အပိုင်း(၂၅၁)

လူတန်းစားနှစ်မျိုး

 
 
 
ကျန်းမန်နီက သူမ၏အကြံအစည်ကို လက်ခံလိုက်၍ Charleneက ဟိုက်ဟွေ့ကို သွားရောက်ပြီး မို့ထင်ကို တွေ့ဆုံခွင့် တောင်းခံခဲ့သည်။
ဖန်ယွီက Charleneကိုယ်စား မို့ထင်ကို ဖုန်းဆက် အကြောင်းကြားပေးပြီး ခွင့်ပြုချက်ကို တောင်းခံပေးခဲ့သည်။
“မန်နီ၊ ငါ အကောင်းဆုံး ကြိုးစားမှာပါ။ မစိုးရိမ်ပါနဲ့”
အပေါ်ထပ် မတက်မီ Charleneက ကျန်းမန်နီ၏မျက်ဝန်းကို ကြည့်ကာ အကဲခတ်လိုက်သည်။
ကျန်းမန်နီက သူမ၏ကိုယ်ပိုင်ဟန်အတိုင်း ဖုန်းကြည့်ကာ ခေါင်းညိတ်ပြသည်။ သူမ၏အမြင်အာရုံမှ Charlene ပျောက်ကွယ်သွားမှ ဖုန်းကို သိမ်းထားလိုက်ပြီး ဖန်ယွီအနား ချဉ်းကပ်လိုက်သည်။
“သူ ဘာပြောမလဲ နားထောင်ချင်တယ်”
ဖန်ယွီက ပခုံးဆတ်ခနဲ တွန့်လိုက်ပြီး ကျန်းမန်နီကို အပေါ်တက် လိုက်ပို့ပေးခဲ့သည်။
 
***
 
Charleneက စီအီးအို ရုံးခန်းထဲ ခြေချလိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ ခေါင်းငုံ့ထားသည်။ အနုပညာသည်များ သေခြင်း ရှင်သန်ခြင်းကို ထိန်းချုပ်နိုင်သော မို့ထင်၏မျက်နှာကို တည့်တည့် မကြည့်ရှုရဲပေ။ မို့ထင်၏နှုတ်မှ ထွက်လာသော စကားတစ်ခွန်းကြောင့် သူမ၏ဘဝ ငရဲကျသွားနိုင်သည်။
သို့သော်လည်း လမ်းဆုံးရောက်နေပြီ ဖြစ်၍ နောက်ပြန်လှည့်မရပေ။
ဟိုက်ဟွေ့နှင့် ကျန်းမန်နီကို သွေးခွဲခဲ့သည့် တရားခံက သူမမှန်း မို့ထင်သိသွားခဲ့လျှင် သူမ၏ကံတရား မည်သို့ အဆုံးသတ်ရမလဲ သူမကိုယ်တိုင် မသိနိုင်ပေ။ ပထမခြေလှမ်းတစ်လှမ်း လှမ်းရန် ဆုံးဖြတ်ပြီသား ဖြစ်နေ၍ ရွေးချယ်ခွင့်မရှိ ရှေ့ဆက်လျှောက်လှမ်းရမည်။
ထို့ကြောင့် Charleneက တဒိတ်ဒိတ်ခုန်နေသော နှလုံးသားလေးကို ဖိနှိပ်ပြီး တုန်တုန်ယင်ယင် အသံဖြင့် စကားပြောလေ၏။
“မို့သူဌေး ....”
မို့ထင်က ဆိုဖာကို မှီထားပြီး သူ့ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီသော အညိုရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
ထျန်းနင်နှင့် လက်မထပ်မီက မီးခိုးရောင် ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသည်။ ထျန်းနင်က သူ့အတွက် နေ့တိုင်း အဝတ်အစား ရွေးချယ်ပေးတည်းက သူ့ဒီဇိုင်း စတင်ပြောင်းလဲလာသည်။
ထျန်းနင် ဘာရွေးရွေး သူ ဝတ်ဆင်ပေးသင့်သည်။
သူ့ချစ်ဇနီးလေးက စေတနာထားပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူ့ကို ရွေးချယ်ပေးထားသော အင်္ကျီလေးကို သဘောကျပါသည်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး ချစ်ဇနီးလေး၏ အငွေ့အသက်များ လွှမ်းခြုံထားသည်ဟု ခံစားမိ၍ စိတ်နှလုံးသားလေး နွေးထွေးရသည်။ အမှောင်ဆန်သော ဖျော်ဖြေရေး လောကကြီးမှာ သူ့ကို ကာကွယ်ပေးထားသော အစီအရင်လေးဟုလည်း သဘောထားမိသည်။
“မန်နီ၊ မနေ့ညကမှ ပေကျင်းကို ပြန်ရောက်တယ်။ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ သတင်းကြောင့် မန်နီ မပျော်တော့ဘူး”
Charleneက သူ့အနုပညာရှင်ကို စိုးရိမ်နေသော လေသံဖြင့် စကားအစချီလာသည်။
“မန်နီ ဘာမှမပြောပေမဲ့၊ မန်နီနဲ့ စိတ်ချင်းနီးနေတဲ့ကျွန်မက မန်နီ ဘယ်လို ခံစားနေရလဲ သိတယ်။ မို့သူဌေးက ထျန်းနင်ရဲ့ မန်နေဂျာဖြစ်သွားတော့ မန်နီမပျော်တော့ဘူး”
“ငါက ထျန်းနင်ရဲ့မန်နေဂျာလုပ်ဖို့ ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်က ကျန်းမန်နီနဲ့ ဘာများ သက်ဆိုင်နေလို့လဲ”
မို့ထင်က Charleneကို အကြည့်စူးစူးဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
Charlene ကြောက်လန့်နေမိ၍ အကြည့်လွှဲနေမိသည်။ မို့ထင်ကို မကြောက်မလန့် မျက်နှာချင်းဆိုင်ရဲသူက လက်ချိုးရေတွက်နိုင်သည်။
“အရိုးသားဆုံး ဝန်ခံရရင်။ ကြယ်ဘုရင်ဖျော်ဖြေရေးက မန်နီကို ခဏခဏ ကမ်းလှမ်းဖူးတယ်။ ဒါပေမဲ့ မန်နီက ကျေးဇူးသိတတ်တဲ့ မိန်းမကောင်းလေးဆိုတော့ သူတို့ ကမ်းလှမ်းတာကို ငြင်းခဲ့ပါတယ်”
“မန်နီရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားမှုကြောင့်လည်း အစားထိုးလို့မရတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။ ဒါတောင် ပေကျင်းကို ပြန်လာလာချင်း ထျန်းနင် ပရိသတ်တွေရဲ့ စော်ကားတာကို ခံလိုက်ရတယ်”
“မို့သူဌေး၊ မန်နီရဲ့မန်နေဂျာ တစ်ယောက်အနေနဲ့ မန်နီဘက်ကို ငဲ့ညာပေးဖို့ တောင်းဆိုပါရစေ”
“အဓိကအချက်ကိုပဲ ပြောပါ။ ကွေ့ဝိုက်မနေနဲ့”
မို့ထင်က လေကြောရှည်ခြင်းကို စိတ်မဝင်စားပေ။
“မို့သူဌေးက ထျန်းနင်ရဲ့မန်နေဂျာလုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မန်နီကို ဂရုစိုက်ပေးဖို့ စဉ်းစားသင့်ပါတယ်”
“ပေကျင်းကို ပြန်ရောက်ရောက်ချင်း သွေးအေးရက်စက်တဲ့ အသစ်တစ်ယောက်ရဲ့ စော်ကားတာကို ခံရတဲ့ မန်နီရဲ့ခံစားချက်ကို စဉ်းစားပေးပါ”
မို့ထင် မတ်တတ်ထရပ်လိုက်ပြီး မျက်ဝန်းက မီးဝင်းဝင်းတောက်နေသည်။ သူက Charlene၏ ရည်ရွယ်ချက်ကို သိနေပြီသား ဖြစ်သော်လည်း သူ့နားနှင့် ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရ၍ လှောင်ရယ်ချင်စိတ် ပေါက်သွားသည်။
“ငါက ကျန်းမန်နီရဲ့မန်နေဂျာ ဖြစ်သွားရင် မင်းက အော်တို အလုပ်ပြုတ်သွားပြီနော်။ အဲဒါကိုရော လက်ခံနိုင်လို့လား”
မို့ထင်က စိတ်ဝင်စားသော လေသံဖြင့် မေးမြန်းလိုက်သည်။
“မင်းလို မန်နေဂျာမျိုး တွေ့ကို မတွေ့ဖူးဘူးနော်။ ကိုယ့်အနုပညာရှင်အတွက် ကိုယ့်အလုပ်ကို လိုလိုလားလား စွန့်ပစ်တဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ။ မင်း ရက်ရောလှချည်လား”
“မန်နီနဲ့ ထိုက်တန်တဲ့ ဆုလာဘ်မျိုးကို ရစေချင်တဲ့ စေတနာလေးပါ”
“ဒါဆိုငါက သူ့မန်နေဂျာ ဖြစ်သင့်တယ်ပေါ့ ဟုတ်လား”
“ဟုတ် .... ဟုတ်ပါတယ်”
မို့ထင်က မတ်တတ်ထမရပ်ခင် နှစ်စက္ကန့်လောက် နှုတ်ဆိတ်နေပြီး အေးစက်စက် လေသံဖြင့် စကားပြောလာသည်။
“မင်းက မန်နီရဲ့မန်နေဂျာဖြစ်ဖို့ တကယ်လည်း မသင့်လျော်တော့ဘူး”
ကျန်းမန်နီက တံခါးပေါက် အပြင်ဘက်မှာ စောင့်ကြည့်နေလိမ့်မည်ဟု Charlene တွေးကို မတွေးမိပေ။ သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး တုန်ရီနေသော လက်တစ်စုံဖြင့် စကတ်ကို ဆုပ်ကိုင်ကာ သူမ၏စိုးရိမ်စိတ်ကို ဖုံးကွယ်ရန် ကြိုးစားရှာသည်။
ကျန်းမန်နီက လက်ပိုက်ဟန်အနေအထားဖြင့် ရုံးခန်းထဲဝင်ရောက်လာပြီး မို့ထင်ကို နှုတ်ဆက်စကား ပြောဆိုကာ Charlene၏ပါးကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။
“ငါက ဘယ်အချိန်တုန်းက ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ဆက်ခံသူနဲ့ သွားတွေ့ခဲ့တာလဲ”
“ပြီးတော့ ဘယ်တုန်းက ငါ့ကို ဘာတွေများ ကမ်းလှမ်းခဲ့တာလဲ”
“Charlene၊ ငါက စိတ်ဆိုးဒေါသထွက်လွယ်လို့ ငါ့ကို ငတုံးငအလို့ ထင်နေတာလား”
“နင့်အဆင့်တန်းနင် နားမလည်တာလား။ ငါ့အခြေအနေ အဆင့်အတန်းနဲ့ ငါ့မန်နေဂျာ ဖြစ်ချင်တဲ့သူ တန်းစီနေတာပဲ။ နင်က ငါ့မန်နေဂျာရာထူးကို အလွယ်တကူ စွန့်လွှတ်ရဲတယ်ပေါ့ ဟုတ်လား”
Charlene၏မျက်နှာက ရှက်ရွံ့စိတ်ကြောင့် နီမြန်းနေသည်။
ကျန်းမန်နီက မို့ထင်ကို မျက်နှာချင်းဆိုင်လိုက်သည်။
“Charleneက ကျွန်မရဲ့မန်နေဂျာ ဖြစ်နေလို့ ကျွန်မပဲ ပြန်ခေါ်သွားချင်တယ်။ သူနဲ့ စာရင်းရှင်းစရာလေးတွေ ရှိလို့ပါ”
“ကျန်းမန်နီ၊ မင်း အရင် ထွက်သွားလိုက်၊ Charleneကို ဒီရုံးခန်းထဲ ထားခဲ့လိုက်တော့”
မို့ထင်က အေးစက်စက်လေသံဖြင့် ပြန်စကားပြောသည်။
Charleneကို ထားခဲ့ခိုင်းသည့် အကြောင်းအရင်းက ထျန်းနင် မကောင်းကြောင်း ပြောဆိုထား၍ ဖြစ်သည်။
ကျန်းမန်နီ မေးချင်သည့် မေးခွန်းများစွာ ရှိနေသော်လည်း မို့ထင်၏တောင်းဆိုမှုကြောင့် ရွေးချယ်စရာ မရှိသည့်အဆုံး နာခံစွာ အခန်းထဲမှ ထွက်ခွာသွားသည်။
Charleneက သူမ၏ပါးနှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ပြီး ရှိုက်တငင်ငင် ငိုကြွေးသည်။
“ဒီဖျော်ဖြေရေးလောကရဲ့သူဌေးက ဘယ်သူလဲဆိုတာ အခုထိ မသိသေးဘူး ထင်တယ်”
“မို့သူဌေး၊ ကျွန်မ ....”
“မင်း ဘာအမှားကိုလုပ်ခဲ့လဲဆိုတာ သိပါတယ်နော်”
မို့ထင်က ခြိမ်းခြောက်ဟန်အကြည့်ဖြင့် ခေါင်းမော့သည်။
“ငါ့မျက်နှာကို သေချာကြည့်စမ်း”
“ကျွန်မ ကျွန်မ သေချာမသိပါဘူး”
Charlene ကြောက်လန့်လွန်း၍ ခန္ဓာကိုယ်ရော အသံရော တုန်နေသည်။
“ထျန်းနင် မကောင်းကြောင်းကို ငါ ကြားအောင် ထပ်ပြောကြည့်စမ်းပါ”
ထျန်းနင်ကို သွေးအေးရက်စက်သော လူသစ်ဟု ပြောခဲ့မိမှန်း အခုမှ သတိရသွားသည်။
“မင်း နောက်ကွယ်မှာ မကောင်းကြံစည်ထားတာတွေ လှည့်ဖြားထားတာတွေ ငါ ဂရုတောင်မစိုက်ဘူး။ ထျန်းနင်ကို မကောင်းပြောတာတော့ ငါ သည်းမခံနိုင်ဘူး”
“ကျွန်မ ....”
“ကြယ်ဘုရင်ဖျော်ဖြေရေးက မင်းကို လာဘ်ထိုးထားတော့ မင်း ယုံကြည်မှု အရမ်းရှိနေတယ်ပေါ့ ဟုတ်လား။ ဒါကြောင့် ငါနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဖို့ တွေးရဲတာပေါ့”
မို့ထင်က ရုံးခန်းထိုင်ခုံမှာ ပြန်ထိုင်ပြီး စကားဆက်ပြောသည်။
“မင်းက ကျန်းမန်နီရဲ့မန်နေဂျာလုပ်ဖို့ အရည်အချင်း မပြည့်မီပေမဲ့ မင်းကို ကျန်းမန်နီ ဘေးနားမှာ ပြန်ထားဖို့ ဆုံးဖြတ်လိုက်တယ်”
Charlene၏မျက်ဝန်းများ ပြူးကျယ်သွားသည်။
“အဲလို မလုပ်ပါနဲ့ မို့သူဌေးရယ်။ မန်နီက ငါ့ ငါ့ကို သေလောက်အောင် နှိပ်စက်လိမ့်မယ်”
“မင်းမှာ ရွေးချယ်ခွင့် မရှိဘူး။ ထျန်းနင်အကြောင်း မကောင်းပြောရဲသေးလား စောင့်ကြည့်ရတာပေါ့”
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now