အပိုင်း(၂၄၈)

ထျန်းနင်နဲ့ မို့သူဌေးက အတူတူနေတာလား

 
 
 
အစီအစဉ်တင်ဆက်သူက လိမ္မာပါးနပ်သူ ဖြစ်နေ၍ ကြည့်ရှုသူများ၏ စိတ်အာရုံကို အလွယ်တကူ ဖမ်းစားနိုင်သည်။
“ပရိသတ်ကြီးတို့ရေ၊ ခဏလေး နေကြပါဦး။ စူပါအင်တာဗျူး အစီအစဉ်က အလုပ်ကို လေးစားတဲ့ ပရိုပရမ်လေးပါ။ အတင်းအဖျင်းလေးတွေ လျှောက်ဖွတတ်တဲ့ ပရိုဂရမ်လေး မဟုတ်ရပါဘူး။ ဒါကြောင့် ဒုတိယမေးခွန်းလေးကို အာရုံစိုက်ကြရအောင်နော်၊ ‘မေးခွန်းလေးကတော့ ထျန်းနင်ရဲ့ မော်ဒယ်လောကထဲ ပြန်ဝင်လာတဲ့ အကြောင်းလေးပါပဲ”
“တန်ရီဖျော်ဖြေရေးက မိန်းကလေးထျန်းနင်ကို မကောင်းတဲ့ ကုန်ပစ္စည်း ကြော်ငြာခိုင်းတုန်းက အတော်လေး အပြစ်တင်ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက ဘယ်လိုမျိုး ခံစားခဲ့ရလဲ”
“စိတ်ကို အကောင်းဆုံး ပြင်ဆင်ထားဖို့ ကိုယ့်ဘာသာကိုယ် အမြဲသတိပေးနေမိတယ်”
ထျန်းနင် ပြန်ဖြေလာသည်။
“အဲဒီအချိန်တည်းက ကျွန်မရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်”
အစီအစဉ်တင်ဆက်သူက ထျန်းနင်ကို မော့ကြည့်လိုက်ပြီး ထျန်းနင်၏မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။
“ထျန်းနင်က စိတ်ဓာတ် ကြံ့ခိုင်တဲ့မိန်းကလေးဆိုတာ ကျွန်မလည်း ခံစားမိပါတယ်”
“တကယ်လား”
ထျန်းနင်က အပြုံးလေးဖြင့် ပြန်မေးသည်။
“ဒါဆိုရင် မိန်းကလေး ထျန်းနင်ရဲ့ အတွေ့အကြုံလေးကို မျှဝေပေးလို့ ရမလားရှင့်။ ဘယ်လို ခံယူချက်မျိုးနဲ့ ဘဝကို ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာ ပရိသတ်တွေ သိအောင် ပြောပြပေးပါဦး”
ထျန်းနင် ထိုင်ခုံပေါ်မှာ ထိုင်နေရသည်မှာ ကြာနေ၍ တင်ပါး မသက်မသာ ဖြစ်လာသည်။ သူမ ပြန်မဖြေခင် ခန္ဓာကိုယ် အနေအထား ပြောင်းလဲလိုက်သည်။
“ကျွန်မက အကောင်းနဲ့အဆိုးကို ခွဲခွဲခြားခြား သိတဲ့လူပါ။ ကျွန်မ မှန်တယ်လို့ ယူဆမိရင် ဘာအကျိုးဆက်ကိုမှ မစိုးရိမ်ဘဲ ရှေ့ဆက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်”
“ထျန်းနင်က ပြဿနာတိုင်းကို တည်တည်ငြိမ်ငြိမ် အစီအစဉ်တကျ ဖြေရှင်းနိုင်ပုံပဲ၊ ဒါဆိုရင် ဘယ်လိုအခြေအနေမျိုးက ထျန်းနင်ကို မျက်ရည်ကျစေလဲ”
“ကျွန်မရဲ့ချစ်သူ၊ သူငယ်ချင်းတွေ နဲ့ ဆွေမျိုးတွေ တစ်ခုခု ဖြစ်တဲ့အခါ ကျွန်မ ငိုမိတယ်။ ဒါပေမဲ့ ပြဿနာတိုင်းမှာ မှန်ကန်တဲ့ အဖြေတစ်ခုခု ရှိတယ်လို့ ယုံကြည်မိတဲ့အခါမျိုးမှာတော့ ကျွန်မ မငိုတော့ဘူး။ လူသားတွေရဲ့နှလုံးသားက ခန့်မှန်းရခက်ခဲပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို ပုံသေတွက်ချက်ထားဖို့ မသင့်လျော်ဘူး”
အစီအစဉ်တင်ဆက်သူက ခေါင်းညိတ်ပြီး မေးခွန်းဆက်မေးသည်။
“ထျန်းနင်က တခြားသူကို ထိန်းချုပ်ရတာ ကြိုက်တဲ့သူလား”
“ထိန်းချုပ်ရတာ မကြိုက်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက် ထပ်တူကျဖို့ဆိုတာ လွယ်ကူတာမှ မဟုတ်တာ။ ကိုယ်နဲ့အကျင့်စရိုက် မတူတဲ့ တခြားသူတွေနဲ့ တွေ့ခွင့်ရမှ ဘဝက အမှန်တကယ် ပြီးပြည့်စုံမှာပေါ့။ မတူညီတဲ့ အကျင့်စရိုက်တွေ လေ့လာခွင့် ရှိမယ်။ မတူညီတဲ့ ဘဝအတွေ့အကြုံတွေကို လေ့လာခွင့် ရှိမယ်”
“ဒါကြောင့် ကျွန်မက တခြားသူတွေကို ထိန်းချုပ်ရတာ မကြိုက်ပါဘူး”
“ဒါဆိုရင် ထျန်းနင်က ထိန်းချုပ်ခံရတာကိုရော ကြိုက်လား”
အစီအစဉ်တင်ဆက်သူက တစ်ခုခုကို ဖော်ထုတ်ချင်နေသော လေသံဖြင့် မေးမြန်းလာသည်။ ပရိသတ်များကလည်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြီး တုံ့ပြန်လာသည်။
သို့သော်လည်း ထျန်းနင်က ဟန်မပျက် ပြန်ဖြေလာသည်။
“တစ်စုံတစ်ယောက်က မင်းရဲ့ကိုယ်ပိုင်ဘဝလေးကို ထိန်းချုပ်ဖို့ ကြိုးစားလာရင် သူတို့က မင်းကိုကာကွယ်ပေးဖို့ နှစ်ဆကြိုးစားရတော့မယ် သဘော သက်ရောက်သွားတယ်”
“မင်း နုံနုံအအ ဖြစ်လေလေ မင်းဘေးနားက လူတွေ ပိုပင်ပန်းလေပဲ။ ကျွန်မ ပြောတာကို မယုံကြည်ဘူးဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ထိန်းချုပ်ခံရတဲ့လူတွေကို ပြန်ကြည့်လိုက်ပါ။ ကျွန်မကတော့ ကျွန်မ ရသလောက် အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို တခြားသူကိုလည်း ပေးချင်တယ်။ ကျွန်မလည်း ထိန်းချုပ်ခံရတာကို မကြိုက်သလို တခြားသူကလည်း ထိန်းချုပ်ခံရတာကို ကြိုက်မှာ မဟုတ်ဘူးလေ။ လူတိုင်းက တန်းတူညီမျှ အခွင့်အရေး ရသင့်ပါတယ်လို့ ကျွန်မ ယုံကြည်လက်ခံထားတယ်”
ထျန်းနင်၏လေးနက်သော တုံ့ပြန်မှုကြောင့် စုံတွဲပရိသတ်လေး အများစု ငြိမ်ကျသွားပြီး အင်တာဗျူးကို စိတ်ဝင်တစား နားစွင့်နေကြသည်။ စတူဒီယိုခန်းဆောင်ထဲမှာ အသက် ၂၆နှစ်ထက် ကျော်လွန်နေသော ပရိသတ်များလည်း ရှိနေပါသေးသည်။ ထျန်းနင်၏ ဖြေဆိုမှုကြောင့် သူတို့ကိုယ်တိုင်လည်း စိတ်လှုပ်ရှားမိသည်။ ယခုလို လေးနက်သော စကားလုံးများက ၂၆နှစ်အရွယ် မိန်းကလေး တစ်ယောက်၏နှုတ်မှ ဖွင့်ဟလာလိမ့်မည်ဟု ယုံကြည်ရ ခက်ခဲနေသည်။
မိနစ် ၅၀စာ အင်တာဗျူးလေးအတွင်း ပရိသတ်များက ထျန်းနင်တို့အချစ်ရေးလေးကို အနည်းငယ် သိခွင့်ရခဲ့သည့်အပြင် ထျန်းနင်နှင့် ပတ်သက်သော အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားများကို ပိုနားလည်ခွင့် ရခဲ့သည်။
“ဒီနေ့တော့ ထျန်းနင်ကို မေးခွန်းတွေ အများကြီး မေးသင့်သလောက် မေးခဲ့ပြီးပြီပဲ။ အရင်တုန်းက အခက်အခဲတွေကို ထျန်းနင် ဘယ်လိုစိတ်နဲ့ ရင်ဆိုင်ခဲ့လဲဆိုတာ ပရိသတ်တို့လည်း နားလည်သင့်သလောက် နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ ထျန်းနင်ကို မေးခွန်း နှစ်ခုပဲ ထပ်မေးတော့မယ်နော်။ ပထမ မေးခွန်းကတော့ ထျန်းနင် စင်ပေါ်က ပြုတ်ကျသွားတာနဲ့ ဆက်စပ်နေတဲ့ မေးခွန်းပါ။ အဲဒီပွဲနေ့တုန်းက စင်မြင့်ပေါ်က ပြုတ်ကျသွားတာကို ဘာလို့ ချက်ချင်း ကုသမှု မခံယူတာလဲ”
ပရိသတ်များ မေးမြန်းထားသော မေးခွန်းနှင့် နှိုင်းယှဉ်လိုက်လျှင် အစီအစဉ်တင်ဆက်သူ၏ နှုတ်မှ ထွက်လာသော မေးခွန်းများက ထျန်းနင်ကို ပိုခေါင်းကိုက်စေသည်။
ထိုစဉ် ထျန်းနင်က သူ့လက်မောင်းလေးကို လက်ချောင်းလေးများဖြင့် ဖွဖွလေး သပ်နေသည်။ ထိုအပြုအမူကြောင့် မို့ထင်က ဝန်ထမ်းကို ချက်ချင်းလှမ်းခေါ်ပြီး ထျန်းနင်ကို စောင်လေး သွားပေးစေသည်။
တခြားသူများ သတိမထားမိနိုင်သော်လည်း အစီအစဉ်တင်ဆက်သူ ထိုင်နေသော နေရာမှ မြင်ကွင်းတစ်ခုလုံးကို ကောင်းကောင်း မြင်နိုင်သည်။
ထို့ကြောင့်လည်း ထျန်းနင်ကို လေးနက်တည်ကြည်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“ထျန်းနင် ချမ်းနေလို့လား”
ထျန်းနင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခေါင်းညိတ်သည်။
“နည်းနည်း ချမ်းလို့ပါ”
အစီအစဉ်တင်ဆက်သူ ဆွံ့အသွားသည်။
ချစ်ခင်ကြင်နာလွန်းသော စုံတွဲလေးကို တစ်ကိုယ်တော်သမားလေး ကျွန်မ အားကျမိလာသည်။
ထျန်းနင်က စောင်လေးကို ခြေထောက်ပေါ် လွှမ်းထားလိုက်သည်။
“အမှန်တိုင်း ဝန်ခံရရင် အဲဒီနေ့တုန်းက တော်တော်လေး နာကျင်မိပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် သည်းခံဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်မကြောင့်နဲ့ ပွဲကို ရုတ်ရုတ်သဲသဲ မဖြစ်သွားစေချင်ဘူး”
“နောက်ဆုံးမေးခွန်းပါ။ အဆင်သင့် ဖြစ်ပြီလား။ မေးတော့မယ်နော်။ ထျန်းနင်နဲ့ မို့သူဌေးက အတူတူနေတာလား”
ပရိသတ်များ၏ မျှော်တလင့်လင့် စိတ်အခြေအနေလေးက အစီအစဉ်တင်ဆက်သူထက် ပိုကျော်လွန်နေသည်။
အစီအစဉ် အစောပိုင်းတွင် ထျန်းနင်က ပွင့်ပွင့်လင်းလင်း ဖြေသော်လည်း ယခုတော့ လှည့်ပတ် ရှောင်တိမ်း ဖြေဆိုနေသည်။ သူမ၏အဖြေများက အများရှေ့မှာ သူတို့နှစ်ဦးသား ချစ်ခြင်းကို ဖော်ပြနေသယောင် ပေါ်လွင်သော်လည်း သာမန်တုံ့ပြန်မှုလည်း ဖြစ်နေသည်။
ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ယခု သူမ ဖြေလိုက်သည့် အဖြေပင်။
“မို့သူဌေးနဲ့ ကျွန်မက Hyatt regencyမှာ နေတာပါ”
အိမ်ရာ တစ်ခုတည်းမှာ နေထိုင်သည်ဟုသာ အဖြေပေးခဲ့သည်။ Hyatt regencyက လုံခြုံရေး တင်းကျပ်လွန်း၍ ပရိသတ်များအနေဖြင့် ထျန်းနင်တို့နောက် တကောက်ကောက်လိုက်ပြီး စုံစမ်းရန် မလွယ်ကူပေ။
“ဒီနေ့ စူပါအင်တာဗျူးပွဲမှာ ထျန်းနင်ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားခွင့်ရလို့ ဝမ်းမြောက်ပါတယ်။ ကျွန်မတို့တွေအားလုံး မော်ဒယ်တစ်ယောက်ရဲ့ ဘဝကို ပိုနားလည်သလို ထျန်းနင်လေးအကြောင်းကို ပိုသိလာမယ်လို့ ယုံကြည်ပါတယ်။ ဒါဆိုရင် ဒီတစ်ပတ် အစီအစဉ်လေးကို ဒီနေရာမှာတင် ရပ်နားကြရအောင်။ နောက်တစ်ပတ် ဒီအစီအစဉ်မှာ ပြန်ဆုံကြတာပေါ့”
ထိုစကားကိုပြောပြီးနောက် အစီအစဉ်တင်ဆက်သူက ထျန်းနင်နှင့် ဓာတ်ပုံအတူတူ ရိုက်ရန် မတ်တတ်ရပ်လိုက်သည်။
ထျန်းနင်က ဓာတ်ပုံရိုက်ကူးပြီးနောက် စင်နောက်မှာ ရှိနေသော မို့ထင်အနား ပြန်သွားသည်။
“ဒီအပိုင်းရဲ့ကြည့်ရှုနှုန်းက တစ်ဟုန်ထိုးတက်သွားမှာ သေချာတယ်”
မို့ထင်က သူ့အပေါ်အင်္ကျီလေးကို ထျန်းနင် ခန္ဓာကိုယ်အပေါ် လွှမ်းခြုံပေးသည်။
“ထင်နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကိုပဲ အင်တာဗျူးတစ်ခုလုံး နှိုက်နှိုက်ချွတ်ချွတ် မေးသွားတယ်”
ထျန်းနင်က တည်ငြိမ်စွာ စကားပြောလာသည်။
“ချစ်လေးက သဘောမကျလို့လား”
မို့ထင်က ထျန်းနင်ကို ရုပ်မြင်သံကြားစတူဒီယို အပြင်ဘက် ခေါ်ထုတ်သွားသည်။
“ထင်ရဲ့ကိုယ်ပိုင်ဘဝလေးကို ဖုံးကွယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာပဲ။ အားလုံးရဲ့နောက်ကွယ်မှာ အချိန်အကြာကြီး နေခဲ့တာလေ။ အခုတော့ ထျန်းနင်ကြောင့် ထင်နာမည်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတော့ ထင် နေရထိုင်ရတာ မလွတ်လပ်တော့ဘူး”
“ကိုယ့်အတွက်တော့ လူမသိသူမသိ နောက်ကွယ်မှာပဲနေရ နေရ၊ ပေါ်ပေါ်ထင်ထင် နေရနေရ ကိုယ့်အတွက် ပြဿနာ မရှိပါဘူး။ ချစ်လေးသာ ကိုယ့်ကို လိုအပ်နေသေးရင် ကိုယ်ကျေနပ်ပါတယ်”
ထျန်းနင်က မန်နေဂျာ vanကားထဲ ဝင်ရောက်သွားပြီး မို့ထင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
မို့ထင်က ထျန်းနင် အတွေးကို နားလည်မိ၍ ထျန်းနင် ပခုံးလေးကို ဖက်ကာ
“အခုကစပြီးတော့ ကိုယ်တို့တွေ အင်တာဗျူးပွဲတွေ မသွားတော့ဘူး အလုပ်ကိစ္စပဲ အာရုံစိုက်ကြမယ်လေ”
“ချစ်လည်း အလုပ်မရှိဘဲ နားနေတာ မလိုချင်တော့ဘူး။ မနက်ဖြန်ကစပြီးတော့ အလုပ်တွေ လက်ခံတော့မယ်။ မန်နေဂျာမို့ ထျန်းနင် အလုပ်ကြိုးစားဖို့ လိုအပ်နေပြီ”
“ကိုယ့်မိဖုရားလေး အလိုတော်ကျ ဖြစ်စေရမယ်”
မို့ထင်က ထျန်းနင်၏ဦးခေါင်းလေးကို သူ့ပေါင်ပေါ်တင်ထားသည်။
“တစ်ရေးအိပ်လိုက်ပါဦး။ ကိုယ်တို့တွေ အိမ်ပြန်ရောက်တော့မှာပါ။ အိမ်ရောက်ရင် ချစ်လေးကို နှိုးမယ်နော်”
 
***
 
ည၇နာရီ
ကျန်းမန်နီ စီးနင်းလာသော လေယာဉ်ပျံက ပေကျင်းလေဆိပ်ကို ဆိုက်ကပ်လာသည်။ အားလုံး ဂုဏ်ပြုထားသော နိုင်ငံကိုယ်စားပြု ရတနာလေးက အသက် ၂၄နှစ်အရွယ်သာ ရှိသေးသည်။ သူမက မို့မောက်နေသော ရင်သားလေးများကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ် ကောက်ကြောင်းအလှကြောင့် ညှို့ဓာတ်ပြင်းနေသည်။ သူမက Victoria Secret၏ မော်ဒယ်ရှိုးပွဲတွင် မော်ဒယ်လျှောက်ခွင့်ရခဲ့ပြီး နာမည်ကြီး ဇိမ်ခံပစ္စည်းများ၏ ပင်တိုင်ကြော်ငြာမော်ဒယ် ဖြစ်နေသည်။ ထို့အပြင် ကိုယ်ပိုင် မော်ဒယ် အမှတ်တံဆိပ်ကိုလည်း ပိုင်ဆိုင်ထား၍ မော်ဒယ်လောကမှာ ဆရာတစ်ဆူ ဖြစ်နေသည်။
ကျော်ကြားမှုများကို ပိုင်ဆိုင်ထားသော မော်ဒယ်ကျန်းမန်နီက ကြွားဝါရခြင်းကို နှစ်သက်ပြီး အမည်းရောင်နှင့် rock musicကို အရူးအမူး နှစ်သက်သူ ဖြစ်သည်။ သို့တိုင် သူမက ဒီဇိုင်းတူသော ဝတ်စုံများကို ထပ်တလဲလဲ ဝတ်ဆင်ခြင်း မပြုလုပ်ပေ။
လေဆိပ်မှထွက်ခွာလာပြီးနောက် ကျန်းမန်နီက နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သူ့လက်ထောက် စီစဉ်ပေးထားသော ကားပေါ်တက်လိုက်သည်။ ကားပေါ်တက်လိုက်သည်နှင့် မို့ထင်က ထျန်းနင်၏မန်နေဂျာ ဖြစ်သွားသည့် သတင်းကို မြင်တွေ့ရသည်။
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now