ဒါရိုက်တာချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
 
 
"မင်း ဘာကို ဆိုလိုချင်တာလဲ"
 
တခြားသော ရှယ်ရာရှင်များက မို့ထင် ပြောချင်သည့် စကား၏အဓိပ္ပါယ်ကို နားမလည်နိုင်၍ ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလာသည်။
 
"ခင်ဗျားရဲ့သား J-Kingက နှစ်ဖက် ပရိသတ်ကြား အငြင်းပွားဖွယ် ရန်ပွဲဖြစ်အောင် ဘယ်လိုတွေ အားပေး အားမြှောက်လုပ်ခဲ့သလဲ၊ သရုပ်ဆောင်ယွဲ့ရှမ်ရှမ်  ရုပ်ရှင်ရိုက်ကူးရေး ရပ်တန့်အောင် ဘယ်လိုတွေ ဖိအားပေးခဲ့သလဲ၊ ဥပဒေအရ ဖြေရှင်းရတဲ့ အခြေအနေရောက်အောင် ငွေပေး စေခိုင်းခဲ့လဲ ကျုပ်သိတယ်ဆိုတာ ခင်ဗျားတို့ကို ပြောပြနေရတာပဲ။ ဒီကနေ့ အစည်းအဝေးပွဲကို ကြည့်လိုက်ရင် အဖြေက ရှင်းနေတာပဲလေ"
 
 
"မို့သူဌေး၊ ခင်ဗျားကိုယ် ခင်ဗျား ကယ်တင်ချင်ရုံနဲ့ ကျုပ်သားကို မစော်ကားစမ်းပါနဲ့"
 
ဒါရိုက်တာချန်းက အေးစက်စက် လေသံဖြင့် အော်ငေါက်သည်။
 
"ကောင်းပြီလေ၊ ဒီလိုဆိုရင် ခင်ဗျား ဒီလို အချက်အလက်တွေ စုဆောင်းလာတာ ခင်ဗျားအတွက် ဘာများ အကျိုးအမြတ် ရမှာမို့လဲ ရှင်းစမ်းပါဦး"
 
မို့ထင်က စာရွက်အထပ်လိုက်ကို မြှောက်ပြသည်။
"ခင်ဗျားက ကျုပ်ကို မကောင်းကြံချင်လို့သာ ကျုပ်တာဝန်ယူထားရတဲ့ အနုပညာရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းတာပေါ့။ ကျုပ်ကို ငတုံးငအလို့များ တွေးနေသလား။ ဒါပေမဲ့ မန်နေဂျာတိုင်းက သူတို့အနုပညာရှင် အလုပ်ရဖို့ နဲ့ သူတို့ထမင်းရှင်ကို ကာကွယ်ဖို့ ဒီနည်းလမ်းအတိုင်းပဲ ပြဿနာကို ဖြေရှင်းကြတာလေ။ ကျုပ်က ဘာများ ထူးကဲပြီး အမှားကျူးလွန်ထားလို့လဲ"
 
ရှယ်ရာရှင်များကို တစ်ယောက်ကို တစ်ယောက် ကြည့်နေသော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောကြပေ။
 
 
တကယ်တမ်း မို့ထင် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက အကျိုးအကြောင်းခိုင်လုံပြီး နည်းမှန်လမ်းမှန် ဖြစ်နေသည်။ ဖျော်ဖြေရေးလောကသည် ငွေကြေးဓန နှင့် နောက်ခံအင်အားကို တန်ဖိုးထားသော လူ့ဘောင်လောကကြီး ဖြစ်လေ၏။ တချို့သော မန်နေဂျာများက သူတို့အနုပညာရှင်အတွက် လက်သီးပုန်း နည်းလမ်းကို သုံးတတ်သည့် ကောက်ကျစ်စဉ်းလဲသူများ ဖြစ်သည်။ သူတို့အားလုံး၏ ကောက်ကျစ်မှုအဆင့်က မို့ထင်ထက် သာလွန်ပါသည်။
 
 
ဒါရိုက်တာချန်းက မို့ထင်ကို မည်သည့်အတွက်ကြောင့် ပစ်မှတ်ထားသနည်း။
 
 
"ဒီလိုဆိုရင်တောင် မင်းက ငါ့သားကို စော်ကားခွင့် မရှိဘူး"
 
 
"ကောင်းပါပြီ။ ဒါဆိုရင် ကျုပ်ကလည်း ရန်လိုနေတဲ့ ခင်ဗျားကို သွယ်ဝိုက်နည်းတွေနဲ့ မပြောတော့ဘူး။ အခြေအနေအတိုင်း ပြဿနာကို ရှင်းကြတာပေါ့။ ဒီမှာရှိနေတဲ့ လူတိုင်းက ဟိုက်ဟွေ့မိသားစုကြီးရဲ့ မိသားစုဝင်တွေပဲ။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကြောင့် ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို မပေါက်ကြားစေဘူးလို့ ယုံကြည်ပေးထားမယ်"
 
မို့ထင်၏နှုတ်ခမ်းက အပေါ်ကော့ညွှတ်သွားပြီး သူ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်ကို တင်ပြသည်။
"ဒီအချက်အလက်တွေကို ဖတ်ကြည့်ပါ၊ ဒါဆိုရင် ကျုပ် အချိန်ဆွဲနေရတဲ့ အကြောင်းအရင်းကို နားလည်သွားလိမ့်မယ်"
 
ဒါရိုက်တာဘုတ်အဖွဲ့က သူတို့လက်ထဲ ရောက်လာသော စာရွက်စာတမ်းများကို ကြည့်ပြီး တစ်ပြိုက်နက်တည်း ခေါင်းညိတ်ကြသည်။ သူတို့မျက်နှာပေါ်မှ ဒွိဟဖြစ်သော ခံစားချက်များလည်း ယခုမှ ပြယ်လွင့်သွားခဲ့သည်။
 
 
သို့တိုင် ဒါရိုက်တာချန်းက စိတ်မတင်မကျ ဖြစ်နေသည်။
 
 
သူ မြင်ခဲ့သော အချက်အလက်များကို သူ့သားအား ပြောပြခဲ့မိလျှင် သူ အရေးနိမ့်သွားလိမ့်မည်။
 
 
သူ့သားကို မပြောပြခဲ့လျှင်လည်း သူ့သား J-King၏အစီအစဉ်အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
 
 
"ဒါရိုက်တာချန်း ဘယ်လိုလဲ။ အခုအချိန်ထိ စိတ်ဓာတ် မပြတ်မသားဘူးလား"
 
 
" မဟုတ်ပါဘူး"
 
ဒါရိုက်တာချန်းက စိတ်ရှုပ်ထွေးစွာ ပြန်ဖြေသည်။
 
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီနေ့ အစည်းအဝေးတက်တဲ့ ရှယ်ရာရှင် အားလုံးရဲ့ မျက်လုံးတွေက ခင်ဗျားကို မျက်စိထောင့် ထောင့်ကြည့်နေမှာတော့ မမေ့နဲ့ဦး။ အချက်အလက်တွေ ပေါက်ကြားသွားရင် နောက်တစ်ခေါက် အစည်းအဝေးပွဲက ခင်ဗျားအတွက် ဖြစ်သွားလိမ့်မယ်"
 
မို့ထင်၏အသံက ရှယ်ရာရှင်အားလုံး၏နားစည်ထဲ ပဲ့တင်ထပ်လာသည်။
"ဒီအကြောင်းကို ဒါရိုက်တာချန်း တစ်ယောက်တည်းကို ရည်ညွှန်းပြောနေတာ မဟုတ်ဘူးနော်။ အားလုံး သိဖို့ ပြောနေရတာပဲ။ ဒါက အားလုံးအတွက် အသိပေးချက်လည်း ဖြစ်တယ်။ ငါ့ရာထူးကို လုယူဖို့ သတ္တိရှိရင် စမ်းကြည့်လိုက်လေ"
 
မို့ထင်၏အပြုံးက ခံစားချက်ပေါင်းစုံကို ပေးစွမ်းသည်။ မို့ထင် ခံစားချက် ကင်းမဲ့သော မျက်နှာအမူအရာဖြင့် နှုတ်ဆိတ်နေခြင်းထက် ပြုံးနေခြင်းက ပို၍ ကြောက်စရာ ကောင်းနေသည်။
 
 
ရှယ်ရာရှင်အားလုံးက မို့ထင်၏အလုပ် လုပ်ကိုင်နိုင်စွမ်းကို ကောင်းကောင်းကြီး သိနေသည်။ မို့ထင် ခေါင်းကြည်ကြည်လင်လင် ရှိနေသရွေ့ ကာလပတ်လုံး မို့ထင်က ဟိုက်ဟွေ့ဖျော်ဖြေရေးကို ကောင်းမွန်စွာ စီမံ့နိုင်သည်။ ထို့ကြောင့်လည်း မို့ထင်ကို ဟိုက်ဟွေ့ဖျော်ဖြေရေး၏ တစ်ဦးတည်းသော အုပ်ချုပ်သူအဖြစ် သူတို့အားလုံးကပျော်ပျော်ရွှင်ရွှင်ဖြင့် လက်သင့်ခံနိုင်သည်။
 
 
မို့ထင်က လိင်မှုကိစ္စမှာ မျက်ကန်းတစ္ဆေ မဖြစ်နေသရွေ့ မို့ထင်ကို သံသယကင်းကင်းဖြင့် ယုံကြည်နိုင်သည်။
 
 
ယနေ့မှစ၍ ဒါရိုက်တာချန်းနှင့် လမ်းမှာ ထိပ်တိုက်တွေ့ရလျှင် တခြားလမ်းကိုသာ ရွေးလျှောက်မိလိမ့်မည်။ သို့တည်းမဟုတ်လျှင် ဒါရိုက်တာချန်း၏ ကောက်ကျစ်စဉ်းလဲသော ထောက်ချောက်မှာ သူတို့အကြိမ်ကြိမ် ပြိုလဲမိလိမ့်မည်။
 
 
သိပ်မကြာလိုက် ရှယ်ရာရှင်အားလုံးက အစည်းအဝေးအခန်းမှ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြသည်။ ဒါရိုက်တာချန်းလည်း မပြတ်သားသော မျက်နှာအမူအရာဖြင့် တံခါးပေါက်နား လမ်းလျှောက်သွားသည်။ သူ့အကြံအစည်ကို ဖုံးကွယ်ထားရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အဆုံးသတ်မှာတော့ မို့ထင်၏ အရာအားလုံး ထိုးထွင်းသိမြင်နိုင်သော အမြင်အာရုံမှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။
 
 
မို့ထင်၏ညွှန်ပြမှုကြောင့်လည်း ရှယ်ရာရှင်များက ဒါရိုက်တာချန်းကို စောင့်ကြည့်လိမ့်မည်။
 
 
သူ့ဘက်က တစ်ခုခုလွဲချော် သွားခဲ့လျှင် ရင်ဆိုင်ရမည့် ရလာဒ်က မတွေးဝံ့စရာပေ။
 
 
အဆုံးသတ်မှာတော့ ဒါရိုက်တာချန်းက အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သူ့သားအား မပြောပြရန် ဆုံးဖြတ်ခဲ့သည်။
 
 
....
 
 
"သူဌေး၊ ယုံကြည်ဖို့ မထိုက်တန်တာ သူတို့သားအဖတွေပဲ။ တခြားသူတွေ သူဌေးကို မေးခွန်းထောက်လာအောင် ကြံစည်ရဲသေးတယ်"
 
 
" ဒါရိုက်တာချန်းကို စောင့်ကြည့်ဖို့ လူလွှတ်ထား၊ သူ တစ်ခုခုလုပ်တာနဲ့ သက်သေယူထား"
 
မို့ထင်က လုချယ်ကို ညွှန်ကြားသည်။
" တခြားကိစ္စတွေလည်း အစီအစဉ်အတိုင်း ဆက်ဖြစ်လာမှာပါ"
 
ယွဲ့ရှမ်ရှမ်၏ပရိသတ်များကို ပြဿနာ ရှာခွင့်ပေးခဲ့ခြင်းသည် ယွဲ့ရှမ်ရှမ် ကိုယ်တိုင်က မတရားခံရသူ အဖြစ် သရုပ်ဆောင်နေခဲ့၍ ဖြစ်လေ၏။ သို့သော်လည်း အခြေအနေကို ပြောင်းပြန်လှန် လိုက်လျှင် မည်သို့ ဆက်ဖြစ်မည်နည်း။
 
 
...
 
 
"ကြည့်ရှုသူအားလုံးပဲ မင်္ဂလာပါခင်ဗျား။ မနက်ခင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စောနလေးတင်  ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ သတင်းအသစ်လေး သိထားတယ်"
 
 
" မျက်မြင်တွေ့တဲ့ သတင်းထောက်‌ရဲ့ ပြောကြားချက်အရ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မော်ဒယ် ထျန်းနင် သတင်းပါ။ ထျန်းနင် မောင်းနေကျ ကား ဘရိတ် ဖြတ်ခံရတဲ့ သတင်းက အားလုံးကို တုန်လှုပ်စေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လုပ်ကြံသူက မနူးမနပ်ဆိုတော့ ဖမ်းမိသွားလို့ ရဲလက်အပ်လိုက်ပြီ"
 
 
"ဖြစ်ချင်တော့ လုပ်ကြံသူက တခြားသူတော့ မဟုတ်ပါဘူး၊ ယွဲ့ရှမ်ရှမ်ကို အရူးအမူး နှစ်သက်တဲ့ ယွဲ့ပရိသတ်ပါ။ သူတို့ အသည်းလေးကို ထျန်းနင်နဲ့ ယှဉ်နေတာ သဘောမကျလို့ အသက်သေစေတဲ့ အထိ လုပ်ကြံခဲ့တာပဲ"
 
 
"ထျန်းနင်သာ နည်းနည်းလေး သတိလက်လွတ်သွားရင် အသက်ဆုံးရှုံးသွားနိုင်တယ်"
 
 
"နှစ်ဖက်ပရိသတ်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ယွဲ့ပရိသတ်တွေက အမြဲရန်လိုနေပြီး ထျန်းပရိသတ်တွေက ပရဟိတ အလုပ်တွေ ရန်ပုံငွေရှာဖွေတဲ့ အလုပ်တွေနဲ့ ဗျာများနေတယ်"
 
 
ဤဖြစ်ရပ်နှင့် ပတ်သက်သော ဆောင်းပါးများကို မီဒီယာတိုင်းက ဖော်ပြကြသည်။ အကျိုးဆက်အနေဖြင့် ယွဲ့ရှမ်ရှမ် ကိုယ်စား ယခင်က ပြောပေးခဲ့ဖူးသူအားလုံးက ဝင်မပတ်သက်တော့ပေ။ ထျန်းနင်၏ပရိသတ်များက ရိုင်းစိုင်း ယုတ်မာ တရားလွန်သည်ဟု သူတို့အားလုံး ပြောခဲ့ဖူးသော်လည်း ယွဲ့ပရိသတ်များက ကိုယ့်အရှက်ကိုယ် ခွဲသော အပြုအမူမျိုးကို လုပ်ဆောင်ခဲ့ပြန်သည်။
 
 
 
"ထျန်းပရိသတ်တွေ လွန်ခဲ့ပေမဲ့ ယွဲ့ပရိသတ်တွေရဲ့လုပ်ရပ်ကတော့ လူသတ်မှုကို ကျူးလွန်ခဲ့သလိုပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် စကားအချေအတင် များတာလောက်ကို ခန္ဓာကိုယ်ချင်း ထိခိုက်အောင် လုပ်ဖို့ လိုအပ်သလား။ ဒီတစ်ခေါက်တော့ ယွဲ့ပရိသတ်တွေ တအားကို လွန်တယ်"
 
 
 
"ယွဲ့ရှမ်ရှမ်၊ ခင်ဗျား ပရိသတ်တွေကိုလည်း ကြည့်ထိန်းပါဦး"
 
 
"ထျန်းနင်ရဲ့ပရိသတ်တွေကမှ ပိုရင့်ကျက်သေးတယ်"
 
 
"ငါတော့ ထျန်းနင်ရဲ့အီကျူကို လက်မထောင်တယ်။ ယွဲ့ရှမ်ရှမ်ကတော့ အရှက်မဲ့လွန်းတယ်"
 
 
တစ်ယောက်တစ်မျိုးစီ ယွဲ့ရှမ်ရှမ်ကို ရှုတ်ချကြသည်။ ယခုတော့ ယွဲ့ရှမ်ရှမ်က တရားခံဘဝ ရောက်သွားခဲ့သည်။
 
 
ယွဲ့ရှမ်ရှမ်က ပရိသတ် အတုအယောင် နည်းလမ်းကို သုံးပြီး ထျန်းနင်ကို သိက္ခာချခဲ့၍ ဟိုက်ဟွေ့ဖျော်ဖြေရေးကလည်း ထပ်တူနည်းလမ်းသုံးကာ ယွဲ့ရှမ်ရှမ်ကို တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်လေ၏။
 
***
အပိုင်း(၃၂၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now