စာစဉ်(၁၈) Ep 241+242+243

Start from the beginning
                                    

အပိုင်း(၂၄၂)

ငါကမို့ထင်

 
 
 
မန်နေဂျာပြောလိုက်သည့် စကားကိုကြားပြီးသည့်တိုင် ချင်းယွီက သူမ၏ကံတရားကို လက်ခံရန် ငြင်းဆန်နေသေးသည်။ ထို့ကြောင့်လည်း လက်ထဲမှာရှိနေသည့် ခေါင်းအုံးက သူမ၏မျက်နှာနည်းတူ ရှုံ့မဲ့ တွန့်ကြေနေသည်။
“ထျန်းနင်၊ နင်တကယ့်ကို ကံကောင်းနေတာပဲ”
ချင်းယွီက မယုံကြည်နိုင်စွာ လှောင်ရယ်လိုက်သည်။ ထို့နောက် သူမ၏မန်နေဂျာဘက်လှည့်ကာ တောင်းဆိုလေ၏။
“ငါ့ကို နောက်ဆုံးတစ်ကြိမ်လောက် ကူညီပေးပါ။ ငါ့ကိုယ်စား ထျန်းနင်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရအောင်ရှာပေးပါနော်”
“ချင်းယွီ။ နင် ဘာတွေမွှေဦးမလို့လဲ”
ချင်းယွီ၏မျက်နှာပေါ်တွင် နာကြည်းခါးသက်သော အပြုံးလေးပေါ်လွင်လာသည်။ ဟိုက်ဟွေ့က သူမကို ယခုလိုအခြေအနေရောက်အောင် တွန်းပို့ပေးခဲ့ပြီး သူမ၏အေဂျင်စီက သူမ၏ ရှေ့ဆက်မည့်အနာဂတ်ကို လုံးလုံးလျားလျား ဂရုမစိုက်သည့်အတွက် သူမမှာ မည်သည့်ရွေးချယ်စရာ ကျန်ရှိသေးသနည်း။
“မီဒီယာကို ဆက်သွယ်ပေး။ မော်ဒယ်လောကထဲက နုတ်ထွက်မယ်အကြောင်း ကြေညာမယ်လို့ ထည့်ပြောပေး”
“မဖြစ်သေးဘူး။ ချင်းယွီ နင်ဒီလိုလုပ်လို့မရဘူးနော်။ ဒီနေ့လို အခြေအနေရောက်ဖို့ နင်အတော့်ကို ကြိုးစားခဲ့ရတာနော်။ နင့်အတွက်လည်း မလွယ်ကူခဲ့ဘူး”
“ဒါဆိုဖြေပေးပါဦး။ ငါ့အတွက် ရွေးချယ်စရာ တခြားလမ်းကြောင်း ရှိသေးလို့လား”
ချင်းယွီက မန်နေဂျာဘက် ခေါင်းလှည့်လိုက်သည်။ သူမအနိုင်မယူနိုင်သည့် မို့ထင်ကို ပိုင်ဆိုင်ထားသော ထျန်းနင်ကို လက်မြှောက်အရှုံးပေးရန်သာ တတ်နိုင်တော့သည်။
မန်နေဂျာက ဦးခေါင်းကိုတွင်တွင်ခါပြီး တည့်တည့်မတ်မတ်ရပ်ကာ သက်ပြင်းချလိုက်သည်။
သို့သော်လည်း ကျောခိုင်းလိုက်သည်နှင့် တစ်ပြိုင်နက်တည်း သူမ သရော်လိုက်သည်။ ချင်းယွီဘက်က ဖြစ်လာမည့်ပြဿနာကို တာဝန်အပြည့်အဝ ယူလိုက်လျှင် ဟိုက်ဟွေ့က သူမကို ဒုက္ခပေးရန် မကြံရွယ်လောက်ပေ။ ချင်းယွီက သူမကိုယ်စား အပြစ်ဒဏ်ခံလိုက်လျှင် သူမ၏ဘဝလည်း အေးချမ်းသွားပြီး တခြားမော်ဒယ်တစ်ဦးကို လေ့ကျင့်ပျိုးထောင်ပေးကာ အသက်ဆက်ရှင်ခွင့်ရဦးမည်။
Star Ageဘက်မှ သူမကို ဝှက်ဖဲပေးထားတည်းက သူမ၏စွမ်းအားကို ဆက်လက်အကုန်ခံရမည်နည်း။
သိပ်မကြာလိုက် ချင်းယွီ၏မန်နေဂျာက ထျန်းနင်၏ဖုန်းနံပါတ်ကို ဖောက်သည်တစ်ယောက်စီမှ တောင်းယူကာ ချင်းယွီကို ပေးလိုက်သည်။
ချင်းယွီက ထျန်းနင်၏ဖုန်းနံပါတ်စာရွက်လေးကို ဆုပ်ကိုင်ထားပြီး နံရံပေါ်မှာ ချိတ်ဆွဲထားသည့် ချိန်းသီးနာရီကို ကြည့်ကာ အချိန်သိပ်မကျန်တော့မှန်း နားလည်လိုက်သည်။ နောက်ဆုံးတော့ ထျန်းနင်၏ဖုန်းကို လှမ်းခေါ်လိုက်သည်။
“ထျန်းနင်။ နင် စင်ပေါ်ကပြုတ်ကျတဲ့ ပြဿနာကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့လူက ငါဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါ လုံးဝနောင်တ မရဘူး”
“နင်လို အင်တာနေရှယ်နယ်ဆုတစ်ခုတောင် မရခဲ့တဲ့ တတိယတန်းစားမော်ဒယ်က ငါပိုင်ဆိုင်သင့်တဲ့ ကြော်ငြာကို လုယူရတယ်လို့”
“ငါ နင့်ကိုမုန်းတယ်။ နင့်ရဲ့ပျားရည်လောင်းထားတဲ့ ဟန်ဆောင်ပန်ဆောင် အမူအရာတွေကိုလည်း ငါမုန်းတယ်။ ငါရှုံးနိမ့်သွားလို့ မော်ဒယ်တစ်ယောက် မဖြစ်နိုင်တော့ပေမဲ့”
“ငါ နင့်ကို ကျိန်စာတိုက်ခဲ့မယ်။ ဟိုက်ဟွေ့က နင့်ကို စွန့်ပစ်သွားပါစေ။ နင်လည်း အရာရာကို ဆုံးရှုံးရပါစေ။ အိမ်ရှေ့တံခါးအပြင်ဘက်ကို ထွက်တာနဲ့ ကားတိုက်ပြီးသေပါစေလို့ ငါဆုတောင်းတယ်”
ချင်းယွီက ဗလုံးဗထွေးဖြင့် သူမ၏ဒေါသစိတ်ကို ထုတ်ဖော်နေသည်။
သို့သော်လည်း ခဏကြာ နှုတ်ဆိတ်နေပြီးမှ တစ်ဖက်ဖုန်းမှ ဩရှရှအသံကို ကြားလိုက်ရပြီး ရင်ထဲဗလောင်ဆူသွားသည်။
“အခု နားထောင်နေတဲ့လူက မို့ထင်ပဲ”
မို့ထင်
မို့ထင်
မို့ထင်က ထျန်းနင်၏ဖုန်းကို ကိုင်လိမ့်မည်ဟု ဘယ်သောအခါမှ ချင်းယွီ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့်လည်း ယခုလို့ ရက်စက်ကြမ်းကြုတ်သော စကားလုံးများကို ပြောဆိုရဲခြင်းဖြစ်၏။
သူမ၏ အပြောအဆိုအပြုအမူများကို ပြန်လည်ဆင်ခြင်ပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး အအေးဓာတ် လွှမ်းခြုံလာသည်။
ချင်းယွီမှာ ရုတ်တရက် ကတုန်ကယင် ဖြစ်လာသည်။
“သူဌေးမို့။ ကျွန်မ ကျွန်မက ကျီစယ်လိုက်တာပါ”
“ဟုတ်လို့လား။ မင်း တမင်တကာ ကျိန်စာတိုက်လိုက်တာ မဟုတ်ဘူးလား”
မို့ထင်က ထျန်းနင်၏ဖုန်းကို ကိုင်လိုက်တည်းက ချင်းယွီပြောသမျှကို မှတ်တမ်းတင် ထားလိုက်သည်။
အပြည့်အဝ မှတ်တမ်းမတင်နိုင်သော်လည်း ထျန်းနင်ကို ချင်းယွီ ကျိန်စာတိုက်ခဲ့သည့်အပိုင်းကို ပီပီပြင်ပြင် မှတ်တမ်းတင်နိုင်ခဲ့သည်။
သူမ၏ဘဝ လုံးဝစုတ်ပြတ်သတ်သွားမှန်း ချင်းယွီ နားလည်လိုက်ပြီး အရှုံးသမားလို အော်ဟစ်ငိုကြွေးလေ၏။
“မို့သူဌေး။ ငါ တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်ပေးပါ”
“ငါက ခွင့်လွှတ်ပေးတတ် အခွင့်အရေးပေးတတ်တဲ့ သဘောထားကြီးမြတ်သူ မဟုတ်ဘူး။ မင်းပြောချင်တာပြောပြီးမှ ရှက်ရကောင်းမှန်းမသိ တောင်းပန်ရဲသေးတယ်နော်။ နင်က အခွင့်ရေးပေးဖို့ ထိုက်တန်တဲ့ မိန်းမစား မဟုတ်ဘူး”
ထိုစကားကိုပြောပြီးနောက် မို့ထင်၏လေသံက ပို၍ခက်ထန်လာသည်။
“ငါ အဲလောက်အထိ စိတ်မရှည်ဘူး။ နင့်ကို သတိပေးလိုက်မယ်။ အခု ည၉နာရီရောက်နေပြီ ဘာလုပ်သင့်လဲ မြန်မြန်ဆုံးဖြတ်စမ်း”
ထို့နောက် မို့ထင်က ဖုန်းချလိုက်ပြီး လုချယ်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“ထျန်းနင်ကို ဖုန်းနံပါတ်အသစ်ပြောင်းပေးလိုက်တော့။ အခုကစပြီးတော့ အလုပ်ကိစွတို့ ပွဲအခမ်းနားတို့အတွက် ထျန်းနင်ကို ဆက်သွယ်ချင်ရင် ငါ့ဖုန်းနံပါတ်ကိုပဲ ပေးလိုက်”
“ဟုတ်ကဲ့ပါ သူဌေး”
လုချယ်က အခြေအနေကို အတိအကျမသိသော်လည်း မို့ထင်၏လေသံတွင် ဒေါသရောယှက်နေမှန်း ခံစားမိသည်။
မို့သူဌေးနှင့် ဖုန်းပြောခြင်း အဆုံးသတ်ပြီးနောက် အရေးကြီးသည့်သတင်းကို လုံကျဲသိအောင် အသိပေးရသည်။ ထျန်းနင်ကို ခြိမ်းခြောက်သည့်ဖုန်းမျိုး လက်ခံခဲ့မိ၍ သူဌေးကြီးက ယခုလို လွန်လွန်ကဲကဲ တုံ့ပြန်သည်ဟု လုံကျဲ ခန့်မှန်းခဲ့သည်။ တကယ်လက်တွေ့က ထျန်းနင်ကို ကားတိုက်ပါစေဟု ချင်းယွီ ကျိန်စာတိုက်ခဲ့၍ ဖြစ်လေ၏။
ယုတ်မာရက်စက်သည့်နှလုံးသားကို ပိုင်ဆိုင်ထားသည့် မိန်းမယုတ်ချင်းယွီ ဖြစ်နေသည်။
ဖျော်ဖြေရေးလောက၏ ဧကရာဇ်တစ်ပါးဖြစ်နေ၍ ချင်းယွီကို ကတိပေးထားသည်ထက် ကျော်လွန်ကာ ဒုက္ခပေးနိုင်သည့် အရည်အချင်း အပြည့်အဝရှိသည်။
တစ်ဖက်မှာတော့ ချင်းယွီမှာ ဖုန်းချချချင်း သူမ၏လက်ဖျားထိပ်လေးများ တဆတ်ဆတ်တုန်နေသည်။ နောက်ဆုံးတော့ ချင်းယွီက ဖုန်းကို အဝေးလွှင့်ပစ်လိုက်ပြီး ချုံးပွဲချငိုကြွေးလေ၏။
ည၁၀နာရီ
ချင်းယွီက သာမန်အဝတ်အစားလေးကို ဝတ်ဆင်ပြီး သူမ၏အိမ်အပြင်ဘက်မှ စောင့်ဆိုင်းနေသည့် သတင်းထောက်များကို မျက်နှာချင်းဆိုင်လိုက်သည်။
သတင်းထောက်များက အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းထားမိသည်။ ထျန်းနင်ကို ဒုက္ခပေးခဲ့သည့်တရားခံက ယနေ့ ဝန်ခံလိမ့်မည်ဟု မို့ထင်ကြေညာထားသည်။
ချင်းယွီက ထျန်းနင်ကို မကောင်းကြံစည်ရလောက်သည့်အထိ ရန်ငြိုးရန်စ ရှိရသည့်အကြောင်းအရင်းကို သူတို့ သေချာမသိခဲ့ပေ။
ထျန်းနင်မှာ စင်မြင့်ပေါ်မှ ပြုတ်ကျခဲ့ပြီး အသက်ဘေးကို ရင်ဆိုင်ခဲ့ရသည်။
ညလေအေးက သူမ၏ရင်ထဲက အပူမီးကို မငြှိမ်းသက်နိုင်ခဲ့ပေ။ ချင်းယွီက မိတ်ကပ် ကောင်းကောင်းမွန်မွန် လိမ်းခြယ်ပြီး အမည်းရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ကာ သတင်းထောက်များကို မျက်နှာချင်းဆိုင်လိုက်သည်။
မိုးသည်းနေသည့်ကောင်းကင်ယံအောက်မှာ သူမ၏လက်ထောက်က ထီးလေးမိုးပြီး သူမ၏နောက်မှလိုက်ပါလာသည်။ ချင်းယွီ၏မျက်နှာက မရွှင်မလန်းဖြစ်နေသည်။
“ငါ .... ချင်းယွီ မော်ဒယ်လောကထဲက နုတ်ထွက်မယ်လို့ ကြေညာချင်ပါတယ်။ ဒီနေ့ကစပြီးတော့ ဖျော်ဖြေရေးလောထဲကို နောက်ထပ်ခြေတစ်လှမ်းတောင် မလှမ်းစေရဘူး”
“ကျွန်မကို နှစ်ပေါင်းများစွာ အားပေးပံ့ပိုးပေးခဲ့တဲ့ ပရိသတ်တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ သူတို့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲတောင် မသိတော့ပါဘူး။ ကျွန်မကို အမှတ်ရနေပေးဖို့ မျှော်လင့်မိပါတယ်”
ထိုစကားကိုပြောပြီးနောက် ချင်းယွီက သတင်းထောက်များကို မေးခွန်းမေးခွင့် မပေး ကျောခိုင်း လှည့်ထွက်သွားသည်။
ချင်းယွီ၏ရုတ်တရက်ဆန်သော အပြုအမူကြောင့် သတင်းထောက်များမှာ အတွေးကိုယ်စီဖြင့် ကျန်ရစ်ခဲ့သည်။
“အချစ်ရဆုံးကြည့်ရှုသူ ပရိသတ်များ ခင်ဗျား။ ကျွန်တော်တို့ ဖျော်ဖြေးရေးသတင်းထောက် နောက်ဆုံးပေးပို့တဲ့သတင်းအရတော့ ဒီည၁၀နာရီမှာ Star Ageရဲ့မော်ဒယ်ချင်းယွီက မော်ဒယ်လောကထဲက နုတ်ထွက်သွားကြောင်း တရားဝင် ကြေညာသွားပါတယ်။ သူမရဲ့အိမ်အပြင်ဘက်မှာပဲ အားလုံးကို အကျဉ်းချုပ် နှုတ်ဆက်စကား ပြောသွားတာပါ”
“ချင်းယွီလို သာမန်မော်ဒယ်လေးက ဘာအကြောင်းကြောင့်များ မော်ဒယ်လောကထဲက နုတ်ထွက်သွားလည်း အားလုံးက သိချင်နေတုန်းပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဟိုက်ဟွေ့ရဲ့စီအီးအိုက ထျန်းနင်ကို လုပ်ကြံတဲ့တရားခံက သူ့အပြစ်ကို ဝန်ခံမယ်လို့ ကြေညာထားပြန်တယ်”
“ပြီးတော့ ကျွန်တော်တို့ စုဆောင်းထားတဲ့ သတင်းတွေအရတော့ ချင်းယွီက ထျန်းနင်ကို အကြိမ်ကြိမ် သိက္ခာချဖူးတယ်တဲ့။ ဒါကြောင့် ချင်းယွီနုတ်ထွက်သွားတဲ့ အကြောင်းအရင်းက လူတိုင်းကောက်ချက်ချဖို့ မခဲယဉ်းဘူးလို့ ကျွန်တော်လည်း ခံစားမိပါတယ်”
“သတင်းထောက်ပို့ထားတဲ့သတင်းအရတော့ ထျန်းနင်က တရားခံကို ဒုက္ခမပေးချင်လို့ ဒဏ်ရာကို သည်းခံရင်းနဲ့ ပွဲအခမ်းအနားလည်းပြီးရော ဆိုးရွားတဲ့အခြေအနေကို ရောက်သွားတာတဲ့။ ထျန်းနင်ရဲ့ဒဏ်ရာဆိုးရွားခဲ့လို့လည်း သူ့မန်နေဂျာရဲ့ဒေါသမီး လောက်မြိုက်နေတာပေါ့”
“ဒါကြောင့် ငါတို့အားလုံး တစ်ခုတော့ သင်ခန်းစာယူသင့်တယ်။ ဘယ်လိုအခြေအနေကိုပဲ ရောက်နေရောက်နေ ဘယ်အဆင့်အတန်းပဲရှိရှိ ကိုယ့်ဒေါသစိတ် ကိုယ်မနာလိုစိတ်ကို ထိန်းချုပ်သင့်တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ဘာသာကိုယ်လည်း ထိခိုက်စေသလို တခြားသူကိုလည်း ထိခိုက်နာကျင်စေတယ်”
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now