စာစဉ်(၁၉) 256+257+258

Start from the beginning
                                    

ဒီတစ်ခေါက်တော့ ငါတို့တွေ ပွဲကောင်းလေး ကြည့်ရတော့မယ်

 
 
 
"ကိုယ်က ချစ်လေးကို ယုံကြည်ထားပြီသားပါ။ ဒီတစ်ခေါက်လည်း ခြွင်းချက် မရှိ ယုံကြည်ပြီသားပဲ"
အိမ်ပြန်လမ်းတစ်လျှောက်မှာ ထျန်းနင်က ဖန်ယွီ၏သမီးလေး အကြောင်း တွေးတောမိ၍ မို့ထင်ကို လှည့်မေးသည်။
"ဖန်ယွီမှာ သမီးရှိတာလား။ ဖန်ယွီက လက်ထပ်ပြီသားလား"
မို့ထင်က ထျန်းနင်၏ပခုံးလေးကို ဖက်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် စကားပြန်ပြောသည်။
"ဖန်ယွီရဲ့ ကိုယ်ရေးမှတ်တမ်း အရတော့ လက်မထပ်ထားဘူး။ သူ့သမီး ဟုတ်မဟုတ်တော့ အမှန်တရားကို သူကိုယ်တိုင်ပဲ သိလိမ့်မယ်။ ချစ်လေးက ဖန်ယွီနဲ့ ဟွာကျင်းကျင်းကို အောင်သွယ် ပေးချင်လို့လား"
ထျန်းနင် ခေါင်းခါသည်။ ဤတစ်ကြိမ်တွင် သူမက ဖန်ယွီကို အမှန်တကယ် စိုးရိမ်မိသည်။
အတွေးထဲနစ်မျောနေသော ထျန်းနင်၏လည်ပင်းလေးကို လက်ဖြင့် ဆိတ်ကာ သတိပေးသည်။
"ချစ်လေး ဘာမှမစိုးရိမ်နဲ့။ အရာအားလုံး အဆင်ပြေသွားလိမ့်မယ် အရမ်းကြီး မစိုးရိမ်နဲ့နော် ချစ်လေး..."
"ယောက်ျားက ပိုပြီး စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား"
ထျန်းနင် ပြန်မေးလိုက်သည်။
ထျန်းနင်၏မန်နေဂျာ ဖြစ်လာတည်းက မို့ထင် အသေးစိတ် ဂရုစိုက်ကာ ဗျာများနေသည်။ သူမကို ရေချိုးချိန်က အစ အိပ်ချိန်အဆုံး အသေးစိတ် အချိန်ဇယား ဆွဲထားသည်။ သို့တိုင် ချစ်ခင်ပွန်း၏ အသေးစိတ်ဂရုစိုက်မှုကို မငြိုငြင်ရက်ပေ။ မို့ထင်ကို မန်နေဂျာအဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းကာ သူမ ထီဆုကြီး ဆွတ်ခူးသည်နှင့် အတူတူပင် ဖြစ်သည်။
"ဟိုက်ဟွေ့ရဲ့ ဂုဏ်ပြုညစာစားပွဲက မနက်ဖြန်နော်။ မနက်ဖြန် နေ့လယ်ခင်းရောက်တာနဲ့ လုံကျဲကို ခေါ်ပြီး ဆံပင်နဲ့ မိတ်ကပ်သွားပြင်ဆင်နော်"
"ချစ် တစ်ယောက်တည်း သွားလည်း ရပါတယ် 'ထင်'ရယ်"
"ချစ်က ကိုယ့်စကားကို နားမထောင်ဘဲ တစ်ယောက်တည်း သွားတော့မလို့လား"
ထျန်းနင်က မို့ထင်ကို ပြိုင်မငြင်းချင်၍ ခေါင်းညိတ် သဘောတူလိုက်သည်။
"ယောက်ျား သဘောအတိုင်း ဖြစ်စေရမယ် ဟုတ်ပြီလား။ အယ် မဟုတ်သေးပါဘူး၊ မန်နေဂျာကြီးရဲ့ အမိန့်တော်ကို ကျွန်တော်မျိုးမ နာခံပါရစေ"
"ပြီးတော့ ကိုယ်ပြောဖို့ ကျန်သေးတယ်။ လုံကျဲ ရွေးပေးတဲ့ ဝတ်စုံ ဝတ်လို့တော့ မဖြစ်ဘူး။ ဒီဇိုင်းက ရိုးရှင်းလွန်းတယ်။ မနက်ဖြန် မနက်ကျမှ လုချယ်နဲ့ ဝတ်စုံတစ်စုံ ထည့်ပေးလိုက်မယ်"
မို့ထင်က လုံကျဲ၏ အဝတ်အစား ရွေးချယ်ပေးမှု ကဏ္ဍကို အထင်မြင်သေးမှန်း ပေါ်လွင်နေသော်လည်း သူမကိုယ်စား ထျန်းနင်ကို ဂရုစိုက်ပေး၍ လုံကျဲ ဒေါသမထွက်မိပေ။
ထျန်းနင်နှင့် ကျန်းမန်နီတို့၏ပြိုင်ပွဲ အဆုံးသတ်ကို ဆုံးဖြတ်ပေးမည့်သူက မို့ထင် ဖြစ်နေ၍ ထျန်းနင် ဘက်တော်သား ဖြစ်ရန်သာ အရေးကြီးသည်။
***
ညပိုင်းအချိန်ရောက်မှ ဟွာကျင်းကျင်းကို လူနှစ်ယောက် ဖုန်းခေါ်လာသည်။
ပထမဖုန်းဆက်သူက ကျန်းမန်နီ ဖြစ်သည်။
"နင် ဒဏ်ရာရနေတယ် ကြားတယ်။ ဒဏ်ရာက ပြင်းရော ပြင်းထန်ရဲ့လား။ နင် ဘယ်သူကို ပြဿနာရှာမိလို့လဲ"
"ကျန်းမန်နီ၊ နင့် ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်ရင် ကောင်းမယ်နော်"
ဟွာကျင်းကျင်း ချောင်းခြောက်ဟန့်ကာ အိပ်ရာပေါ် ထိုင်လိုက်သည်။
"နင် လွှတ်လိုက်တဲ့လူက အသုံးမကျတော့ ငါ့မှာ မသေမရှင် ဖြစ်နေရုံပေါ့"
"နင်က အကုန်သိနေတော့လည်း ငါ ဟန်လုပ်ပြီး စကားပြောနေစရာ မလိုအပ်တော့ဘူး။ နင့်ကို သိသင့်တာ သိသွားအောင် သင်ခန်းစား ပမွှားလေး ပေးလိုက်တယ်လို့ သဘောထားလိုက်ပေါ့။ ဟွာကျင်းကျင်း၊ ငါ နင့်ကို စကားတစ်ခွန်းတော့ ပြောလိုက်မယ်။ ယုံကြည်တာ မယုံကြည်တာ နင့်အပိုင်းပဲ"
"နင့်လို အဆင့်အတန်းကို  ဒီလောကကြီးထဲက လူမသိသူမသိ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးပဲ။ ဒါက အပြောသက်သက် ခြိမ်းခြောက်နေတာ မဟုတ်ဘူးနော်"
"ဒါပေါ့ နင် ဒီလိုယုတ်မာနိုင်မှန်း ငါ ယုံကြည်ပါတယ်"
ဟွာကျင်းကျင်းက အကြောက်အလန့် ကင်းမဲ့စွာ ပြန်ဖြေလာသည်။
"ဒါပေမဲ့ နင်က အရမ်းကို ဘဝင်မြင့်လွန်းတယ်။ တစ်နည်း ပြောရရင် ဘဝင်ရူးပေါ့"
"ငါ လုပ်ချင်တာ မှန်သမျှကို လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ငါ့ကို ဘယ်သူက ဟန့်တားနိုင်မှာလဲ။ ငါ့ကို ကြယ်ဘုရင်ဖျော်ဖြေရေးက ကမ်းလှမ်းနေပါတယ်လို့ သတင်းဖြန့်လိုက်ရင် မို့ထင်တောင် လန့်ဖျပ်သွားဦးမယ်"
"နင် ပြောခဲ့သလိုပဲ ယုံကြည်ချက်တွေ ဆက်ရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ဟွာကျင်းကျင်း ဟားတိုက်ရယ်မောလိုက်သည်။
"နင် စောင့်ကြည့်နေလိုက်စမ်းပါ။ မနက်ဖြန် ဟိုက်ဟွေ့ ဂုဏ်ပြုညစာ စားပွဲမှာ ထျန်းနင်ရဲ့ တကယ်အဆင့်အတန်းကို နင် တွေ့ရတော့မှာပါ"
"ဪ ဟုတ်လား။ အစ်မက အရမ်းကို လေလုံးထွားတယ်နော်"
ထိုစကားကို ပြောပြီးနောက် ဟွာကျင်းကျင်း ဖုန်းချလိုက်သည်။
ဟိုက်ဟွေ့ဖျော်ဖြေရေး အေဂျင်စီကို ရောက်ကတည်းက လက်ကမ်းကူညီပေးတတ်သည့် အနုပညာသည်များကို တွေ့ကြုံရ သကဲ့သို့ လောဘကြီးသော လူတစ်စုလည်း ရှိနေပါသေးသည်။ သူမကြောင့် ဖန်ယွီလည်း ဒုက္ခရောက်နေမှန်း သိပါသည်။ သူ့မှာလည်း သမီးလေးတစ်ယောက် ရှိနေ၍ သူကို ဒုက္ခမရောက်စေချင်မိပေ။
ထို့ကြောင့်လည်း ဖန်ယွီ ဖုန်းကို မကိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဖန်ယွီက ဟွာကျင်းကျင်း အိပ်ပျော်နေသည်ဟု ယူဆကာ စာတိုလေး ပို့ပေးခဲ့သည်။
"မင်း အဆင်ပြေရဲ့လား"
ဟွာကျင်းကျင်းက ထိုစကား သုံးလုံးကို မြင်မြင်ချင်း သက်ပြင်းချလိုက်ပြီး တုံဆိုင်းခြင်းမရှိ ချက်ချင်း ဖျက်ပစ်လိုက်သည်။
အရာအားလုံး အဆင်ပြေသွားမှာပါ။
သူမ၏ ပြင်သစ်အမျိုးသားရှေ့မှာ လှလှပပလေး ပွဲတက်ရဦးမည်။
 
 
***
 
မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေ့ နေ့လယ် ၃နာရီ အချိန်ကို ရောက်သွားသည်။
ညပိုင်းမှာ ဖေးထန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြီးမှ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဂုဏ်ပြုညစာစားပွဲ ကျင်းပလိမ့်မည်။
ဖေးထန်ဆုပေးပွဲက နိုင်ငံတကာအဆင့်ကို တက်လှမ်းရန် အထောက်အပံ့ပေးနိုင်သော ပွဲအခမ်းအနား ဖြစ်၍ ယှဉ်ပြိုင်မှုက ပြင်းထန်သည်။ ပြောရမည်ဆိုလျှင် သရုပ်ဆောင်များ၏ အမျှော်လင့်ဆုံး ဘဝပန်းတိုင်လေး ဖြစ်လေ၏။
ထို့ကြောင့်လည်း.ယနေ့ည ဆုပေးပွဲက စိတ်လှုပ်ရှားဖွယ် အတိဖြစ်နေသည်။
မော်ဒယ်ဖြစ်သည့် ထျန်းနင်က သရုပ်ဆောင် ဆုပေးပွဲကို တက်ရောက်စရာ အကြောင်းအရင်း မရှိပေ။ သို့တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေး နှစ် ၂၀ပြည့် ဂုဏ်ပြုပွဲကို မလွတ်ချင်၍ ဖေးထန် ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်လေ၏။
ထို့ကြောင့် ပွဲမတက်ခင် ဆံပင်နှင့် မိတ်ကပ်ပြင်ဆင်ရန် မို့ထင် စီစဉ်ပေးထားသော Luminousအမည်ရှိသော အလှပြင်ဆိုင်ကို သွားရောက်ခဲ့သည်။
ကျော်ကြားသော ဆယ်လီများနှင့် အထင်ကရ ပုဂ္ဂိုလ်များ လာရောက် ပြင်ဆင်လေ့ရှိသော အလှပြင်ဆင် ဖြစ်နေ၍ သာမန်လူ အနားကပ်ခွင့် မရနိုင်ပေ။
"ငါတို့ ရောက်လာတာ စောနေလား။ သူဌေးမို့က ဘာလို့ ဒီအချိန်ကြီး လာခိုင်းရတာလဲ"
လူပြည့်ကျပ်နေသော အလှပြင်ဆိုင်ကို ကြည့်ရှုကာ လုံကျဲ မကျေမနပ် ရေရွတ်မိသည်။
ဧည့်သည်တော် အားလုံးက နာမည်ကျော် ဖြစ်နေ၍ သာမန်လူများကဲ့သို့ တန်းစီကာ အရင်ရောက်သူကို ဦးစားပေး ပြင်ဆင်ပေးသည်။
"ထျန်းနင်ရေ။ နင် ဒီမှာပဲ စောင့်နေနော်။ နင့်အတွက် အကောင်းဆုံး ဒီဇိုင်နာ ရှာလာခဲ့မယ်"
ထျန်းနင်က သူမ၏ လက်ကိုင်အိတ်ထဲမှ ရွှေရောင် VIPကတ်ကို ထုတ်ကာ လုံကျဲလက်ထဲ ထည့်ပေးသည်။
"ဒါလေးကို သုံးလိုက်"
"သူဌေးကြီးက ထျန်းနင်အတွက် ဒီကတ်ကို လုပ်ပေးထားတာလား"
"ငါလည်း သေချာ မသိပါဘူး။ မနေ့ညကမှ အဲဒီကတ် ပေးတာပဲ"
ထျန်းနင် ခေါင်းခါလိုက်ပြီး ဆိုဖာပေါ် ထိုင်သည်။
ဝန်ထမ်းက ထျန်းနင်၏ကတ်ကို ရုတ်တရက် လှမ်းမြင်လိုက်၍ စကားလာပြောသည်။
"အစ်မလေးက မင်္ဂလာပါ။ အစ်မက အလှဖန်တီးရှင်ချန်းရဲ့ VIPကတ်ကို ပိုင်တာပဲ။
"ဒီမှာ ခဏစောင့်ပေးပါ။ အလှဖန်တီးရှင်ချန်းကို သွားအကြောင်းကြား ပေးပါမယ်"
VIP ကတ်များက အလှဖန်တီးရှင်ကို ကိုယ်စားပြုမှန်း ယခုမှ သဘောပေါက်သည်။
ထျန်းနင် ခေါင်းညိတ်ပြပြီး နာရီကြည့်လိုက်သည်။ ဂုဏ်ပြုညစာစားပွဲကို ည၁၀ နာရီမှ ကျင်းပမည် ဖြစ်၍ သူမအတွက် အချိန်အလုံအလောက် ရှိပါသည်။
ထျန်းနင် ဘေးနားမှာ ရှိနေသည့် လူတစ်စုက တီးတိုးတီးတိုးဖြင့် အတင်းတုပ်ကြသည်။
"ဟိုမိန်းကလေးက ထျန်းနင်မလား။ ဒီကို အရင်က လာတာ မတွေ့မိပါဘူး။ ကြည့်စမ်းပါဦး သူ့လက်ထဲမှာ ရွှေရောင် VIPကတ်တောင် ရှိတယ်"
"ကျန်းမန်နီလည်း အခန်းထဲမှာ ရှိတယ်မလား။ ဒီတစ်ခေါက်တော့ ငါတို့တွေ ပွဲကောင်းလေးကို ကြည့်ရတော့မယ်"
"ထျန်းနင်က ပျော့တိပျော့ဖပ်နဲ့ ကျန်းမန်နီကို နိုင်ပါ့မလား။ ငါတော့ ထျန်းနင် ရှုံးတော့မှာ မြင်ယောင်နေပြီ"
"အပြောမစောစမ်းပါနဲ့ဟာ။ ထျန်းနင်က မထင်ထားလောက်တဲ့ အကွက်တွေ ချပြခဲ့ဖူးတာ မေ့နေသလား"
ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ သူတို့ပြောဆိုနေသော အကြောင်းအရာများကို နားစွင့်နေသည်။ အလှဖန်တီးရှင်ချန်း၏ မိတ်ကပ်အခန်းထဲ ရောက်နေသူက ကျန်းမန်နီဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ မို့ထင်က သူ့ကို ဤအချိန် ဤနေရာကို လာခိုင်းခဲ့သည့် အကြောင်းအရင်းကို ထျန်းနင် သဘောပေါက်သွားသည်။
သိပ်မကြာလိုက် လက်ထောက်ဝန်ထမ်းလေး ပြန်ရောက်လာပြီး အားတုံ့အားနာဖြင့် စကားပြန်ပြောသည်။
"အစ်မလေးကို အားနာမိပါတယ်။ ချန်းလူကြီးမင်းက ဧည့်သည်တော် တစ်ယောက်ကို အလှပြင်ပေးနေတယ်။ ဒါပေမဲ့ အစ်မလေး အလျင်လိုရင်တော့ အစ်မလေးကို ဦးစားပေး ပြင်ဆင်ပေးမယ်တဲ့"
"ခန့်မှန်းခြေ ဘယ်လောက်ကြာနိုင်လဲ။ ငါ ဘယ်နှနာရီ စောင့်ရမလဲ"
"အကြမ်းဖျင်း ၃နာရီလောက်တော့ စောင့်ရမယ်"
လက်ထောက်ဝန်ထမ်းလေး ပြန်ဖြေသည်။
ထျန်းနင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ဘယ်သူ့ကို အလှပြင်ပေးနေတာလဲ"
"မော်ဒယ် ကျန်းမန်နီပါ"
"ဒါဆိုရင်လည်း ငါ အလျင်လိုနေတယ်လို့ သူ့ကို သွားပြောလိုက်တော့"
ထျန်းနင်က ကျန်းမန်နီ၏နာမည်ကို ကြားလိုက်ရသည်နှင့် ရန်ကြွေး ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
 
 
***
အပိုင်း(၂၅၈)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now