမအတွက် စိတ်ထိခိုက်စေလောက်သည့် ပြဿနာရပ်မျိုး မဟုတ်နေပေ။ သိပ်မကြာခင်မှာ အခြေအနေ ပြန်တည်ငြိမ်သွားနိုင်သည်။ အမှန်တကယ် ရင်ဆိုင်ရမည့် ပြဿနာရပ်က J-Kingတောင်းဆိုထားသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ရိုက်ကွင်းထဲ ဝင်ရောက်ခွင့် မပြုခဲ့၍ ပြင်သစ်ဒါရိုက်တာလက်ထဲမှ ဇာတ်ညွှန်းကို မည်သို့မည်ပုံ ခိုးယူရမည်နည်း။ ထို့အပြင် သူမက သရုပ်ဆောင်မင်းသမီး အဆင့်သာ ဖြစ်နေ၍ သူမ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းနှင့် ပတ်သက်သော ဇာတ်ညွှန်းကိုသာ ယူထားရ၍ ဇာတ်လမ်းအပြည့်အစုံ မရှိခဲ့ပေ။
 
 
သူမလည်း ကြံရာ မရသည့်အဆုံး သူမပါဝင်သည့် ဇာတ်ညွှန်းကို ကိုးကားပြီး အကြံအဖန်လုပ်ရန် ရည်ရွယ်ထားသည်။
 
 
သူမမှာ ရွေးချယ်ခွင့် မရှိ၍ ယခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏အပြုအမူကြောင့် မို့ထင် အပြစ်မတင်ရန်သာ မျှော်လင့်မိသည်။
 
 
ထို့နောက် သူမလည်း လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်ပြီး J-Kingကို ဖုန်းခေါ်သည်။
 
"နင် ခိုင်းတဲ့အတိုင်း လုပ်ထားတယ်။ အားလုံးအသင့်ပဲ။ ငါတို့တွေ ဘယ်အချိန် ဆုံကြမလဲ"
 
" ဒါဆိုရင်တော့ တတ်နိုင်သလောက် အမြန်််ဆုံး တွေ့ကြတာပေါ့"
 
ဖုန်းတစ်ဖက်ခြမ်းမှ J-King ခနဲ့နေသည်။
" ဇာတ်ညွှန်း ငါ့လက်ထဲ ရောက်တာနဲ့ ရိုက်ကူးရေး စတင်မယ်လို့ တွေးနေသလား"
 
"အဲဒီဇာတ်ညွှန်းအတိုင်း ရိုက်ကူးစရာလား။ ဇာတ်ညွှန်းကို ပိုကောင်းအောင် ပြုပြင်မယ်။ 'Stupid'ရုပ်ရှင်ထက် ပိုကောင်းစေရမယ်။ ပြီးရင် အဲဒီဇာတ်လမ်းကို ဇာတ်လမ်းတွဲ ပြောင်းလဲပစ်မယ်။ ကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရှာမယ်။ ပြီးရင် ထိပ်တန်း သရုပ်ဆောင်တွေကို ကမ်းလှမ်းပြီး ဇာတ်ကား ရိုက်ကူးမယ်"
 
 
" မသတီစရာပဲ"
 
 
" ယွဲ့ရှမ်ရှမ် မင်း ဘာစကား ပြောတာလဲ။ စကားကို ထိန်းပြောစမ်း။ ဒီလိုစကားပြောတာက မင်းကိုယ်မင်း တံထွေးနဲ့ ပြန်ထွေးနေသလိုပဲနော်"
 
 
ထိုစဉ် လင်းချုံးက J-King နေထိုင်သော နေရာကို ရှာတွေ့သွားပြီး ဒဏ်ရာ ဒဏ်ချက်များကြောင့် မူးလဲသွားသည်။
 
 
J-Kingက သူ့အနားကပ်လာသူကို သူတောင်းစားဟု တွေးမိသော်လည်း သေချာအသေးစိတ် ကြည့်ရှု့လိုက်မှ လင်းချုံး ဖြစ်နေမှန်း သဘောပေါက်သွားသည်။ လင်းချုံးက သူ့အတွက် အသုံးဝင်နေသေးသည်ဟု ခံစားမိသည်။ ထို့ကြောင့် လင်းချုံးကို သူ့အိမ် တွဲခေါ်သွားရန် လုံခြုံရေးကို ညွှန်ကြားခဲ့သည်။
 
 
J-King၏စံအိမ်တော်မှာ သတိရလာသော လင်းချုံးက ကြောက်လန့်တကြား ထထိုင်လိုက်ပြီး J-Kingကို ကြောက်ကြောက်ရွံရွံ အကဲခတ်နေသည်။
 
 
"ငါပါ။ မင်း ဘာတွေ ကြောက်လန့်နေတာလဲ"
 
J-King ရယ်မောသည်။
"မင်းကို ရိုက်နှက် ဆုံးမဖို့ လူလွှတ်ခဲ့မိတာ ငါ မှားသွားခဲ့တယ်။ မင်း ငါ့အတွက် အလုပ်မလုပ်ပေးတော့ဘူးလား။ ငါက ကိုယ်ပိုင်ရုပ်ရှင်အေဂျင်စီ ထောင်တော့မယ်"
 
လင်းချုံးက ခဏကြာ တွေတောပြီးမှ ခေါင်းညိတ်သည်။
 
 
သို့သော်လည်း J-King ကျောခိုင်းလိုက်သည်နှင့် သူ့မျက်နှာ မှောင်မိုက်သွားသည်။ လူယုတ်မာကောင်၏ အိမ်ထဲ ဝင်ရောက်ခွင့် ရခဲ့၍ နာကျင်မှုကို သည်းခံနိုင်သေးသည်။
 
 
"ဒါနဲ့ ငါ နားမလည်နိုင်တာက မင်းကို ခွေးလို ရိုက်နှက်ခဲ့တဲ့ ငါ့စီ ဘာလို့ လာတာလဲ။ မင်းက မို့ထင်ကို သွားတွေ့သင့်တာလေ"
 
J-King မတ်တတ်ထရပ်လိုက်ပြီး မသင်္ကာမကင်း မေးမြန်းသည်။
 
လင်းချုံး ပြန်မတုံ့ပြန်ပေ။ သူ တုန်ရီနေသည်။ သူက သဘာဝဆန်သော အပြုအမူဖြင့် သူ့ခံစားချက်ကို ဖော်ပြနေသည်။ J-Kingက သူ့အပြုအမူကို နားလည်လိမ့်မည်ဟု ယူဆမိသည်။
 
 
"မင်း အနားယူလို့ ရပြီ"
 
 
...
 
 
နေ့လည်ခင်းမှာ ထျန်းနင်က ရုပ်ရှင်ရိုက်ကူးသော ရိုက်ကွင်းသို့ ရောက်လာခဲ့သည်။ လက်ထောက်ဒါရိုက်တာ သူမကို အသင့်ကြိုဆိုနေသည်။
 
 
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ တစ်ဖွဲ့လုံးမှာ Coque နှင့် လက်ထောက်ဒါရိုက်တာသာ ထျန်းနင်ကို ခေါင်းဆောင်မင်းသမီး ရွေးချယ်လိုက်မှန်း သိနေသည်။
 
 
မို့ထင်ကို မျက်နှာချိုသွေးချင်၍ လက်ထောက်ဒါရိုက်တာက ထျန်းနင် အနားယူနိုင်ရန် ဟိုတယ်၏ အကောင်းဆုံး အခန်းကို ကြိုစာရင်းပေးထားသည်။ ထို့မှသာ ထျန်းနင် စိတ်အေးချမ်းသာစွာ အနားယူနိုင်မည်။
 
 
သို့တိုင် ထျန်းနင်က သူ့ကြိုးစားအားထုတ်မှုကို ဂရုစိုက်နေမည် မဟုတ်ပေ။ သူမက လက်ထောက်ဒါရိုက်တာကို အေးအေးလူလူ စကားပြောလာသည်။
 
"ငါ အစမ်းသရုပ်ဆောင်ချင်တယ်"
 
 
မော်ဒယ်တစ်ဦးတွင် မည်ကဲ့သို့သော သရုပ်ဆောင်စွမ်းရည်မျိုး ပိုင်ဆိုင်မည်နည်းဟု လက်ထောက်ဒါရိုက်တာ၏စိတ်ထဲ တွေးတောနေမိသည်။ သူမက ဟန်ပြသရုပ်ဆောင်ရုံသာ မဟုတ်လော။ မည်သည့်အတွက်ကြောင့် အလေးအနက် ထားနေသနည်း။
 
 
 
"ဒီနေ့ရော မို့သူဌေးက မင်းနဲ့အတူတူ ရိုက်ကွင်း မလိုက်လာဘူးလား။ အစမ်းသရုပ်ဆောင်ကြည့်ချင်တာ ကောင်းပါတယ်။ အရင်ဆုံး ရိုက်ကွင်း အနှံ့လိုက်ပို့ပေးမယ်လေ"
 
 
"မို့သူဌေးက အခုလို လုပ်ရပ်မျိုး လုပ်မယ်လို့ တွေးကို မတွေးမိခဲ့ဘူး"
 
 
"မို့သူဌေးက တခြားတစ်ယောက်ကြောင့် အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့တာ ပထမဆုံးပဲ ထင်တယ်။ ဒါပေမဲ့ 'Stupid'ရုပ်ရှင်က ဟိုက်ဟွေ့ဖျော်ဖြေရေး အတွက် အရေးပါဆုံး ပရော့ဂျက်ပဲ။ ထျန်းနင်ကြောင့် ပျက်စီးသွားမှာ မကြောက်ဘူးလား"
 
 
"ဒါက မို့သူဌေးအတွက် မပြောပလောက်တဲ့ ငွေကြေးပမာဏလေးပါ။ သူ့ကို ထျန်းနင်က စိတ်ကြိုက်ဆော့ကစားပြီး ပစ်ပြေးသွားမှာ မကြောက်ဘူးလား"
 
 
"ရွံ့စရာကောင်းလိုက်တာ။ မော်ဒယ်ဘဝနဲ့ အေးအေးဆေးဆေး နေပါလား။ အဲဒီမိန်းမသာ သရုပ်ဆောင်နိုင်ရင် ငါတို့က အကောင်းဆုံး မင်းသမီးသရုပ်ဆောင် ဖြစ်နေလောက်ပြီ"
 
 
ထျန်းနင်က လက်ထောက်ဒါရိုက်တာ နောက်လိုက်လာသည်။ သို့တိုင် သူမ၏ နောက်ကွယ်မှ ဆွေးနွေးသံများကို ကြားနိုင်သေးသည်။ သူမက မျက်မှောင်ကြုတ်လိုက် သော်လည်း သူတို့နှင့် ငြင်းခုန်ချင်စိတ် မရှိခဲ့ပေ။ သူမ၏ ပထမဆုံး နေ့ရက်လေးကို မညစ်နွမ်းချင်ပေ။
 
 
"အားလုံး အသံတိတ်ပြီး ပြောတာကို နားထောင်ပေးပါ။ လင်းရှန် မင်း သေချာ နားထောင်နော်"
 
 
လက်ထောက်ဒါရိုက်တာက ထျန်းနင်ကို ဆွဲခေါ်ပြီး ထိပ်တန်းသရုပ်ဆောင် မင်းသားကို တရားမလွန်ရန် သတိပေးသည်။
 
 
လင်းရှန်က ထျန်းနင်ကို လှည့်ကြည့်လာသည်။ သူ့မျက်ဝန်းက လှောင်ရိပ်များ နှင့် မကျေနပ်သော ခံစားချက်များ ရောယှက်နေသည်။
 
 
"သုံးစားမရတဲ့ မိန်းမနဲ့ အတူတူ သရုပ်မဆောင်ချင်ဘူး"
 
ထိုစကားကို ပြောပြီးနောက် လင်းရှန်းက ထွက်ပေါက်သို့ ဦးတည်သွားသော်လည်း ထျန်းနင်က ရုတ်တရက် စကားပြောလာပြီး သူ့ကို သတိလှမ်းပေးသည်။
 
"ဘာလို့ ဒီမှာ မနေတာလဲ။ ငါ အစမ်းသရုပ်ဆောင်တာ မကြည့်တော့ဘူးလား"
 
 
"မင်း"
 
လင်းရှန်း နှာခေါင်းရှုပ်မိသည်။
"ဘာ ကြည့်နေဖို့ လိုအပ်လို့လဲ။ ယွဲ့ရှမ်ရှမ် သရုပ်ဆောင်တာ အကောင်းဆုံးပဲလေ"
 
***
အပိုင်း(၃၃၀)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now