"ငါ့မျက်လုံးကို မကြည့်ရုံနဲ့ မင်း ရှောင်ပြေးနိုင်မယ်လို့ တွေးနေသလား"
 
မို့ထင်က မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
 
ယွဲ့ရှမ်ရှမ် အနည်းငယ် ကြောက်စိတ်မွှန်ထူသွားသော်လည်း သူမလည်း အရဲကိုးကာ မို့ထင်၏မျက်ဝန်းကို တည့်တည့်ကြည့်သည်။
 
 
မို့ထင်က ယွဲ့ရှမ်ရှမ်ကို ငေးစိုက်ကြည့်ပြီး သူမ၏လက်ထဲ စာချုပ်ထည့်ပေးသည်။
 
"မင်းကို အနုပညာကြေး မြှင့်ပေးမယ်"
 
"ဘာလို့လဲ... "
 
 
"မင်းရဲ့ သစ္စာစောင့်သိမှုကို ဝယ်ချင်လို့လေ"
 
မို့ထင်က သူမကို တည့်တည့်ကြည့်ကာ တည့်တိုး ပြောသည်။
 
"ငါတို့အတန်းဖော် ဖြစ်ခဲ့ဖူးတဲ့ မျက်နှာကို ထောက်ထားပြီး ငါ့နောက်ကွယ်မှာ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းကို တစ်ကြိမ်တော့ လျစ်လျူရှုပေးမယ်။ ဒါပေမဲ့ ငါ့စိတ်ရှည်နိုင်မှုက အတိုင်းအတာ ရှိတယ်"
 
 
"ရှင် ရှင် ဘာပြောဖို့ ကြိုးစားနေတာလဲ ကျွန်မ နားမလည်ဘူး"
 
 
ဤတစ်ကြိမ်တွင် မို့ထင်က စကားလုံးများဖြင့် တုံ့ပြန်ခြင်း မရှိဘဲ သူမကို ပြုံးရုံ ပြုံးပြနေသည်။ သူ့အပြုံးကို ခံစားကြည့်ရုံဖြင့် သူမ ဘဝပျက်စီးမည့် နိမိတ်ကို ကြိုမြင်နိုင်သည်။ စက္ကန့်ပိုင်းအတွင်း သူမ အမှန်ကို ထုတ်ပြောချင်စိတ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း
 
J-Kingကလည်း သူမကို လာတွေ့ခဲ့ပြီးပပါပြီ။
 
သူမ၏ကလေးက သူ့လက်ထဲရောက်နှင့်နေပြီ။
 
 
သူ့ကလေးလေး ဘေးကင်းလုံခြုံရန် ယွဲ့ရှမ်ရှမ်က အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီး ပြန်ဖြေသည်။
 
"ကျေးဇူးတင်ပါတယ် သူဌေးမို့။ သူဌေးရဲ့ မျှော်လင့်ချက်ကို မဖျက်စီးပါဘူး။ ယုံကြည်မှုကိုလည်း အလွဲသုံးစား မလုပ်ပါဘူး"
 
မို့ထင်က အရာအားလုံးကို ထိန်းချုပ်နိုင်သကဲ့သို့ မတ်တတ်ထရပ်ကာ လှည့်ထွက်သွားသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူက လှည့်ကြည့်ကာ ပြန်မေးသည်။
 
"မင်း အခုသရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်ကို ထျန်းနင်က တကယ် သရုပ်မဆောင်နိုင်ဘူးလို့ မင်း တွေးနေသလား"
 
ယွဲ့ရှမ်ရှမ်က မို့ထင် ပြောခဲ့သော စကားလုံးကို အပြည့်အဝ အနက်မကောက်နိုင်ခင်  မို့ထင်က ထွက်ခွာသွားပါပြီ။
 
 
ယွဲ့ရှမ်ရှမ်၏ခန္ဓာကိုယ်က ဆိုဖာပေါ် အသက်မဲ့စွာ လဲကျသွားသည်။ သူမ၏လက်ချောင်းလေးများက ချွေးအေးများ စိုစွတ်နေသည်။
 
 
မို့ထင်၏နောက်ဆုံးအကြိမ် သတိပေးစကားမှန်း သူမ ကောင်းကောင်း သိပါသည်။
 
 
သို့သော်လည်း သူမကို ထိန်းချုပ်ထားသည့် J-Kingကလည်း နောက်ပြန်လှည့်မည့် အရိပ်အယောင် မတွေးရ၍ သူမ ဘာဆက်လုပ်သင့်သနည်း။
 
 
ယွဲ့ရှမ်ရှမ်က သူမနှင့် မို့ထင်တို့ ပြောဆိုခဲ့သည့် အကြောင်းအရာများကို J-Kingထံ သတင်းပို့သည်။
 
 
"အခုကစပြီး မင်းဘာပဲလုပ်လုပ် သတိထားလုပ်ပါ၊ ငါလည်း ပုန်းလျှိုးကွယ်လျှိုး နေမယ်။ မင်းရဲ့ရိုက်ကူးရေး တစ်ဝက်လောက် ရောက်မှ ဒီပြဿနာကို နာမည်ထပ်ကျော်အောင် လုပ်ပေးမယ်။ အဲဒီအချိန်ရောက်မှ မင်းက မို့ထင်ကို ချဉ်းကပ်ပြီး မင်းနဲ့ထျန်းနင် အတူတူ ဇာတ်ဝင်ခန်းတစ်ခန်းတည်း ရိုက်ချင်တယ်လို့ ပြောပေး။ ငါက ထျန်းနင်ကို ရိုက်ကွင်းပေါ် ဆွဲခေါ်ချင်တယ်"
 
 
"ရှင် ဘာလုပ်ဖို့ ကြံရွယ်နေသလဲ"
 
ယွဲ့ရှမ်ရှမ် အနည်းငယ် စိုးရိမ်စပြုလာသည်။
 
"အချိန်တန်ရင် မင်း သိရမှာပါ"
 
 
"ရှင် ကျွန်မကို မလှည့်စားဖို့ပဲ မျှော်လင့်ပါတယ်"
 
သူတို့ ဆွေးနွေးမှု အဆုံးသတ်သည်နှင့် ယွဲ့ရှမ်ရှမ်က J-King၏ကားထဲမှ ထွက်လာသည်။
 
ထိုနေ့မှစ၍ ပရိသတ်များ၏ စော်ကားသော အပြုအမူများ လျော့နည်းသွားသည််။
 
 
ရိုက်ကူးရေးက အဆင်ပြေ ချောမွေ့နေစဉ် ထျန်းနင်က မို့ထင်ကို အဖော်ပြုရင်း ရိုက်ကွင်း လာလည်သည်။ ယွဲ့ရှမ်ရှမ်၏သရုပ်ဆောင်မှုကို မြင်တွေ့ပြီးမှ ယွဲ့ရှမ်ရှမ်က ဟောလိဝုဒ် ဆုကို ဘာကြောင့် ပိုင်ဆိုင်ခဲ့လဲ သိခဲ့သည်။ သူမက သရုပ်ဆောင်ထူးချွန်သည့် မင်းသမီး ဖြစ်ကြောင်း ငြင်းမရချေ။
 
 
ယခုလို အခြေအနေမျိုးကို မြင်တွေ့ရမှ ထျန်းနင်၏စိုးရိမ်မှုများ လွတ်မြောက်သွားသည်။ မည်သို့ပင်ဆိုစေကာမူ Milanကို သွားမည့် ခရီးစဉ်က နီးကပ်နေပါပြီ။
 
 
...
 
 
"မို့ကတော်လေး။ ကိုယ် မင်းကို တစ်ခုတော့ အသိပေးမယ်နော်။ အခု ဇန်နဝါရီ လလယ်လောက် ရောက်နေပြီ။ ဖေဖော်ဝါရီလမှာ ကိုယ်တို့လက်ထပ်ထားတာကို ကြေညာဦးမှာလား"
 
 
မို့ထင်က အလုပ်မှ ပြန်ရောက်ရောက်ချင်း သူနှင့် အဆင်ပြေသော အိပ်နေရင်း အဝတ်အစားကို လဲလှယ်နေသည်။
 
 
ထျန်းနင်က ခရီးသွားရန် အဝတ်အစားများကို ထုတ်ပိုးနေသည်။ သူမ မှင်တက်သွား၍ ခေါင်းလေးကို မော့ကာ ခဏမျှ တွေးတောနေသည်။
 
"ယောက်ျားရဲ့သဘောကရော"
 
"ဖေဖော်ဝါရီ တစ်လလုံးနီးနီး Milanမှာပဲ နေမယ်မလား။ ချစ်လေးရဲ့ အလုပ်တွေ အားလုံးပြီးစီးမှ ကိုယ်က စီစဉ်သင့်တာ စီစဉ်ထားပါမယ်"
 
မို့ထင် ပြန်ဖြေသည်။
 
"ချစ်လေး အဆင်ပြေပါတယ်။ ယောက်ျား သဘောပါပဲ"
 
 
သူတို့လက်ထပ်ထားကြောင်း ကြေညာလိုက်လျှင် လန့်ဖျပ်သွားမည့်သူ တော်တော်များများ ရှိနိုင်သည်။
 
 
ထိုအတွေးက သူမကို အနည်းငယ် စိုးရိမ်ကြောင့်ကြစေသည်။ လက်ထပ်ထားကြောင်း ကြေညာလိုက်ခြင်းက အပြောင်းလဲများစွာ ကြုံဆုံနိုင်သည်။
 
 
"ဒါနဲ့ မနက်ဖြန်လေယာဉ်နဲ့ Milanကို သွားမယ်။ လုံကျဲ အဖော်လိုက်ပေးဖို့ မလိုအပ်ဘူး။ ဖန်ယွီကို ကျွန်မနဲ့ နှစ်ရက်လောက် လိုက်ခဲ့ခိုင်းပါလား။ ယောက်ျား ရောက်လာရင် သူ့ကို ဟိုက်ဟွေ့ဖျော်ဖြေရေး ပြန်ခိုင်းလိုက်လေ"
 
 
မို့ထင် အဝတ်အစား လဲပြီးနောက် ထျန်းနင်ဘေးနား လမ်းလျှောက်လာသည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်ပြီး
 
"ကိုယ့်အချစ်လေးက ဘယ်ပဲခရီးထွက်ထွက် သူငယ်ချင်းဟွားကျင်းကျင်းအတွက် မမေ့ဘူးပဲ"
 
"ဟွားကျင်းကျင်း ပေကျင်းကို ပြန်လာတာ မကြာသေးဘူး နောက်ထပ် ခရီးထပ်ထွက်ရဦးမယ်ဆိုတော့ ကျင်းကျင်းကို စာနာမိလို့ပါ။ ယောက်ျားတောင် ချစ်လေးနဲ့ နှစ်ရက် မခွဲနိုင်တာလေ။ သူတို့တွေ ခွဲနေရတာ ၁၀ရက်တောင် မဟုတ်တော့ဘူး လဝက်နီးပါးလောက် ရှိနေပြီလေ"
 
 
"သူဌေးကတော်လေး ဘာပဲတောင်းဆို တောင်းဆို ဒီက ငြင်းရက်ခဲ့လို့လား။ ခဏနေရင် ဖန်ယွီကို အချိန်ဇယား ညှိထားဖို့ ဖုန်းဆက်ပြောလိုက်မယ်"
 
 
ထျန်းနင်က ရလဒ်ကို ကျေနပ်မိ၍ ခြေဖျားလေးကို ထောက်ပြီး မို့ထင်၏လည်တိုင်လေးကို လှမ်းဖက်ကာ နှုတ်ခမ်းလေးကို မက်မက်မောမော နမ်းရှိုက်သည်။
 
 
ထျန်းနင်၏ခြေချောင်းလေးများ မတည်မငြိမ် ဖြစ်နေမှန်း မို့ထင် သတိထားမိသည်။ ထို့ကြောင့် ထျန်းနင်ကို ထိန်းပေးရန် ခါးလေးကို ဖက်ပေးထားသည်။
 
 
"ဘာလို့ ဒယိမ်းဒယိုင် ဖြစ်နေတာလဲ ချစ်လေး"
 
 
"ယောက်ျားကို နမ်းတဲ့ အချိန်တိုင်းလေး ပထမဆုံးနမ်းဖူးတဲ့ အပျိုမလေးလိုပဲ ရင်တွေ တဒိတ်ဒိတ်ခုန်တယ်။ စိတ်လှုပ်ရှားတဲ့ အခြေအနေကနေ အခုအထိ မလွတ်မြောက်နိုင်ဘူး"
 
 
မို့ထင်က ထျန်းနင်၏ပါးမို့မို့လေးကို ကြင်ကြင်နာနာ သပ်ပေးနေသည်။
 
"ကိုယ့်အတွက် ချစ်လေးက တစ်ဦးတည်းသော နတ်ဘုရားမ ဘုရင်မလေးပါပဲ"
 
သူတို့နှစ်ဦးသား အကြည့်ချင်းဆုံခိုက် ကြင်နာ မြတ်နိုးစွာ အနမ်းမိုးရွာသွန်းသည်။
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်းမှာ စီစဉ်ထားသော အချိန်ဇယားအတိုင်း သူမနှင့် ဖန်ယွီတို့ Milanကို ခရီးထွက်ကြသည်။
 
 
သူမ၏ဘေးနားမှာ မို့ထင် မရှိနေ၍ သတင်းမီဒီယာများက သူမနှင့် ပတ်သက်သော အတင်းအဖျင်းများ ထပ်ရေးသားလာသည်။ မို့ထင် နှင့် ထျန်းနင်တို့က 'Stupid'ရုပ်ရှင်ဇာတ်လမ်းကြောင့် သဘောထား  ကွဲလွဲခဲ့ကြပြီး ထျန်းနင် လျစ်လျူရှုခံရခြင်း ဖြစ်နိုင်သည်။
 
 
"နောက်ဆုံးတော့လည်း ချစ်သူ အဆင့်လောက်ပါပဲ။ ဘယ်လိုပဲ ချစ်မြတ်နိုး ခံရခံရ အဆုံးသတ်မှာတော့ စီးပွားရေး အကျိုးအမြတ်က အဓိက ဦးစားပေးပါပဲ"
 
 
"ဒီဖျော်ဖြေရေးလောကရဲ့ အချစ်ရေးတိုင်းက စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခဲ့လို့လား။ ခဏလေး လက်တွဲဖြစ်ရုံနဲ့ လက်ထပ်ခွင့် ရမယ်လို့ တွေးနေသလား"
 
 
"ဒီလူတွေက အကြောင်းမရှိ အကြောင်းရှာ လမ်းခွဲဖို့ပဲ တွေးတောနေသလား"
 
လုချယ် စိတ်ပျက်လက်ပျက် ငြီးတွားသည်။
 
မို့ထင်က သူ့လက်ထဲမှ စာရွက်များကို အောက်ချထားလိုက်ပြီး အွန်လိုင်းပေါ်မှ ဆွေးနွေးချက်များကို အာရုံပြန်စိုက်သည်။ သူ့မျက်ခုံး နှစ်ဖက်လုံးက အတူတကွ ကြုတ်သွားသည်။
 
 
ထို့နောက် မို့ထင်က သူ့လူ့မှုကွန်ယက်စာမျက်နှာပေါ်မှာ ပို့စ်အသစ် တင်လိုက်သည်။
 
 
စာတစ်လုံးမှ မပါသော ဓာတ်ပုံလေးသာ ဖြစ်သည်။ ထျန်းနင်က မို့ထင်၏ရင်ခွင်ထဲမှာ လဲလျောင်းနေသော ဓာတ်ပုံလေးသာ ဖြစ်လေ၏။
 
 
"သူက ငါတို့ကို ကျီစယ်နေသလား။ ထျန်းနင်က နိုင်ငံရပ်ခြားကို ရောက်နေပြီလေ။ မို့သူဌေးက သူနဲ့ပဲ ထျန်းနင် အတူတူ ရှိနေသလို စနောက်နေသေးတယ်"
 
 
"သတင်းမီဒီယာတွေက စိတ်ပျက်ဖို့ ကောင်းတယ်။ မို့သူဌေးတောင် သည်းမခံနိုင်တော့ဘူး ထင်ပါရဲ့။ သူ့ကောင်မလေးကို စော်စော်ကားကား ပြောဆိုနေတာ သူလည်း သည်းမခံနိုင်တော့ဘူး ထင်တယ်နော်"
 
 
"သတင်းမီဒီယာကြီး ရှုံးသွားပြီ။ ငါ သိရသလောက်တော့ မို့သူဌေးက ထျန်းနင်ကို စွဲစွဲလန်းလန်း ချစ်မြတ်နိုးတာတဲ့။ အခုနေ ထျန်းနင်ကို လျစ်လျူပြုထားရတာက သူတို့နှစ်ယောက်ရဲ့ အလုပ်အချိန်ဇယား ညှိမရလို့လည်း ဖြစ်နိုင်တာပဲလေ။ သူတို့နှစ်ယောက်စလုံး ကောင်းစားဖို့ ခဏတာ ခွဲခွာနေရတာပါဟာ"
 
 
မို့ထင် တင်လိုက်သည့် ပို့စ်ကို လုချယ် မြင်မြင်ချင်း အတော်ကလေး အံ့အားသင့်သွားသည်။
 
 
ထျန်းနင်က ကောလဟာလ သတင်းများကို ဂရုမစိုက်ဘဲ နေနိုင်သော်လည်း မို့ထင်က သည်းခံပုံ မရချေ။ ထျန်းနင်၏ခင်ပွန်းက သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှု အားနည်းလွန်းနေသည်။
 
***
အပိုင်း (၃၁၅)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now