ဖန်သားပြင်ပေါ်မှာ ပထမဆုံး ပေါ်လာသော ရုပ်ပုံက နေ့လည်ခင်းတုန်းက ချွမ်ရဲ့ အွန်းလိုင်းပေါ် တင်လိုက်သော ဓာတ်ပုံဖြစ်သည်။ သို့သော်လည်း ၎င်းဓာတ်ပုံကို ပုံကြီးချဲ့ထားသည်။
 
 
ဓာတ်ပုံထဲမှ အမျိုးသား၏ ကိုယ်လုံးကိုယ်ပေါက်က ချွမ်ရဲ့နှင့် အတော်ကလေး ဆင်နေသည်။
 
 
ထို့ကြောင့်လည်း မီဒီယာများက ဖန်ယွီကို သံသယဝင်လာသည်။
 
 
ဖန်ယွီက အမှန်တရားကို ရှင်းလင်းရန် ကြိုးစားနေသနည်း။ သို့တည်းမဟုတ် ချွမ်ရဲ့ နှင့် ထျန်းနင်၏အချစ်ရေးကို အတည်ပြုပေးသနည်း။
 
 
"ချွမ်သူဌေးပဲ။ ဟုတ်တယ်မလား"
 
 
"ငါ ပြောတာ ဟုတ်တယ်မလား"
 
 
"ဒါရိုက်တာဖန်က ဘာပြောဖို့ ကြိုးစားနေတာလဲ"
 
 
ဖန်ယွီက သတင်းထောက်များကို ကြည်ကာ မေးမြန်းလိုက်သည်။
 
"မင်းတို့တွေရော အားနည်းချက်ကို ရှာလို့ရလား။ ငါလည်း ရှာလို့ မတွေ့ပါဘူး။ ကဲ ဒါဆိုရင်တော့ မူရင်းဓာတ်ပုံကို ပြန်ကြည့်ကြတာပေါ့"
သူ ထိုစကားကို ပြောလိုက်စဉ် ချွမ်ရဲ့တင်ခဲ့သော ဓာတ်ပုံဘေးနားမှာ နောက်ထပ်ဓာတ်ပုံ တစ်ပုံပေါ်လာသည်။ ဓာတ်ပုံနှစ်ပုံ ထပ်တူကျလုနီးပါး ဖြစ်နေသည်။
 
"ဒီဓာတ်ပုံ၂ပုံကို သေချာ အကဲခတ်ပေးဖို့ အားလုံးကို မေတ္တာရပ်ခံပါရစေ။ညာဘက်က ဓာတ်ပုံကတော့ ချွမ်ရဲ့အကောင့်ကနေ တင်ထားတဲ့ ဓာတ်ပုံပါ။ ဘယ်ဘက်က ဓာတ်ပုံကတော့ အွန်လိုင်းပေါ်မှာ ပထမဆုံး ဖြန့်ခဲ့တဲ့ ဓာတ်ပုံပါ။ အဲဒီဓာတ်ပုံကို အွန်လိုင်းသုံးစွဲသူ တစ်ယောက်စီက ငါတို့တွေ ရခဲ့တာပါ"
 
 
"ဓာတ်ပုံထဲက ယောက်ျားရဲ့အရပ်အမောင်း ပြောင်းလဲသွားတာကို သတိမထားမိဘူးလို့တော့ မပြောသင့်ဘူး"
 
ဖန်ယွီက ဖိတ်ကြားထားသော ပရိသတ်များကို  မီးမောင်းထိုးပြသည်။
 
"ငါတို့တွေက သူ့မျက်နှာကို သေချာမမြင်နိုင်ပေမဲ့ ငါတို့ထျန်းနင်ရဲ့အရပ်က အကြမ်းဖျင်း ၁၇၈ စင်တီမီတာ ရှိတယ်။ မူရင်းဓာတ်ပုံမှာ သူတို့နှစ်ယောက်က အကြမ်းဖျင်း ၁၂စင်တီမီတာလောက် ကွာခြားမှု ရှိတယ်။ ချွမ်သူဌေးရဲ့ ဓာတ်ပုံကို ပြန်ကြည့်ကြပါဦး။ သူ့ဓာတ်ပုံထဲက အမျိုးသားက ထျန်းနင်နီးပါးလောက် အရပ်အမြင့် ရှိနေတယ်။ ဓာတ်ပုံနောက်ခံကို လူတိုင်း သေချာကြည့်ပေးပါ။ ပြုပြင်ထားတဲ့ပုံ မပေါက်ဘူးလား"
 
 
"ဒါကို ဘယ်လို သက်သေပြမလဲ။ ဒီလောက်လေးနဲ့ သက်သေပြဖို့ လုံလောက်လို့လား"
 
ချွမ်ရဲ့ ခနဲ့သည်။
 
ဖန်ယွီက စိတ်ရှည်ရှည်ဖြင့် သူ့စုဆောင်းထားသော သက်သောကို ဆက်လက်ပြသသည်။ ဖန်သားပြင်ပေါ်မှာ နောက်ထပ် ဓာတ်ပုံတစ်ပုံပေါ်လာပြန်သည်။ စံအိမ်တော်ကို ပိုင်ဆိုင်သည့် အိမ်ရာမြေအကျိုးဆောင် ပေးပို့သည့် စာတိုဖြစ်သည်။
 
"အဲဒါက ကိုယ်ပိုင်စံအိမ်ပါ။ ငါတို့သိရသလောက်တော့ ချွမ်ရဲ့က အဲဒီမှာ ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး"
 
"ထျန်းနင်က ငါ့ကို အဲဒီနေရာ ခေါ်သွားတာ"
 
 
"ထျန်းနင်မှာလည်း အဲဒီလို စံအိမ်မျိုး မပိုင်ဆိုင်ထားပါဘူး။ စံအိမ်ရဲ့စည်းမျဉ်းအရတော့  အိမ်ရာပိုင်ဆိုင်တဲ့သူပဲ စံအိမ်တော်ထဲ ဧည့်သည်ခေါ်သွင်းခွင့် ရှိပါတယ်။  ဒါဆိုရင် ပြဿနာက အရှင်းဆုံးဖြစ်နေပါပြီ။ ထပ်ရှင်းလင်းနေဖို့ မလိုလောက်တော့ဘူးထင်တယ်"
 
 
"ချွမ်ရဲ့သူဌေးရဲ့ဓာတ်ပုံက ပညာသားပါပါ ပြုပြင်ထားတာပေါ့"
 
 
ဖန်ယွီ၏နှုတ်မှ ယင်းစကားလုံး ထွက်သွားသည့်နှင့် သတင်းထောက်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
 
 
"ကဲ ဒါဆိုရင် နောက်ထပ်ပြဿနာတစ်ခုကို ဆက်ရှင်းလင်းကြတာပေါ့။ ထျန်းနင် နဲ့ ချွမ်ရဲ့က ရင်းနှီးလားဆိုတဲ့ မေးခွန်းမျိုးကို လူတိုင်းက မေးချင်နေကြမှာပါ"
 
 
ဖန်ယွီက ချွမ်ရဲ့ တင်ခဲ့သော ဓာတ်ပုံကို ဖန်သားပြင်ပေါ် ထပ်ပြသည်။
 
 
"ချွမ်သူဌေးတင်ခဲ့တဲ့ ပို့စ်မှာ ကော်ဖီခွက် နှစ်ခွက်ပုံပါတယ်။ နေရာတစ်နေရာတည်းမှာ ရှိနေတဲ့ ထျန်းနင်ရဲ့နောက်ကျောပြင် ဓာတ်ပုံလည်း ပါတယ်။ သူတို့ တစ်နေရာတည်းမှာ အတူတူ မရှိပါဘူးလို့ သက်သေပြနိုင်ရင် သူတို့တွေ ချိန်းတွေ့နေတာ မဟုတ်ပါဘူးလို့ မင်းတို့တွေ လက်ခံနိုင်မယ်မလား"
 
 
"ဒါကို ဆန့်ကျင်နိုင်တဲ့ သက်သေ မင်းလက်ထဲမှာ ရှိပါတယ်လို့တော့ မပြောနဲ့နော်"
 
ချွမ်ရဲ့၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထျန်းနင်နောက်ကို နောက်ယောင်ခံလိုက်ခိုင်းတုန်းက သက်တော်စောင့်များကို ရှောင်တိမ်းရန် အထူးသတိပေးခဲ့ဖူးသည်။
 
"ချွမ်သူဌေး၊ ကျွန်တော့်လက်ထဲမှာ သက်သေမရှိရင်တောင် ပဲရစ်မှာနေတဲ့သူတွေက ကန်းနေလို့လား"
 
ဖန်ယွီ လှောင်ရယ်သည်။
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက နေရာတိုင်းမှာ အဆက်အသွယ်ကောင်း ရှိတာပဲလေ။ ကြိုက်တဲ့ လမ်းသွားလမ်းလာကို ပိုက်ဆံပေးပြီး လိမ်ခိုင်းလို့ရတာပဲ။ မျက်ကန်းတစ္ဆေဖြစ်တာ ငါပဲလို့ ခံစားမိတယ်။ ထျန်းနင်လို မိန်းမပျက်ကို ငါ ဘာလို့များ စိတ်ဝင်စားမိသလဲ။ အခုတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေရပြီ"
 
 
"မင်းလို သန္ဓေမကောင်းတဲ့ သားမိုက်မျိုးကို လူလောကထဲ ခေါ်လာပေးတဲ့ မင်းအဖေ ကိုယ်စား ရှက်လိုက်တာနော်။ မင်းက မွေးတည်းက အသေလေး မွေးလာသင့်တဲ့သူပဲ"
 
 
ဖန်ယွီက ချွမ်ရဲ့ကို သရော်ပြီးနောက် သူ့လက်ထဲမှ ရီမုခလုတ်ကို ဖိနှိပ်လိုက်ပြီး ဖန်သားပြင်ပေါ်မှာ ဗီဒီယို ပေါ်လာသည်။
 
 
ဗီဒီယိုထဲမှာ ထျန်းနင်က ဟိုတယ်မှ ထွက်လာတည်းက တစ်ယောက်တည်း လမ်းလျှောက်နေသည်။
 
 
ဈေးဝယ်ခြင်း နှင့် ကော်ဖီဆိုင် ထိုင်ခြင်းမှအပ တခြားသူနှင့် ချိန်းတွေ့ခြင်း မရှိခဲ့ပါ။
 
 
ချိန်းတွေ့သည်။ ပေါက်လွှတ်ပဲစား သတင်းလွင့်ခြင်း ဖြစ်သည်။
 
 
ချွမ်ရဲ့၏စိတ်က ရုတ်ခြည်း ဗလာကျင်း ဖြစ်သွားပြီး စိုးရိမ်တကြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
 
 
ဖန်ယွီက ချွမ်ရဲ့စိတ်ကို ရိပ်စားမိသည်။ ချွမ်ရဲ့လို သူဌေးသားက တခြားသူကို စိတ်ဒုက္ခပေးပြီး ပျော်ပါးရန်သာ တွေးတောတတ်သည်။ အကျိုးအကြောင်းကို မစဉ်းစားတတ် တခြားသူကို စိတ်နာကျင်အောင် လုပ်ဆောင်၍ ပျော်ပါးတတ်သည်။
 
 
သို့သော်လည်း ယနေ့တော့ မို့ထင်၊ ထျန်းနင် နှင့် အဖေချွမ်ကိုယ်စား ချွမ်ရဲ့ကို သင်ခန်းစာကောင်းကောင်း ပေးသင့်သည်။
 
 
"ဟိုတယ်ထဲက ထွက်လာတည်းက ထျန်းနင် တစ်ယောက်တည်းဆိုတာ အားလုံးလည်း မြင်မှာပါနော်။ သူက ဘယ်သူနဲ့မှ ချိန်းမတွေ့သလို လမ်းမှာ ဘယ်သူနဲ့မှလည်း မဆုံခဲ့ပါဘူး။ ပေကျင်းကို လေယာဉ်နဲ့ မပြန်ခင် တစ်ယောက်တည်း လမ်းထွက်လျှောက်တဲ့ သဘောပါပဲ။ ဒီဓာတ်ပုံကို ဘယ်ကရလာလဲ လူတိုင်း သိချင်နေတယ်မလား"
 
 
ဖန်ယွီက ထျန်းနင် တည်းခိုခဲ့သော ဟိုတယ်ကို ဖုန်းဆက်လိုက်ပြီး အားလုံး နားလည်သွားအောင် မန်နေဂျာကို ရှင်းပြစေသည်။
 
"အဲဒီနေ့တုန်းက မို့သူဌေးက ကျွန်တော်တို့ဟိုတယ်ရဲ့ သက်တော်စောင့်တွေကို ငှားရမ်းခဲ့ပါတယ်။ မိန်းကလေးထျန်းနင်ကို ကာကွယ်ပေးတဲ့ သက်တော်စောင့်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကင်မရာသေးသေးလေးတွေ တပ်ဆင်ထားတယ်။ ဒါက ကျွန်တော့်တို့ဧည့်သည်တော်ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာတော့ မဟုတ်ပါဘူး။ ဧည့်သည်တော်ရဲ့ပတ်ဝန်းကျင် အနေအထားကို စောင့်ကြည့်ရုံပါ"
 
ဖုန်းဆက်သွယ်ခြင်း ပြီးဆုံးပြီးနောက် ဖန်ယွီက သတင်းစာရှင်းလင်းပွဲကို ရှေ့ဆက်သည်။
 
"အမှန်တရားကို အားလုံး ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ ထင်ပါတယ်။ ငါတို့ထျန်းနင်က ချွမ်သူဌေးရဲ့ လူမဆန်တဲ့ အပြုအမူကြောင့်အွန်လိုင်းပေါ်မှာ တိုက်ခိုက်ခံရ၊ စော်ကားခံရတယ်။ ချွမ်သူဌေး ခင်ဗျားက အတော်ကလေး အကြင်နာတရား ခေါင်ပါးတာပဲ။ အတိတ်တုန်းက မင်းနဲ့ ထျန်းနင်မှာ ဘာရန်ငြိုးများ ရှိခဲ့လို့လဲ"
 
"မင်းက မိန်းမတွေကိုပဲ အနိုင်ကျင့်နိုင်တဲ့ အရည်အချင်းရှိတာလား"
 
 
"ထျန်းနင်က ဖြေရှင်းချက် ပေးရမယ်သူ မဟုတ်တာ လူတိုင်း သိမှာပါနော်။ ဘာအမှားမှ မလုပ်ခဲ့တာ ထျန်းနင် ကိုယ်တိုင်လည်း သိတယ်။ ဒါပေမဲ့ မင်းတို့သာ ထျန်းနင်နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ"
 
 
စင်အောက်မှာရှိနေသော သတင်းထောက်များ အားတုံ့အားနာ ဖြစ်နေသည်။
 
 
"ထျန်းနင်က မင်းတို့ ဘယ်လိုများ ဒုက္ခပေးခဲ့ဖူးလို့လဲ။ ထျန်းနင်နဲ့ ပတ်သက်တဲ့ သတင်းထွက်တိုင်း မီဒီယာက ပြဿနာသေးသေးလေးကို ပုံကြီးချဲ့ပြီး ထျန်းနင်ကို ထိုးနှက်ဖို့ တိုက်ခိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားတာ ဘာကြောင့်များလဲ"
 
 
ထိုစကားသံကို ကြားပြီးနောက်် ချွမ်ရဲ့ ထွက်သွားရန် မတ်တတ်ထရပ်သော်လည်း ဖန်ယွီက သူ့ကို အချိန်ဆွဲထားသည်။
 
"အခြေအနေက ဒီလောက်အထိ ဖြစ်သွားတော့ ကျွန်တော်တို့ကုမ္ပဏီက ဒီအတိုင်း လက်ပိုက်မကြည့်နိုင်တော့ပါဘူး။ တရားဥပဒေအရ ဖြေရှင်းရလိမ့်မယ်။ ဒီမဟုတ်မမှန် သတင်းစဖြန့်တဲ့သူကို ရဲဝန်ထမ်းက စစ်ဆေးဖို့ စောင့်နေပါတယ်။ အေဂျင်စီတစ်ခုလုံးရဲ့ ဆက်ခံသူ ချွမ်သူဌေးက မိန်းမတစ်ယောက်ကို ဒုက္ခပေးဖို့ ယောက်ျားမဆန်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့တယ်။ ခင်ဗျား ဘာများ ပြောချင်သေးလဲ"
 
"ခင်ဗျားမှာ ပြောစရာ မရှိလောက်ဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက နာမည်ကျော် သူဌေးသားပဲ။ ခင်ဗျားဘာပဲလုပ်လုပ် မှန်ကန်တယ်လို့ ယူဆနေမှာပါ။ ဒါကြောင့် ခင်ဗျားလုပ်ခဲ့တဲ့အမှားအတွက် ကြယ်ဘုရင်ဖျော်ဖြေရေးကို  တာဝန်ယူပေးရလိမ့်မယ်"
 
 
ချွမ်ရဲ့က ဖန်ယွီကို ခပ်တန်းတန်းကြည့်လိုက်သည်။ သို့သော်လည်း ဖန်ယွီက  တုန်လှုပ်ချောက်ချားခြင်း မရှိပါ။
 
 
ထိုစဉ် မီဒီယာသမားများက တီတိုးပြောဆိုကြပြီး ချွမ်ရဲ့ကို နှာခေါင်းရှုပ်ကြသည်။ ချွမ်ရဲ့က မိန်းကလေးကို အနိုင်ကျင့်တတ်သည့် ယောက်ျားမျိုးဖြစ်ကြောင့် ပေကျင်းမှာ နေထိုင်သော လူအားလုံး သိသွားခြင်းက အဆိုးရွားဆုံး ဖြစ်သည်။
 
 
ဖန်ယွီ နောက်ဆုံးပြောလိုက်သော စကားတစ်ခွန်းက ချွမ်ရဲ့၏ဂုဏ်သိက္ခာကို ချနင်းပစ်သည်။
 
 
"မင်း ပြဿနာရှာချင်တယ်ဆိုရင်လည်း ငါ့ကိုပဲ လာရှာသင့်တယ်။ ယောက်ျားချင်း လက်သီးချင်းယှဉ်တာ ဖြစ်သင့်ပါတယ်။ အားနွဲ့တဲ့ မိန်းမသားကို အနိုင်ကျင့်ရတယ်လို့နော်"
 
 
ဖန်ယွီက ခေါင်းခါလိုက်ပြီး ချွမ်ရဲ့ကို ရန်စသော အကြည့်ဖြင့် ကြည့်လိုက်သည်။
 
"ဪ မေ့သွားလို့ မင်းက ငါနဲ့ ထိပ်တိုက် ဘယ်တွေ့ပါ့မလဲ။ မင်းက မိန်းမတွေကို ဘယ်လို အနိုင်ကျင့်ရမလဲပဲ သိတဲ့ ကောင်ကိုး"
 
မိန်းမဆန်သော ယောက်ျား
 
 
လူတိုင်း၏စိတ်နှလုံးသားကို ၎င်းစကားလုံးလေးက လွှမ်းမိုးသွားသည်။
 
 
အများရှေ့မှာ လူသိရှင်ကြား အရှက်ခွဲခံရသည့် ချွမ်ရဲ့အဖြစ်ဆိုးကြောင့် ကြယ်ဘုရင်ဖျော်ဖြေရေးမှဝန်ထမ်းများ နှင့် အနုပညာရှင်များလည်း ကြောက်ကြောက်လန့်လန့် အပြင်ထွက်ကြရသည်။ ရှက်ရွံနေသော သူတို့မျက်နှာကို ဖုံးကွယ်ရန် မျက်နှာဖုံး တပ်ထားချင်စိတ် ဖြစ်မိသည်။
 
 
***
အပိုင်း(၂၉၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now