လင်းချုံးက နှစ်ရက်ဆက်တိုက် အမှောင်ထဲမှာ ကြွက်လေး တစ်ကောင်ကဲ့သို့ ပုန်းကွယ်နေပြီး သူ့ဒဏ်ရာများကို ကုသရန် ကြောက်ရွံနေသည်။
 
 
ဖန်ယွီတို့ သတင်းကို ဖြန့်ဝေလိုက်တည်းက သတင်းထောက်လုပ်ငန်း တစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်။
 
 
J-King,ဟိုက်ဟွေ့ဖျော်ဖြေရေး၊ ပရိသတ် နှင့် ကျော်ကြားသူတို့ကို ပုန်းကွယ်နေရသည့် အပြင် သူ့လုပ်ဖော်ကိုင်ဖက်များ၏ တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းနေရသည်။ သူ့အမှားကြောင့် တခြားသူအားလုံး၏ ဘဝလည်း ခက်ခဲကြမ်းတမ်းခဲ့၍ သူက အားလုံး၏ဘုံရန်သူ ဖြစ်သွားခဲ့သည်။
 
 
အလုပ်မရှိသည့် ငပျင်းတစ်ယောက်က လင်းချုံး ပုန်းနေသော ဓာတ်ပုံကို အွန်လိုင်းပေါ် တင်လိုက်သည်။ လုံကျဲက ၎င်းဓာတ်ပုံကို မြင်သောအခါ ပြုံးပြုံးရွှင်ရွှင်ဖြင့် ထျန်းနင်ကို လာပြသည်။
 
"ဟိုသူတောင်းစား ဘယ်လိုဘဝ ရောက်နေလဲ ကြည့်စမ်းပါ"
 
ထျန်းနင်က ဖုန်းကို လက်ခံလိုက်ပြီး ဖျတ်ခနဲ ကြည့်လိုက်သည်။
 
"ဟွားကျင်းကျင်း နဲ့ ငါ့ ကိုယ်စား သူ့ကို ပိုက်ဆံပေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်စမ်းပါ"
 
"ထျန်းနင်..."
 
လုံကျဲက ထျန်းနင်၏ရည်ရွယ်ချက်ကို အတော်ကလေး နားမလည်နိုင်ပေ။
ထျန်းနင်က လူယုတ်မာကောင်ကို ရိုက်နှက်ရန် လူမလွှတ်ခဲ့သည့်အပြင် ငွေပေးရန် ကြံရွယ်ထား လိုက်သေးသည်။
 
"ရန်သူကို အလွယ်တကူ သေခွင့် ပေးလိုက်တာ သက်ညှာလွန်းရာ မရောက်ဘူးလား။ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ထာထက် စိတ်ကိုညှဉ်းပန်းရတာ ပိုအရသာ ရှိပါတယ်။ ဒါက ရန်သူကို ဖယ်ရှားပစ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ"
 
 
ထျန်းနင်က ခေါင်းငုံ့ထားပြီး လင်းချုံးကို သနားစိတ် မဝင်မိချေ။ လင်းချုံးက သူ့အကုသိုလ်နှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူနေခြင်းသာ ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။
 
 
လုံကျဲက အတွေးကမ္ဘာထဲ နစ်မြောကာ တိတ်တဆိတ် ထိုင်နေသည်။ သူမ နှိမ်ချခံရပြီး အများရှေ့မှာ ဒူးထောက် တောင်းပန်ခဲ့ဖူးသော နာကျင်ဖွယ်သော ဘဝအတွေ့အကြုံကို ပြန်တွေး‌မိမှ ထျန်းနင်၏လုပ်ရပ်ကို သူမ ရုတ်တရက် နားလည်သွားသည်။
 
 
"နင့်စိတ်ကူးက တကယ်မိုက်တယ်"
 
 
...
 
 
အေးချမ်းသော ညချမ်းလေးမှာ Capဦးထုပ်ကို ဆောင်းထားသော အမျိုးသားက လင်းချုံး၏ရုံးခန်းထဲ ရောက်လာပြီး လုပ်ငန်းကတ်၊ ဆေးဝါး၊ အစားအသောက် နှင့် သန့်ရှင်းသပ်ရပ်သော ဝတ်စုံတို့ကို လင်းချုံးဘေးနား လာထားသည်။
 
 
သေလုမြောပါး အခြေအနေရောက်နေသော လင်းချုံးက သူ့ဘေးနား လာချထားသော အဝတ်အစားများကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
 
 
အဆိုးရွားဆုံး အခြေအနေကို‌ ရောက်နေသော သူက သူတို့ဂုဏ်သိက္ခာကို ဂရုစိုက်နေမည်နည်း။
 
 
တစ်ညလုံး လင်းချုံးက အဝတ်အစားသစ် တစ်စုံကို ငေးစိုက်ကြည့်နေသည်။ အရုဏ်တက်ချိန် ရောက်ခါနီးမှ သူ့ဖုန်းကို ဆွဲထုတ်ကာ လုပ်ငန်းကတ်ပေါ်မှ ဖုန်းနံပါတ်ကို ခေါ်ဆိုသည်။
 
 
"ဟယ်လို ကျွန်တော်က လင်းချုံးပါ ခင်ဗျာ"
 
 
"အခုလို ဖုန်းခေါ်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မင်း ငါတို့နဲ့ အလုပ်တွဲလုပ်မယ် ဆိုရင်တော့ ငါတို့က ဓာတ်ပုံဆရာအရည်အချင်းများ ရှိနိုင်မလား။ ယနေ့ခေတ် လူငယ်မျိုးဆက်သစ်တွေက သေချာ လေ့ကျင့်ထားတာ မဟုတ်တော့ လုပ်ငန်းမကျွမ်းကျင်ကြဘူး"
 
 
"ကျွန်တော်တို့ အရည်အချင်းရှိတဲ့ ပညာရှင်ကိုပဲ လိုချင်တာပါ။ လူကြီးမင်းက ငွေကြိုက်ဈေး တောင်းလို့ ရပါတယ်။ လူကြီးမင်းရဲ့ သဘောထားကို ပြောပေးနိုင်မလား။ အလုပ် လက်ခံ မလား"
 
ဖုန်းတစ်ဖက်မှာ စကားပြောဆိုနေသည့်သူက အင်မတန် ရင်းနှီးဖော်ရွေနေသည်။
 
"ဒီအလုပ်ကို ဘယ်သူ ကမ်းလှမ်းတာလဲ"
 
 
"မမေးတာ အကောင်းဆုံးပါပဲ။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆို မင်းနဲ့ အလုပ်တွဲလုပ်ချင်တဲ့ အလုပ်ရှင် မရှိနိုင်ဘူး။ မင်း အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒရှိရင် တွေဝေမနေနဲ့"
 
 
လင်းချုံးက သန့်ရှင်းသပ်ရပ်သော ဝတ်စုံလေးကို ကြည့်ရှုကာ ခေါင်းညိတ်သည်။
 
"ကောင်းပါပြီ။ ဒါဆိုရင် ငါ လာခဲ့ပါမယ်"
 
"ကောင်းပြီလေ၊ ဒါဆိုရင် လုပ်ငန်းကတ်ပေါ်က လိပ်စာအတိုင်း လာခဲ့ပါ"
 
 
လုံကျဲက သူမကို ပေးအပ်ထားသော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီးနောက် ထျန်းနင်ကို ကြည်ကြည်နူးနူး ကြည့်လိုက်သည်။
 
"သူ အမုန်းဆုံးရန်သူက သူ့ကို နောက်ကွယ်က ကူညီပေးနေမှန်း ဟိုစောက်ရူးကောင် သိလို့ကတော့  ခေါင်းနဲ့ နံရံတိုက်ပြီး သတ်သေလောက်တယ်"
 
ထျန်းနင် ခပ်တိုးတိုးလေး ရယ်မောပြီး ဥယျာဉ်ထဲမှ ပန်းကို ခူးဆွတ်သည်။
 
 
လုံကျဲ စပ်စပ်စုစု မေးမြန်းသည်။
 
"ဆောင်းဦး၊ဆောင်းရာသီ ဖက်ရှင်ပွဲတော် ကျင်းပခါနီးပြီ။ မို့သူဌေးက နင့်အတွက် အလုပ်အချိန်ဇယား ဘယ်လိုစီစဉ်ထားသလဲ"
 
"ကျင်းကျင်း မင်္ဂလာဆောင်ခါနီး ပြီလေ။ သူ့မင်္ဂလာပွဲ ပြီးမှ သွားတော့မယ်"
 
ထျန်းနင် တည်ငြိမ်စွာ ပြန်ဖြေသည်။
 
"ပွဲကျင်းပခါနီး ပြီလား။ ပွဲအတွက် မပြင်ဆင်တော့ဘူးလား"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက အနုပညာရှင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေလောက်ပဲ ဖိတ်မှာလေ"
 
ထျန်းနင်က သူ့လက်ထဲမှ ကတ်ကြေးကို အောက်ချထားသည်။
 
"မင်္ဂလာပွဲက ခမ်းနားနေဖို့ မလိုအပ်ဘူးလေ။ မင်္ဂလာပွဲ မကျင်းပပေးလည်း ကျင်းကျင်းက ဖန်ယွီ လက်ထပ်ခွင့်တောင်းခံတာကို လက်ခံမှာပါ"
 
 
"ဒီတစ်ခေါက်တော့ ဖန်ယွီ အရမ်းမိမိုက်တယ်"
လုံကျဲ ပင့်သက်ရှိုက်သည်။
"နင်ရော သူဌေးရော မင်္ဂလာပွဲ တက်ရောက်မလား"
 
"သူတို့မင်္ဂလာပွဲကို ဂုဏ်ယူပေး ရမှာပေါ့"
 
 
လင်းချုံး သတိမထားမိသော်လည်း ထျန်းနင်က ဟွားကျင်းကျင်း၏မင်္ဂလာပွဲအတွက် လင်းချုံးကို ဓာတ်ပုံဆရာအဖြစ် ငှားရမ်းခဲ့သည်။  လင်းချုံး မုန်းတီးခဲ့သည့် အမျိုးသမီးက ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဖြင့် အဆုံးသတ်သွားသော မြင်ကွင်းကို လင်းချုံး မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိမ့်မည်။
 
 
...
 
 
ဖန်ယွီ အိမ်ပြန်ရောက်ရောက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်လျက်သားဖြင့် ဟွားကျင်းကျင်း နှင့် ဖန်ယွဲ့ကို ဖက်ကာ
 
"ကိုယ် မင်းကို လက်ထပ်ပါရစေ။ ယွဲ့အာကို ပြည့်စုံတဲ့ မိသားစုဘဝလေး ဖန်တီးပေးပါနော်"
 
"ဟမ်"
 
"လက်ထပ်ကြမယ်လို့ ‌ကိုယ် ပြောလိုက်တာလေ"
 
 
ဟွားကျင်းကျင်းက ဖန်ယွီ၏ရင်ခွင်ထဲမှ တိုးထွက်သည်။ သူမ၏ပါးမို့မို့ကို လက်ဖြင့်ကွယ်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောကာ အခန်းထဲ ပြန်သွားသည်။
 
 
စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီးမှ  အဖြေပေးရန် ဧည့်ခန်းထဲ ပြန်လာခဲ့သည်။
 
"သဘောတူတယ်"
 
ထျန်းနင် နာမည်တစ်ခုတည်း ပါဝင်သည့် ဧည့်သည်တော်စာရင်းကို တစ်ပါတည်း ပေးလိုက်သည်။
 
 
ဖန်ယွီက ဧည့်သည်တော် စာရင်းကို လက်ခံယူလိုက်ပြီး ဟွားကျင်းကျင်း၏ လည်တိုင်ကို ဖွဖွလေး သပ်ပေးသည်။ ထို့နောက် ဟွားကျင်းကျင်းကို သူ့ရင်ခွင်ထဲ နောက်တစ်ကြိမ် ဆွဲသွင်းလိုက်သည်။
 
 
ယနေ့မှစ၍ ဖန်ယွီက ပွဲတက်ရောက်မည့် ဧည့်သည်တော် စာရင်းကို အမြန်ဆုံး ပြုစုပြီး မင်္ဂလာပွဲ ကျင်းပမည့် ‌နေရာကို ကြိုတင်စာရင်းပေးသည်။ တစ်ညတည်းဖြင့် သူတို့စုံတွဲလေးက အရာရာကို စဉ်းစားဆုံးဖြတ်ကြပြီး နောက်တစ်နေ့ မနက်ခင်းမှာ လိုအပ်သမျှ စီစဉ်ခြင်း ပြီးစီးခဲ့လေ၏။
 
 
Bali အပန်းဖြေဟိုတယ်၌ မင်္ဂလာပွဲကို ကျင်းပရန် စီစဉ်ထားသည်။
 
 
သိပ်မကြာလိုက် သူတို့မင်္ဂလာဆောင် သတင်းကို အများသိအောင် တရားဝင် ကြေညာခဲ့သည်။ အများစုက သူတို့ မင်္ဂလာပွဲကို ဂုဏ်ပြုပေးကြပြီး အင်တာတက်ဝါသနာရှင်များက ဖန်ယွီ၏ ယောင်္ကျားဆန်သော အပြုအမူကို ချီးမွမ်းကြသည်။
 
 
သူတို့စုံတွဲကို နှာခေါင်းရှုပ်ခဲ့ဖူးသည် လူတချို့မှာ မင်္ဂလာဆောင် သတင်းကြောင့် အရှက်ဖြန်းဖြန်းကွဲကြရသည်။
 
 
ထိုစဉ် ယွဲ့ရှန်ရှန်က 'Stupid'ရုပ်ရှင်ကို အပြီးသတ်နီးပါး ရိုက်ကူးနေခဲ့သည်။ ဟွားကျင်းကျင်း မင်္ဂလာဆောင်ရက်တွင် ရိုက်ကူးရေး အပြီးသတ်နိုင်သည်။
 
 
ယွဲ့ရှန်ရှန်၏ အခြေအနေ တိုးတက်မှုကို အကဲခတ်ရန် ထျန်းနင်က Coqueနှင့် မကြာခဏ သီးသန့်ဆွေးနွေးလေ့ ရှိသည်။ Coqueက အဆင်ပြေသည်ဟုသာ အမြဲတမ်း ပြန်ဖြေလေ့ရှိသည်။
 
 
ယွဲ့ရှန်ရှန်၏ သရုပ်ဆောင်စွမ်းရည်က သံသယဝင်စရာပင် မလိုအပ်ချေ။
 
 
တစ်ဖက်တွင်လည်း နောက်ကွယ်မှ ကြိုးကိုင် ခြယ်လှယ်နေသူက ဒေါသူပုန်ထနေသည်။
 
 
လင်းချုံးက သူ့အကြံအစည်ကို ဖျက်ဆီးပစ်ပြီးနောက် သူပိုင်ဆိုင်သင့်ရာထူးကို ဖန်ယွီက လုယူခဲ့၍ သူ့ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် အားလုံးကို အရက်စက်ဆုံး နည်းလမ်းဖြင့် လက်စားချေရန် ဆုံးဖြတ်ထားသည်။
 
 
သူကိုယ်တိုင် ယွဲ့ရှန်ရှန်ကို ဖုန်းခေါ်လိုက်သည်။
 
"မင်း ပြင်ဆင်သင့်တာ ပြင်ဆင်ထားတော့။ ထျန်းနင် သူ့အချစ်ဆုံး သူငယ်ချင်း မင်္ဂလာဆောင်ပွဲ တက်ရောက်ပြီးတဲ့ အချိန်ကောင်းကို စောင့်ကြမယ်။ သူ့ကို ပျော်ရွှင်ဖို့ နောက်ဆုံးအကြိမ် အခွင့်အရေး ပေးလိုက်မယ်"
 
***
အပိုင်း(၃၂၁)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now