"အရိုးသားဆုံး ဝန်ခံရရင် အရင်တုန်းက ထျန်းနင်ကို သဘောမကျဘူး။ ဟန်ကိုယ့်လွန်းတယ်လို့ပဲ တွေးခဲ့တာ။ ထျန်းနင်က နေကာမျက်မှန်ကို ချွတ်ပြီး မို့ထင်အတွက် ပရိသတ်ကို ဦးညွှတ်သွားတဲ့ မြင်ကွင်းကို မြင်ပြီးနောက်ပိုင်း ထျန်းနင်က ငါ့အမြင်မှာ ပိုကြည့်ကောင်းလာတယ်"
 
 
"ငါ့ခံစားချက်က နင်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ၊ ထျန်းနင်က သူ့ဘေးနားက သူ့လူတွေကို အထူးဂရုစိုက်တတ်တဲ့ စိတ်ဓာတ်ရှိတယ်၊ နင် မယုံကြည်ရင် သူ့ဘေးနားက သူ့လက်ထောက်ကို ဆက်ဆံတဲ့ပုံစံကို ကြည့်လေ၊ ပြီးတော့ မို့ထင်အပေါ် ထားရှိတဲ့ ချစ်ခင်စိတ်နဲ့ လေးစားတဲ့စိတ်ဓာတ်ကို ငါတို့ပါ ခံစားနိုင်တယ်၊ ငါတော့ မနာလို ဖြစ်လာပြီ"
 
 
လမ်းသွားလမ်းလာများ၏ ဆွေးနွေးသံများနှင့် အမြင်များကို သူတို့စုံတွဲ အာရုံမစိုက်နိုင်ပေ။ သူတို့သွားမည့်လမ်းကို သူတို့ ဆက်လျှောက်သွားသည်။
 
 
ထိုစဉ် အခိုက်အတန့် ထျန်းနင်၏မျက်ဝန်းထဲမှာ မို့ထင် တစ်ဦးတည်း ရှိသည်။ ထို့ကြောင့် လေယာဉ်ပေါ်ရောက်သည်နှင့် ထျန်းနင်က မို့ထင်ဘက် လှည့်ကြည့်ကာ စကားပြောလေ၏။
 
"မြန်မြန် အနားယူတော့၊ ထင် အရင်က အဲလောက်အထိ တစ်ခါမှ မပင်ပန်းဖူးဘူး"
 
မို့ထင်က စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူက ရိုးရှင်းစွာ ထျန်းနင်၏ပခုံးကို မှီလိုက်ပြီး အိပ်မက်နယ်မြေထဲသို့ အလျင်အမြန်ပင် ဝင်ရောက်သွားသည်။
 
 
ထျန်းနင်က သူ့နားထင်ကို ဖွဖွလေး နှိပ်နယ်ပေးနေသည်။ မို့ထင် ကိုယ်စား သူ့နှလုံးသားလေး နာကျင်ရ၍ ကူကယ်ရာမဲ့ ဖြစ်လာသည်။
 
 
လေယာဉ်စီးသည့် ၁၁နာရီအတွင်း မို့ထင် တစ်ကြိမ်တစ်ခါလေးမျှ တရေးမနိုးခဲ့ချေ။ ထျန်းနင်ကလည်း သူ့ကို မနှောင့်ယှက်ခဲ့ပေ။
 
 
လေယာဉ်မှူးက လေယာဉ်ဆိုက်ကမ်းမည့် အကြောင်းကြေညာမှ မို့ထင် မျက်လုံးဖွင့်လာသည်။
 
 
"ရှင် နိုးလာပြီလား"
 
 
"ကိုယ်ဘယ်နှနာရီလောက် အိပ်မောကျသွားလဲ"
 
မို့ထင်က တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး အချိန်ကြည့်လိုက်သည်။ ထို့နောက် သူက ထျန်းနင်ကို တအံ့တဩ လှည့်ကြည့်လိုက်သည်။
"ကိုယ် အိပ်ပျော်သွားတာ ၁၀နာရီနီးပါး ရှိသွားပြီလား။ ဒီလိုပုံစံနဲ့ တစ်ချိန်လုံး ထိုင်နေတာလား"
 
"ချစ်လေး အဆင်ပြေပါတယ်"
 
ထျန်းနင် ပြန်ဖြေသည်။
 
မို့ထင်က ထျန်းနင် စကားကို မယုံကြည်မိ၍ ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး အခြေအနေကို စစ်ဆေးကြည့်မှ ထျန်းနင်၏ခန္ဓာကိုယ်က အညောင်းမိကာ တောင့်တောင့်ကြီး ဖြစ်နေသည်။
 
 
"နောက်ဆို ဒီလိုရူးမိုက်တဲ့ လုပ်ရပ်မျိုးကို မလုပ်ရဘူးနော်"
 
 
" ဒါပေမဲ့ ယောက်ျားအတွက်ဆို ချစ်လေး ပျော်ပါတယ်။ ဒီလိုအပြုအမူလေးတွေက တို့နှစ်ယောက် အချစ်ကနေ မွေးဖွားလာတဲ့ အချစ်သင်္ကေတလေး မဟုတ်ဘူးလား"
 
 
ထျန်းနင်က မို့ထင်၏ပူပန်နေသော မျက်နှာအမူအရာကို ငေးကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
 
 
လေယာဉ် ဆိုက်ကပ်သည်နှင့် မို့ထင်က ထျန်းနင်ကို ပွေ့ချီကာ လေဆိပ်အပြင်ကို ထွက်လာသည်။ ထျန်းနင်က သူ့ရင်ခွင်ထဲ ခေါင်းလေးဖွက်ကာ အသာတကြည် လိုက်ပါလာသည်။ တခြားသူများ ဝန်းရံလာပြီး သူတို့ကို နောက်တစ်ကြိမ် အနှောင့်အယှက် ပေးမည်ကို မလိုလားချေ။
 
 
နဂိုတုန်းက ထျန်းနင်ကို အချိန်ကွာခြားမှု ညှိယူစေရန် တရေးအိပ်ခိုင်းဖို့ ကြံရွယ်ခဲ့သည်။ ပြင်သစ်ရောက်ရောက်ချင်း ဒီဇိုင်းနာ Fearlesက ဖုန်းခေါ်လာပြီး သူ့စတူဒီယိုကို လာခဲ့ရန် တောင်းဆိုသည်။
 
 
ဒီဇိုင်းနာ Fearles၏ ခံစားချက်ကို ထျန်းနင် နားလည်မိ၍ မို့ထင်ကို ဖျောင်းဖျရသည်။
 
"ချစ်လေးလည်း လေယာဉ်ပေါ်မှာ ခဏတော့ တရေးအိပ်ဖြစ်ပါတယ်။ ပြီးတော့လေ စတူဒီယို အခန်းထဲရောက်သွားရင် ဘယ်အချိန်ရောက်နေလဲ မသိတော့ဘူးလေ၊ ချစ်လေး အဆင်ပြေပါတယ်"
 
မို့ထင်က သူမကို သုံးမိနစ်ခန့် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ အဆုံးသတ်မှာတော့ သူတို့ဇနီးမောင်နှံက ရေမိုးချိုးပြီး ဒီဇိုင်းနာ Fearles၏ စတူဒီယိုကို အလောတကြီး ပြေးသွားကြသည်။
 
 
ဒီဇိုင်းနာ Fearlesက သူတို့ဇနီးမောင်နှံကို လှမ်းမြင်သည်နှင့် သူ့မျက်နှာပေါ်မှာ အပြုံးပန်းများ ဝေဆာသွားသည်။ သူမက ထျန်းနင်ကို ချက်ချင်း ပြေးဖက်ပြီး စကားပြောလေ၏။
 
"ငါဖန်တီးထားတဲ့ ဒီဇိုင်းကို မင်း အစမ်းဝတ်ကြည့်မှာ မြင်ချင်လှပြီ"
 
"သွားလဲလိုက်တော့လေ"
 
မို့ထင်က ထျန်းနင်ကို တိုက်တွန်းသည်။
 
ထျန်းနင်က ခေါင်းညိတ်သဘောတူလိုက်ပြီး အဝတ်လဲခန်းထဲ ဝင်ရောက်သွားသည်။ ပထမဆုံး ဝတ်စုံကို စမ်းဝတ်ကြည့်လိုက်သည်နှင့် သူမကိုယ်သူမ ခေါင်းဆောင်မင်းသမီးတစ်ယောက် ကဲ့သို့ ရုတ်ခြည်း ခံစားရသည်။
 
 
ခေါင်းဆောင်မင်းသမီးက ဇာတ်ညွှန်းထဲမှ ဇာတ်ဝင်ခန်းကို မည်သို့မည်ပုံ သရုပ်ဖော်သွားလဲ ရုတ်တရက် တွေးမိသွားသည်။
 
 
အထူးသဖြင့် သူမကို လူချမ်းသာ စီးပွားရေးသမားက ငွေကြေးထောက်ပံ့ပေးသော အချိန်ကာလတစ်ခုမှာ သူမက ကလပ်မှာ ရီဝေဝေ ထိုင်နေပြီး သူမ၏အပျိုစင်ဘဝကို ပေးအပ်မည့် လူချောလေးကို ရှာဖွေနေသည်။ သူမ၏အပျိုစင်ဘဝကို ဓနရှင်လက်ထဲ အပ်လိုက်လျှင် သူမအတွက် တရားမျှတမှု မရှိနိုင်ပေ။
 
 
သူမက အရောင်စုံပါသော ဝတ်စုံလေးကို ဝတ်ဆင်ကာ  ဘားကို မှီပြီး ဖြတ်သွားဖြတ်လာများကို အကဲခတ်နေသည်။ သူမ၏နှလုံးသားကို တဒိတ်ဒိတ်ခုန်စေသော လူချောလေးကို တွေ့ပါစေဟု စိတ်ထဲ တောင်းဆုခြွေနေသည်။ ထိုမှသာ သူနှင့် တစ်ညတာ ပျော်ပါးနိုင်မည်။
 
 
ထျန်းနင်က ခံစားချက်အပြည့်ဖြင့် အဝတ်လဲခန်း အပြင်ဘက်သို့ လမ်းလျှောက် ထွက်လာပြီး ဒီဇိုင်းနာ Fearlesက တအံ့တဩ ပါးစပ်ကို လက်ဖြင့် ကွယ်လိုက်သည်။ အခန်းအပြင်ဘက်ကို ထွက်လာသူက ထျန်းနင် ဖြစ်ပါသော်လည်း တခြားသူ တစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားသည်။
 
 
မို့ထင်က မရေရာသော ခံစားချက်များဖြင့် သူမကို ငေးစိုက်ကြည့်နေသည်။
 
 
ထျန်းနင်က သူ့ဇာတ်ညွှန်းနောက်ကွယ်မှ ခံစားချက်ကို အမိအရ ပုံဖော်နိုင်မှန်း သူ ယခုမှ သိလိုက်ရသည်။
 
 
"ပြည့်စုံတယ်။ လုံးဝ ပြီးပြည့်စုံတယ်*
 
ဒီဇိုင်းနာ Fearles အံ့အားသင့်နေသည်။
 
"မင်း မင်းက ထျန်းနင် ဟုတ်ပါသေးတယ်နော်"
 
 
ထျန်းနင်ကလည်း မို့ထင်ကို အကဲခတ်ဟန်ကြည့်နေသည်။ သူတို့ဇနီးမောင်နှံက တစ်ယောက်ကို တစ်ယောက် အချိန်အတော် ကြာ ငေးစိုက်ကြည့်နေသည်။ နောက်ဆုံးတော့ မို့ထင်က ထျန်းနင်ကို သူ့ရင်ခွင်နား တိုးကပ်လိုက်ပြီး သူမကို တင်းကျပ်စွာ ဖက်ထားသည်။
 
 
သူ ရေးသားထားသော ဇာတ်ညွှန်းထဲမှ ဇာတ်ကောင်ကို အသက်ဝင်လာအောင် ထျန်းနင်က ကူညီပေးခဲ့သည်။
 
"မို့သူဌေး၊ အခုအထိ တွေဝေနေတုန်းလား။ သူကလွဲလို့ တခြားသူက မင်းသမီးဇာတ်နဲ့ သင့်လျော်မယ် မထင်ဘူးနော်"
ဒီဇိုင်းနာ Fearlesက ရင်တဒိတ်ဒိတ် မေးလိုက်သည်။
 
ဒီဇိုင်းနာ Fearles၏စကားသံကို ကြားပြီးနောက် ထျန်းနင်က သူမ ဘာပြောချင်နေလဲ သဘောပေါက်သွား၍ ချက်ချင်း ရှင်းပြရန် ကြိုးစားသည်။
 
"အဲလိုသဘောမျိုး မဟုတ်ပါဘူး။ ဘယ်လို သရုပ်ဆောင်မျိုးကို ရှင်တို့တွေ ရှာနေလဲ ဆိုတာ နားလည်ပါတယ်"
 
မို့ထင်က သူ့ခံစားချက် သူ့အတွေးကို မဖော်ပြခဲ့ပေ။ ထျန်းနင် မလုပ်ချင်သော အလုပ်မျိုးကို သူက အတင်းအကျပ် တွန်းအား မပေးချေ။
 
 
ထျန်းနင်က မို့ထင်၏တိတ်ဆိတ်မှုကို သတိထားမိပြီး သူ့ကို စပ်စပ်စုစု မေးမြန်းလိုက်သည်။
 
"တို့နဲ့ သင့်လျော်တယ်လို့ တွေးမိလို့လား"
 
"မင်းက ကိုယ့်ခံစားချက်ကို ကောင်းကောင်း နားလည်ပါတယ်။ ဒီဇာတ်လမ်းကို ပုံဖော်ဖို့ ကြိုးစားနေမှန်းလည်း သိတယ်လေ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဒီဇာတ်ဆောင်အတွက် အေဂျင်စီက ယွဲ့ရှမ်ရှမ်နဲ့ လက်မှတ်ထိုးပြီးပါပြီ။ ရုပ်ရှင်ကြော်ငြာအတွက်ပဲ ချစ်လေးက သရုပ်ဆောင်ပေးရမယ်"
 
 
" အင်းပါ"
 
ထျန်းနင် ခေါင်းညိတ်သည်။
 
"မို့ထင်၊ မင်းတကယ် နောင်တရလိမ့်မယ်၊ ပြန်မစဉ်းစားတော့ဘူးလား"
 
 
" ဖက်ရှင်ပွဲတော်က စတော့မယ်လေ။ ထျန်းနင်ကို သူ့ကျွမ်းကျင်တဲ့ နယ်ပယ်မှာပဲ လင်းလက်တောက်ပ စေချင်တယ်။ သူ့မှာ အရည်အချင်းရှိပြီးစားပါ၊ လမ်းကြောင်းပြောင်းနေစရာ မလိုအပ်ဘူး"
 
မို့ထင်က ခေါင်းစဉ်ပြောင်းပြောသည်။
 
"မင်း နောင်တရလိမ့်မယ်"
 
ဒီဇိုင်းနာ Fearlesက တစ်စုံတစ်ရာကို ကြိုတင် တွေးဆနေမိသည်။
 
***
အပိုင်း (၃၀၉)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now