အပိုင်း(၂၅၄)

ငါ ထျန်းနင်ကို ဘယ်နှခါလောက်ကူညီပေး နိုင်ဦးမလား

 
 
 
ဟွာကျင်းကျင်း စူပါမော်ဒယ် ဖြစ်လာခဲ့ခြင်းက ယခုလို ရူးမိုက်သော အပြုအမူများကြောင့် မဟုတ်ပေ။ ဟွာကျင်းကျင်းက စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်။ ယခုတော့ အရာအားလုံးက ပြောင်းပြန် ဖြစ်နေခဲ့သည်။
“အဲဒီမိန်းမတွေ နောက်ကွယ်ကနေ လက်သီးပုန်း သုံးပြီး တိုက်ခိုက်တာကို ခံရမဲ့အစား သူတို့ထက်အရင် လက်ဦးအောင် ဆော်သင့်တယ်”
ထျန်းနင်က ခေါင်းငုံ့ကာ ဟွားကျင်းကျင်၏လက်ကို ကြည့်လိုက်သည်။
“ကျင်းကျင်းရယ်၊ နင်ဘာလို့ ဝင်ပါရတာလဲ။ ဒါက ငါနဲ့ ကျန်းမန်နီကြားက ပြဿနာ အရှုပ်အထွေးလေ။ နင် ဝင်မပါသင့်ဘူး”
“နင် ရင်ဆိုင်ရမဲ့ပြဿနာက ငါ့ပြဿနာပဲ။ ငါတို့ကြားမှာ လုပ်သင့်တာ မလုပ်သင့်တာတွေ မရှိဘူး”
ဟွာကျင်းကျင်းက တခြားသူကို ရိုက်နှက်ခဲ့သည့်သတင်းဆိုးက သတင်းခေါင်းစီးပိုင်း ဖြစ်လာခဲ့သည်။ ဟွာကျင်းကျင်း၏ကျော်ကြားမှုကြောင့် သတင်းပြန့်လွယ်ခဲ့ခြင်း မဟုတ်ပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အနုပညာရှင်များက အများရှေ့မှာ ယခုလို အမှားမျိုး တစ်ခါလေမျှ မကျူးလွန်ဖူး၍ ဖြစ်သည်။
ထို့အပြင် ဟွားကျင်းကျင် ရိုက်နှက် ဆုံးမခဲ့သူက ကျန်းမန်နီ၏ ပရိသတ် ဖြစ်နေသည်။ ဤဇာတ်လမ်းလေးက ဟိုက်ဟွေ့ အနုပညာရှင်များကြား ရန်ပွဲလည်း ဖြစ်နေပြန်၍ လူအများ အလွန်အမင်း စိတ်ဝင်စားသော အတင်းအဖျင်း ဖြစ်ခဲ့သည်။
အာရုံတက်ချိန်ရောက်သည်နှင့် မီဒီယာများ၏ ဖုန်းခေါ်သံများက ဖန်ယွီ၏သာယာလှပသော နံနက်ခင်းလေးကို နှောင့်ယှက်ခဲ့သည်။ ဟွာကျင်းကျင်း ပါးရိုက်ခဲ့သည့် မိန်းမသုံးယောက်အနက် တစ်ယောက်က အစိုးရအရာရှိ၏ သမီးဖြစ်နေ၍ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က ပြဿနာကို ချက်ချင်း ဖြေရှင်းရန် ကြိုးစားကြသည်။ သို့တိုင် ဟွာကျင်းကျင်း၏ အမှားအယွင်းကို အလွယ်တကူ ပြည်ဖုံးကားချရန် မဖြစ်နိုင်ချေ။
အစိုးရအရာရှိ၏သမီးက ပါးရိုက်ခံရခြင်း ဆေးရုံတက်၍ ကျန်းမာရေး အခြေအနေကို စစ်ဆေးကာ ဟွာကျင်းကျင်းကို တရားစွဲရန် ဆုံးဖြတ်ထားသည်။ ဟိုက်ဟွေ့ ဖျော်ဖြေရေးကလည်း တစ်ဖက်သူ ကျေနပ်စေလောက်မည့် ကမ်းလှမ်းမှုများ ပေးအပ်ကာ ပြဿနာကို ဖြေရှင်းနေသည်။
 
***
 
ကောင်းကင်ယံမှာ နေရောင်ခြည် ပျောက်ဆုံးကာ အုံ့ဆိုင်းလာသည်။ ဖန်ယွီက ဟွာကျင်းကျင်း အိမ်ကို အလည်အပတ်သွားပြီး ပြဿနာဖြေရှင်းရန် အခြေအနေကို စုံစမ်းရသည်။
“ကိုယ်ရင်ဆိုင်ရမဲ့ရန်သူက ဘယ်သူလဲဆိုတာ သေချာ စုံစမ်းကြည့်ပြီးမှ ပြဿနာရှာသင့်တယ် ကျင်းကျင်း။ နင် ဘယ်လို လူတန်းစားမျိုးကို ရန်ရှာမိမှန်းရော သိရဲ့လား”
ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားသော ဟွာကျင်းကျင်းက ဆိုဖာပေါ် ကျောလှဲလိုက်ပြီး ဖန်ယွီကို မေးလိုက်သည်။
“အဲဒီမိန်းမရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ ဘာတွေ လာတောင်းဆိုနေလဲ”
“သူ့ရဲ့နစ်နာမှုအတွက် အများရှေ့မှာ တောင်းပန်တာကို လိုချင်တယ် ပြောတယ်”
ဖန်ယွီက စာရွက်စာတမ်းများကို စားပွဲခုံပေါ် တင်လိုက်ပြီး ဟွာကျင်းကျင်းကို နားမလည်နိုင်စွာ ငေးကြည့်နေသည်။
“မင်း ဘာလို့ ဒီလိုအမှားမျိုး ကျူးလွန်ပြီး ဘဝကို အရှုံးပေးရတာလဲ။ အရင်တုန်းကဆိုရင် ဒီလို ပြဿနာမျိုး ဖန်တီးပြီး ဟိုက်ဟွေ့ကို ဒုက္ခမပေးဖူးပါဘူး။ ဒါက ဘယ်လို ဖြစ်ရတာလဲ”
ဟွာကျင်းကျင်းက ခန္ဓာကိုယ်ကို တစ်စောင်းလှည့်လိုက်ပြီး ဖန်ယွီ၏ မျက်နှာကို တည့်တည့် ကြည့်ရှုလိုက်သည်။
“လာစမ်းပါ။ ငါ့အနားလာပြီ ငါ့ကို ပါးနှစ်ချက်လောက် ရိုက်လိုက်စမ်းပါ”
“သူဌေးမို့ အပြစ်ပေးမှာကို နင် တကယ် မကြောက်တာလား”
“ငါ ဘာလို့ ဒီလမ်းကို ရွေးချယ်ခဲ့လဲ မို့သူဌေး သိနေလိမ့်မယ်”
ဟွားကျင်းက လေးလေးနက်နက် တုံ့ပြန်လာသည်။ 
ထိုစကားကို ပြောပြီးနောက် ဟွာကျင်းကျင်းက ဆိုဖာပေါ် ကျောပြန်လှဲလိုက်သည်။
“အခုတလော ထျန်းနင် သည်းခံခဲ့ရတယ် နာကျင်ခဲ့ရတယ်။ ဒါတွေကို ကျန်းမန်နီ သတိမထားမိဘူးလို့ နင်တို့က တွေးနေတာလား။ ထျန်းနင်က ကျန်းမန်နီနဲ့ ထိပ်တိုက် မတွေ့ချင်လို့ တတ်နိုင်သလောက် ရှောင်ပါတယ်။ ဒါတောင် ကျန်းမန်နီ ဒီအခွင့်အရေးကို အကျိုးရှိအောင် အသုံးချပြီး ထျန်းနင်ဘဝကို နင်းခြေ ချင်နေတာ။ ဒါကို နင်တို့တွေ သိရော သိကြရဲ့လား”
“ထျန်းနင်က အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့တာပဲလေ။ ဘာများ မှားယွင်းနေလို့လဲ”
“ဒါပေမဲ့ မင်းက ထျန်းနင်အတွက် ဖြည့်တွေးပေးတတ်တဲ့ သူငယ်ချင်းကောင်းပဲ”
ဖန်ယွီက ဟွာကျင်းကျင်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
“ငါ ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့် မော်ဒယ်လောကထဲက နုတ်ထွက်ဖို့ ဆုံးဖြတ်ထားတယ်”
ဟွာကျင်းကျင်းက သူမ၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည်။
“ငါက ထျန်းနင်ကို ဘယ်နှကြိမ်လောက် ထပ်ကူညီနိုင်ဦးမလဲ။ အခုရှာထားတဲ့ ပြဿနာကြောင့် မော်ဒယ်လောကထဲက ထွက်သွားသင့်တဲ့သူ ဖြစ်နေပြီလေ။ ငါ့ကြောင့်နဲ့ ထျန်းနင်ကို ပြဿနာ မတက်စေချင်ဘူး”
ဟွာကျင်းကျင်း မော်ဒယ်လောကထဲမှ နုတ်ထွက်မည့် အကြောင်းကို ကြားကြားချင်း ဖန်ယွီ မှင်တက်သွားသည်။
သူ စိတ်တောင် မကူးခဲ့ဖူးသော အကြောင်းအရာ ဖြစ်နေ၍ အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြန်မေးမိသည်။
“ဒီဖျော်ဖြေရေး လောကထဲက နုတ်ထွက်တော့မယ်လား။ ဘာလို့ အဲဒီလို ဆုံးဖြတ်ချက်မျိုး ချရတာလဲ”
“ငါ စိတ်ပင်ပန်းနေပြီ၊ လက်ထပ်ချင်ပြီ”
ဟွာကျင်းကျင်း မျက်လုံးလေးကို ပိတ်ထားလိုက်သည်။
ဖန်ယွီက နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက် ထမေးလာသည်။
“ဒီအကြောင်းကို မို့သူဌေး သိပြီးပြီလား”
“ပြဿနာတွေ အေးချမ်းသွားတာနဲ့ သူဌေးမို့ကို ပြောလိုက်မယ်”
ဟွာကျင်းကျင်းက အေးအေးဆေး ပြန်ဖြေလာသည်။
“မင်း ဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ”
“ငါ သေချာတော့ မစဉ်းစားရသေးဘူး။ ချစ်သူတစ်ယောက် ရှာချင်တယ်။ မိသားစုဘဝလေး ပိုင်ဆိုင်ချင်သလို ကလေးလည်း လိုချင်တယ်။ ဒါပေမဲ့ ငါ့ရည်ရွယ်ချက်လေးတွေ အောင်မြင်ဖို့ အလှမ်း ဝေးနေပါသေးတယ်”
ဖန်ယွီ နှုတ်ဆိတ်နေမိသော်လည်း တကယ်တမ်းတော့ သူ့နှလုံးသားလေး ဗလောင်ဆူနေရသည်။
ဟွာကျင်းကျင်းကဲ့သို့ နားလည်ရခက်ခဲသော မိန်းမများကို တွေ့ဖူးပါသည်။ ဟွာကျင်းကျင်းက မိန်းမကြီး အရွယ်မရောက်သေးသော်လည်း စိုးရိမ်ပူပန်မှုများ ရှိနေပုံပင်။
ဟွာကျင်းကျင်း၏နှလုံးသားထဲ တခြားသူတစ်ယောက်ကို အစားထိုးနိုင်ပြီလား ဖန်ယွီမေးချင်ခဲ့သည်မှာ ကြာပါပြီ။ သို့သော်လည်း ကျင်းကျင်း၏ကိုယ်ပိုင်ဘဝလေးကို သိခွင့်ရခဲ့တည်း ဟွာကျင်းကျင်းက သာမန်လူတစ်ယောက်ကဲ့သို့ ရိုးရှင်းစွာ ချစ်မြတ်နိုးတတ်ပြီး နာကျင်ခံစားတတ်ကြောင့် ဖန်ယွီနားလည်ခဲ့သည်။
လောကဓံက သူမကို ရက်စက်ခဲ့သည့်တိုင်အောင် သူမက လောကကြီးကို အရွဲ့မတိုက်ခဲ့ဖူးပေ။
“ကံကြမ္မာကိုပဲ ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်တော့မယ်။ ဖြစ်ချင်ရာ ဖြစ်တော့”
ယနေ့ ဟွာကျင်းကျင်း၏အိမ်အပြင်ဘက်ကို ခြေချလိုက်သည်နှင့် ဖန်ယွီက အရင်လို ပေါ့ပြက်ပြက် အမူအရာ မဟုတ်တော့ပေ။ သူ့စိတ်က လေနှင်ရာကို လွင့်မျောနေသည်။
တကယ်တော့ သူက ဟွာကျင်းကျင်း ကို စိတ်ဝင်စားမိသည်မှာ ကြာပါပြီ။ ဟွာကျင်းကျင်းကို တခြားသူများ ပြစ်တင်ပြောဆိုမှုကို အတတ်နိုင်ဆုံး ရှောင်ရှားရန် အစိုးရအရာရှိအိမ်သို့ ကားမောင်း ထွက်လာခဲ့သည်။
ထိုလူက ရာထူးမြင့်သော အစိုးရဝန်ထမ်းဖြစ်နေ၍ ဖျော်ဖြေရေးလောကသားများကို အလွယ်တကူ တွေ့ခွင့်မပေးချေ။ သို့တိုင် ဖန်ယွီမှာ ကိုယ်ပိုင် နည်းလမ်း ရှိပြီသားပါ။ ဖန်ယွီက လုံခြုံရေးဝန်ထမ်းကို သတင်းစကား ပါးခိုင်းလိုက်သည်။
“ဒီပြဿနာကို ငါတို့တွေ အချိန်မီ ဖြေရှင်းရင်တော့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ထုံးစံအတိုင်း ပြဿနာကို ရှင်းရလိမ့်မယ်။ မင်းတို့ မိသားစုဝင်တွေအားလုံး ဘဝမပျက်ချင်ရင် ငါတို့နဲ့ညှိနှိုင်းရင် ကောင်းမယ်။ ရာထူးတိုးဖို့ ရွေးချယ်ခံထားရတယ် ကြားထားတယ်။ ခင်ဗျားလည်း မရှုံးချင်ဘူးမလား”
ဖန်ယွီ နောက်တစ်နေ့ မနက်ခင်းအထိ စောင့်ဆိုင်းခဲ့ရသော်လည်း ထိုလူက တိကျသေချာသော အဖြေမျိုး ပြန်ပေးခဲ့သည်။
“ငါတို့တွေ တရားစွဲထားတာကို ပြန်ရုပ်သိမ်းပေးမယ်။ ဒါပေမဲ့ ဟွာကျင်းကျင်းက ငါတို့ကို တောင်းပန်လိုက်ရင် အကောင်းဆုံးပဲ။ ဒါမှလည်း နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပြဿနာမီးလည်း ငြိမ်သွားမယ်။ နာမည်ဆိုးနဲ့ ဟိုလေးတကျော် ဖြစ်ချင်ရင်တော့ ဆက်လုပ်လေ”
ပြဿနာကို ပုံကြီးချဲ့သည့် ဖြစ်ရပ်ကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။
ဟွာကျင်းကျင်းက ထျန်းနင်ကို ကူညီပေးချင်သည့်စိတ်ဆန္ဒကြောင့် အမှားကျူးလွန်ခဲ့မိသော်လည်း ကိုယ့်ဘဝကိုယ် မဖျက်ဆီးသင့်ပေ။
ယခုတော့ ဟွာကျင်းကျင်းက ကိုယ့်ဂုဏ်သိက္ခာကိုမှ အဖက်မဆယ် အရှက်ကွဲမည့် အပြုအမူမျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့သည်။
 
***
 
“ဖန်ယွီက တကယ် အရည်အချင်းရှိတာပဲ။ ခေါင်းကြောမာတဲ့ အစိုးရအရာရှိနဲ့ ညှိနှိုင်းတာ အောင်မြင်သွားပြီ”
လုံကျဲက သတင်းဖတ်ရှုကာ ချီမွမ်းနေသည်။
“ဖန်ယွီက အစိုးရအရာရှိ အိမ်ရှေ့မှာ ငါးနာရီလောက် မတ်တတ်ရပ် စောင့်ခဲ့တယ်”
မို့ထင်က မနက်စာ စားသုံးလျက် ထျန်းနင်ကို ရှင်းပြသည်။
“အခုတော့ ဖျားနေပြီ။ စောနတုန်းက ဖန်ယွီ ဖုန်းခေါ်တာလေ”
ထျန်းနင် အတော်ကလေး အံ့ဩမိသည်။
“ဒီလောက်အေးနေတဲ့ ရာသီဥတုကြီးမှာ ငါးနာရီလောက် မတ်တတ်ရပ် စောင့်နေရတယ်လို့”
“သူက အနုပညာရှင်တွေရဲ့ ပြဿနာတိုင်းကို အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်တဲ့ အကျင့်ရှိပေမဲ့၊ အခုလို လွန်လွန်ကဲကဲ ကြိုးစားတာတော့ ပထမဆုံးပဲ”
ထျန်းနင်က ပေါင်မုန့်ပေါ် သစ်သီးယိုသုတ်လိုက်ပြီး မို့ထင်ကို လှမ်းပေးသည်။
“ကိုယ် သိရသလောက် ဖန်ယွီက ပြဿနာကို ခေါင်းအေးအေး စဉ်းစားပြီး ဖြေရှင်းတတ်ပါတယ်။ ဒီလို ကမူးရှူးတိုး အပြုအမူမျိုးကိုတော့ ပထမဆုံး မြင်တွေ့ဖူးတာပဲ။ သာမန်ထက်တော့ နည်းနည်း ထူးခြားနေတယ်”
ထျန်းနင်က မနက်စာ စားသုံးပြီးသည်နှင့် ထူးခြားနေသော ပြဿနာရပ်ကို လေးလေးနက်နက် တွေးတောနေသည်။
“ဖန်ယွီက ကျင်းကျင်းကို သံယောဇဉ် ရှိနေတာများလား။ ရိုးတော့မရိုးလောက်ဘူး”
“ဒါပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့မိပါဘူး”
“ငါ အတွေးလွန်နေတာ ဖြစ်မှာပါလေ။ ဖန်ယွီက လူတိုင်းပေါ် ကောင်းကောင်း ဆက်ဆံတတ်ပါတယ်လေ”
သို့တိုင် ထျန်းနင်က လုံကျဲကို ညွှန်ကြားလိုက်သေးသည်။
“ဖန်ယွီကို ဖုန်းဆက်ပြီး အခြေအန ဘယ်လိုရှိလဲ စုံစမ်းကြည့်စမ်းပါဦး”
“လုချယ်ကို ကိုယ်တိုင်ကိုယ်ကျ သူ့အိမ် သွားလည်ခိုင်းလိုက်ရင် မကောင်းဘူးလား”
လုံကျဲက အကြံပြုသည်။
ထျန်းနင်က လုံကျဲကို ကြည့်ပြီး ရုတ်တရက် ထရယ်သည်။
“လုချယ်က ငါ့ယောက်ျားရဲ့လက်ထောက်ပါနော်။ ဘယ်လိုဖြစ်ပြီး အစ်မလုံကျဲရဲ့ အမိန့်ကို နာခံနေရတာလဲ”
လုံကျဲ ရှိုးတိုးရှန့်တန့် ဖြစ်နေမိသည်။
မို့ထင်က စကားတစ်ခွန်းမျှ မပြောသော်လည်း လက်ဟန်အမူအရာဖြင့် လုံကျဲအကြံပြုချက်ကို သဘောတူသည်။
လုံကျဲ သဘောပေါက်သွားပြီး အပြင်ထွက်ကာ လုချယ်ကို ဖုန်းခေါ်လိုက်သည်။
ပြဿနာက အလွယ်တကူ မပြီးဆုံးနိုင်မှန်း ထျန်းနင် ခံစားမိသည်။ ကျန်းမန်နီအတွက် သူမတို့ကို ပြဿနာရှာရန် အကြောင်းပြချက် ရှာကြံခြင်းက မလွယ်ကူ၍ အခွင့်အရေးကို ကောင်းကောင်း အသုံးချလိမ့်မည်။
 
 
***
အပိုင်း(၂၅၅)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now