Ep 322+323+324

Comincia dall'inizio
                                    

 
ကမ်း‌ခြေမင်္ဂလာပွဲကို ည၁၁နာရီအထိ ကျင်းပခဲ့သည်။ ထိုစဉ် ထျန်းနင်က အရက်မူးနေသော မို့ထင်ကို သူတို့နေထိုင်သော အခန်းထဲ ကူညီခေါ်ဆောင်သွားသည်။ မို့ထင်က မျက်လုံးပိတ်ထားပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ တကယ်တမ်း သူ့မျက်နှာက အနီရောင် မပြောင်းလဲခဲ့၍ ပုံမှန်အရက်မူးသမားနှင့် မတူညီခဲ့ပေ။ ထျန်းနင် ခန့်မှန်းထားသလို အနေအထား ဖြစ်နေခဲ့သည်။
 
 
မို့ထင် အရက်မူးနေသော်လည်း သူ့အကျင့်စရိုက်နှင့် ကွဲထွက်နေသော အပြုအမူမျိုးကို မလုပ်ဆောင်ခဲ့ပေ။
 
 
ထျန်းနင်က မို့ထင်ကို အိပ်ရာပေါ် တင်ပေးလိုက်ပြီး သူ့အတွက် ရေချိုးကန်ကို ရေဖြည့်ပေးရန် ကျောခိုင်းသည်။ သို့သော်လည်း မို့ထင်က သူ့လက်ကို ရုတ်တရက် လှမ်းဆွဲလာပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲခေါ်သွားသည်။
 
 
"ရှင် အရက်နံ့တွေ မွှန်းထူနေတယ်။ အရင်ဆုံး ရေသွားချိုးလိုက်ပါဦး"
 
 
မို့ထင်က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ထျန်းနင်၏မျက်ဝန်းများကို စိုက်ကြည့်သည်။
 
"ကိုယ် အရက်မူးနေတာ မြင်ချင်တယ်လို့ ချစ်လေး ပြောခဲ့တယ်လေ"
 
"ယောက်ျားက အရက်မူးနေပြီလား"
 
ထျန်းနင် သူ့ရင်ဘတ်ကို ဖွဖွလေး ထုရိုက်သည်။
"ယောက်ျားရဲ့ အရက်ခံနိုင်ရည်စွမ်း ဘယ်လောက်အထိ မြင့်လဲ သိချင်ရုံပါ။ လူတိုင်းက ယောက်ျားကို ရှုံးသွားတယ်နော်"
 
"ကိုယ် အရက်မူးလို့ မဖြစ်ဘူး"
 
မို့ထင်က လေးနက်သော လေသံဖြင့် ပြန်ဖြေသည်။
 
မို့ထင် ခံစားနေရသည့် နာကျင်မှုကို ထျန်းနင်လည်း ထပ်တူ ခံစားမိသည်။
 
 
ဟိုးယခင်အချိန် မို့ထင် ထိပ်တန်း အဆင့်အတန်းကို မရောက်မီက သူက အလုပ်အကြောင်း ဆွေးနွေးရန် မကြာခဏ အရက်သောက်ရသည်။
 
 
"ရေချိုးတော့"
 
 
"ဒါပေမဲ့ ကိုယ်က အရက်မူးချင်ယောင် ဆောင်တတ်ပါတယ်"
 
မို့ထင်က အသက်မဲ့ဟန် ခန္ဓာကိုယ်ကို ပက်လက်လန်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ထျန်းနင် အလိုကျ စီမံ့စေသည်။
 
"အရက်မူးရင်တောင် ဣန္ဒြေ မပျက်တဲ့ ယောက်ျားရဲ့အမူအကျင့်လေးကို သဘောကျမိတယ်။ ချစ်လေးကို ဖက်ပြီးတော့ အတိတ်အကြောင်းတွေရော စိတ်ထဲရှိရာ ထွေရာလေးပါးလေးတွေ ပြောပြစေချင်တယ်"
 
 
"ဒါပေမဲ့ ကိုယ်လုပ်ချင်နေတဲ့ တစ်ခု ရှိတယ်"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က မတ်တတ်ထရပ်ပြီး ထျန်းနင်ကို ပွေ့ချီလိုက်သည်။
"အရက်အရှိန်က ကိုယ့်စိတ်ကို ပိုလင်းလက်စေတယ်။ ဒါကြောင့် Baliရဲ့ လှပတဲ့အခန်းလေးကို ဒီအတိုင်း အလဟဿ မဖြုန်းတီးသင့်ဘူးလေ"
 
...
 
 
နောက်တစ်နေ့ မနက်ခင်း
 
 
ယနေ့က ဖန်ယွီနှင့် ဟွားကျင်းကျင်း၏ ခမ်းနားထည်ဝါသော မင်္ဂလာပွဲလေး ထပ်မံ့ကျင်းပမည့် နေ့ရက်လေး ဖြစ်လေ၏။ သူတို့နှစ်ဦးစလုံးမှာ ချီးမြှောက်ပေးမည့် မိသားစုဝင်အကြီးအကဲ မရှိသောကြောင့် သူတို့က အရာအားလုံးကို ရိုးရှင်းစွာ စီစဉ်ကြသည်။
 
 
ထျန်းနင်က ဟွားကျင်းကျင်းဘက်မှ တက်ရောက်သည့် တစ်ဦးတည်းသော ဧည့်သည်တော် ဖြစ်လေ၏။
 
 
ယွဲ့အာလေးက ပန်းကြဲသော ကလေးမ ဖြစ်ခဲ့သော်လည်း သူမ၏ဇာစ်မြစ်ကို ထုတ်မပြောကြပေ။ ဖန်ယွီနှင့် ဟွားကျင်းကျင်းက ယွဲ့အာ ဇာတ်ကြောင်း သိသွားမည်ကို စိုးရိမ်နေ၍ မဟုတ်ပေ။ ယွဲ့အာ အသက်ငယ်ငယ်ရွယ်ရွယ် လေးဖြင့် သတင်းလောကသားများ၏ စိတ်ဝင်စားခြင်းကို ခံရမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။
 
 
ဧည့်ခန်းပါ ဟိုတယ်ခန်းလေးထဲမှာ ဟွားကျင်းကျင်းက ပခုံးသိုင်းကြိုး မပါသော အဖြူရောင် သတိုးသမီး ဝတ်စုံလေးကို ဝတ်ဆင်ကာ အသင့်ဖြစ်နေသည်။
 
 
"ဘယ်လိုလဲ ဝတ်စုံက အဆင်ပြေရဲ့လား"
 
 
"လှရက်နိုင်လွန်းသူ"
 
 
"နင် မနာလိုဖြစ်နေပြီလား ပြောစမ်း"
 
ဟွားကျင်းကျင်းက မှန်အရှေ့မှာ မတ်တတ်ရပ်ကာ ထျန်းနင်ကို မေးမြန်းသည်။
 
ထျန်းနင်က သူမကို လျစ်လျူရှုထားသည်။
 
"ဒီကနေ့စပြီးတော့ နင်က လက်ထပ်ထားတဲ့ အိမ်ထောင်သည် အမျိုးသမီး ဖြစ်သွားပြီ။ ငါ့ကြောင့် တခြားသူ‌နဲ့ ရန်ဖြစ်ပြီး ရုံးရောက် ဂတ်ရောက် မဖြစ်စေနဲ့တော့နော်"
 
ဟွားကျင်းကျင်းက ခြုံလွှာအောက်မှာ ငိုကြွေးနေပြီး ဆို့နင့်နေသော လေသံဖြင့် စကားပြန်ပြောသည်။
 
"ငါ ပျော်ရွှင်ရမှာပါ"
 
"နင် ပျော်ရမှာပေါ့"
 
ထျန်းနင်လည်း  ငိုကြွေးနေမိသည်။
 
သိပ်မကြာလိုက် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ သတိုးသားက သတိုးသမီးကို လာခေါ်နေသည်။
 
 
သိပ်မကြာလိုက် အရှေ့ဘက်တံခါးဖွင့်လာပြီး တံခါးပေါက်မှာ မတ်တတ်ရပ်နေသော ဖန်ယွီကို မြင်တွေ့ရသည်။ ဖန်ယွီက မီးခိုးရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့လက်ထဲမှ အဖြူရောင်နှင့် ပန်းရောင် နှင်းဆီပန်း ရောစပ်ထားသော ပန်းစည်းလေး ရှိနေသည်။ ဟွားကျင်းကျင်းအနား ရောက်လာပြီး ဒူးတစ်ဖက် ထောက်ကာ
 
"လက်ထပ်ခွင့်ပြုပါ"
 
ဟွားကျင်းကျင်းက ဖန်ယွီ ကမ်းပေးသော နှင်းဆီပန်း ပန်းစည်းကို လက်ခံယူပြီး ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက်နေသည့် ဖန်ယွီကို ဆွဲထူပေးသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ဖက်ထားပြီး တစ်လောကကလုံးမှာ သူတို့နှစ်ဦးတည်း ရှိနေသကဲ့သို့ ပြုမူနေသည်။
 
 
သူတို့မင်္ဂလာဆောင် အခမ်းအနားလေးက အလွန်ရိုးရှင်းသော်လည်း ဟွားကျင်းကျင်းက ဖန်ယွီ၏အမြင်မှာ ရိုးရိုးရှင်းရှင်းလေး မဟုတ်နေပေ။
 
 
ဟွားကျင်းကျင်း ဝတ်ဆင်ထားသော လက်ဝတ်ရတနာ၊ ဝတ်စုံဒီဇိုင်း နှင့် မင်္ဂလာပွဲအပြင်အဆင်များကို ကြည့်လိုက်ရုံဖြင့် ဒေါ်လာသန်းချီ ကုန်ကျမှန်း သိနိုင်သည်။ ဟွားကျင်းကျင်းအတွက် အကောင်းတကာ့ အကောင်းဆုံးများကို ပြင်ဆင်ပေးထား၍ ဖန်ယွီက ဟွားကျင်းကျင်းကို တန်ဖိုးထားမှန်း သိနိုင်သည်။
 
 
...
 
 
မင်္ဂလာပွဲကို တက်ရောက် ချီးမြှောက်သော ဧည့်သည်တော်များ ရှေ့မှောက်ကို ဟွားကျင်းကျင်းက တစ်ဦးတည်း ပန်းကြဲလမ်းကို လျှောက်လှမ်းလာပြီး ဖန်ယွီက သူမကို လမ်းတစ်ဝက်မှာ စောင့်မျှော်နေသည်။
 
"ဟွားကျင်းကျင်းရဲ့ မိဘတွေသာ ရှိနေသေးရင် ဒီမင်္ဂလာပွဲလေးကို မြင်ရလို့ ကြည်နူးနေမှာပဲ"
 
"ချစ်လေးရဲ့ မိဘတွေရော ချစ်လေး လက်ထပ်တာ မြင်ရင် သူတို့တွေ မပျော်ရွှင်ကြဘူးလား"
 
မို့ထင်က ထျန်းနင်ကို မေးမြန်းသည်။
 
ထျန်းနင် နှုတ်ဆိတ်နေ၍ မို့ထင်က ထျန်းနင်၏ပခုံးလေးကို တင်းကျပ်နေအောင် ဖက်ထားသည်။
 
"ကိုယ် ဒီလိုမေးခွန်းမျိုး မမေးခဲ့သင့်ပါဘူး"
 
ထျန်းနင်က ခေါင်းခါပြပြီး တခြားအကြောင်းအရာကို ပြောကာ စကားလွှဲသည်။
 
 
မင်္ဂလာပွဲတက်ရောက်သော ဧည့်သည်တော် အားလုံး မျက်မှောက်ရှေ့မှာ မင်္ဂလာပွဲကို ဆက်လက် ကျင်းပသည်။
 
 
သို့သော်ငြားလည်း Candy အမည်ရှိသော blggerက ယွဲ့ရှမ်ရှမ်ကို မနှစ်သက်ကြောင်း ပို့စ်တင်သည်။ သူမက ယွဲ့ရှမ်ရှမ်ကို စော်ကားမော်ကား ပြုမူနိုင်သည့် အချက်အလက်များကို စုဆောင်းပြီး အကွက်ကျကျ သိက္ခာချခဲ့သည်။
 
 
အင်တက်နက် ဝါသနာရှင်များက ၎င်းမိန်းကလေး၏ နောက်ကြောင်းကို လိုက်လံစုံစမ်းခဲ့၍ သူမ ယခင်တင်ခဲ့ဖူးသည့် ပို့စ်များအရ သူမက ထျန်းနင်ကို ချီးမြှောက်ခဲ့ဖူးသည်။ ဤအချက်ကို ထောက်ရှုပြီး သူမက ထျန်းနင်၏ပရိသတ်မှန်း သိသားပေါ်လွင်သည်။
 
 
ယင်းပို့စ်က ယွဲ့ပရိသတ်များ ထျန်းပရိသတ်ကို တန်ပြန်တိုက်ခိုက်အောင် ချက်ချင်း ရန်စနိုင်ခဲ့သည်။
 
 
မော်ဒယ်လောကမှ တစ်စုံတစ်ယောက်က ရုပ်ရှင် နှင့် ရုပ်မြင်သံကြားလောကမှ တစ်စုံတစ်ယောက်ကို ယှဉ်ပြိုင်နိုင်မည်လော။
 
 
"ထျန်းနင်က သူ့ကိုယ်သူ ဘာထင်နေလဲ။ ဘဝင်မြင့်လွန်းနေတယ်နော်။ သူ့ပရိသတ်တွေကလည်း မောက်မာ ရိုင်းစိုင်းလှချည်းလား"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက ငါတို့ရှမ်ရှမ်လေးကို မတောင်းပန်ရင်တော့ ငါတို့က အခုပြဿနာကို အလွယ်တကူ ပြီးဆုံးခွင့် မပေးနိုင်ဘူး"
 
 
Blogger၏အကောင့် ခိုးယူခံရသည်ဟု ထျန်းပရိသတ်များက ဖြေရှင်းချင်သော်လည်း ယွဲ့ပရိသတ်များက ရှင်းပြခွင့် မပေးကြပေ။ ထျန်းနင်ကို တောင်းပန်စကား ပြောပေးရန်သာ အကြိမ်ကြိမ် တောင်းဆိုကြသည်။
 
 
ဤပြဿနာက နှစ်ဖက်ပရိသတ်များကြား ပဋိပက္ခ ဖြစ်နေခဲ့သော်လည်း လျင်လျင်မြန်မြန် သတင်းပြန့်သွားခဲ့သည်။ ပရိသတ်များကြား တိုက်ခိုက်မှုကြောင့် ယွဲ့ပရိသတ်တစ်ဦး တိုက်ခိုက်ခံရ၍ ဆေးရုံရောက်သွားခဲ့သည်။
 
 
ဤဖြစ်ရပ်က ဖျော်ဖြေရေးလောကို မုန်တိုင်းထန်စေခဲ့သည်။
 
 
နှစ်ဖက်ပရိသတ်ကြား ပြင်းထန်သော စကားရည်လုပွဲ ဖြစ်ပေါ်ခဲ့လျှင် အနုပညာရှင်တစ်ဦးအပေါ် ဒေါသပုံချတတ်သည်။ ထျန်းနင်ကဲ့သို့ ခဏခဏ သိက္ခာချခံရသည့် အနုပညာရှင်က လူအများစု၏အမုန်းကို ခံယူရသည်။
 
 
ထိုစဉ် လုချယ်က မို့ထင် နှင့် ဖန်ယွီ မရှိစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးကို ကြီးကြပ်နေသည်။ အခြေအနေ ရှုပ်ထွေးလာ၍ လုချယ်က မို့ထင်ကို ချက်ချင်း ဖုန်းခေါ်ပြီး ပီအာအဖွဲ့ကို အစီအစဉ်ရေးဆွဲရန် အကြောင်းကြားသည်။
 
 
"သူဌေး၊ ပြဿနာတစ်ခု ပေါ်လို့ပါ"
 
လုချယ်က စိုးရိမ်တကြီး သတင်းပို့သည်။
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က တဆင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဆက်သွယ်တယ်။ သူ ရုပ်ရှင် ဆက်မရိုက်နိုင်တော့ပါဘူးတဲ့။ ဒါပေမဲ့ သူ ရိုက်ကူးရမယ် အပိုင်းတွေက ပြီးခါနီးနေပြီ"
 
မို့ထင်၏မျက်ဝန်းများက မှောင်မိုက်သွားပြီး သတင်းကို တစ်ချက်ကြည့်လိုက်သည်။
 
 
မို့ထင်၏မျက်နှာအမူအရာ ပုံမှန်မဟုတ်မှန်း ရိပ်စားမိ၍ ထျန်းနင်က မို့ထင်ဘက်လှည့်ကာ မေးမြန်းသော်လည်း မို့ထင်က သူမကို ပွဲဆက်ကြည့်ရန်သာ လက်ဟန်အမူအရာ ပြသပြီး ဖုန်းဆက်ရန် အပြင်ဘက် ထွက်သွားသည်။
 
 
ချောင်တစ်နေရာမှာ လျှပ်တစ်ပြက် ဓာတ်ပုံရိုက်ကူးနေသော လင်းချုံးက မို့ထင် ထလာသည်ကို ရိပ်စားမိသည်။ သူ့မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ထျန်းနင်က မို့ထင်ကို လာရှာသည့် မြင်ကွင်းကိုလည်း သူ မြင်လိုက်သည်။
 
 
"အရေးတကြီး ကိစ္စ ရှိလို့လား"
 
 
"သိပ်အရေးမကြီးပါဘူး"
 
မို့ထင် ပြန်ဖြေသည်။
"ကိုယ် နောက်မှပဲ ဖြေရှင်းလိုက်မယ်"
 
ထျန်းနင်က သူ့ကို မယုံကြည်နိုင်၍ သူမ၏ဖုန်းကို ဆွဲထုတ်သည်။ အကျော်ကြားဆုံး သတင်းခေါင်းစဉ်ကို မြင်မြင်ချင်း သူမကိုယ်သူမပင် ဂရုမစိုက်နိုင် မို့ထင်ကို မေးမြန်းလိုက်သည်။
 
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင်ဆက်ရိုက်ကူးဖို့ ငြင်းဆန်လိုက်ပြီ ဆိုတော့ ရှင့်ရုပ်ရှင်ရိုက်ကူးရေးက ဘယ်လိုဖြစ်သွားပြီလဲ"
 
"အရူးမလေး မင်းက ကိုယ့်အတွက်ပဲကိုယ် အရင်စိုးရိမ်ပါဦးကွယ်"
 
မို့ထင်က သူ့ချစ်ဇနီးဆိုးလေးကို သတိပေးနေရသည်။
 
"ယွဲ့ရှမ်ရှမ်က နောက်ဆုတ်မယ် အတွေး မရှိခဲ့ဘူးပဲ ဟုတ်တယ်မလား"
 
ထျန်းနင်က အခြေအနေကို နားလည်သင့်သလောက် နားလည်ခဲ့သည်။
"ဒီလိုဆိုရင်တော့ လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး။ ချစ်လေးတို့တွေ သူ့ကို အခွင့်အရေး ပေးခဲ့ရက်နဲ့ ဒီလိုအချိုးမျိုး ချိုးရက်တယ်လို့"
 
"ဒီပြဿနာကို ဖြေရှင်းဖို့ ကိုယ်ပဲ အရင်ဆုံး ပေကျင်း ပြန်လိုက်မယ်။ ချစ်လေးက မင်္ဂလာပွဲကို ပျော်ပျော်ပါးပါး နွှဲလေ"
 
 
"ချစ်လေးလည်း အတူတူလိုက်ခဲ့မယ်"
 
ရန်သူက မို့ထင်ကို ပစ်မှတ်ထားမှန်း သူမ သိနေခဲ့၍ သူမကို သိက္ခာချခဲ့သည့် အပြုအမူကို သူမ ဒေါသ မထွက်ခဲ့ပေ။
 
***
အပိုင်း(၃၂၄)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Dove le storie prendono vita. Scoprilo ora