"အဆင်ပြေပါတယ်လို့ ဘာကြောင့် ပြောရက်နိုင်တာလဲ"
 
ဟွာကျင်းကျင်းက ထျန်းနင် ပြုတ်ကျသွားသည့် တစ်မီတာအမြင့်ရှိသော စင်မြင့်ကို တစေ့တစောင်းကြည့်လိုက်သည်။
 
"နင့်အကြောင်း သတင်းမှာပါလာမှာ သေချာတယ်။ တခြားသူတွေက အဲဒီသတင်းကို မမြင်ဘဲနေပါ့မလား"
 
ဟွာကျင်းကျင်းက ထျန်းနင်ပူပန်နေသည့် အကြောင်းအရင်းကို သိနေ၍ မို့ထင်ဟုသုံးနှုန်းမည့်အစား တခြားသူဟု ခေါ်ဝေါ်ခဲ့သည်။
 
သို့သော်လည်း ထျန်းနင်က ကပြက်ကချော်ပြန်စကားပြောလာသည်။
"ကြမ်းပြင်ပေါ်မှာ ကောဇောခင်းထားလို့  တော်သေးတာပေါ့"
 
ထိုစဉ် အစီအစဉ်မှူးက ထျန်းနင်အနားရောက်လာပြီး ထျန်းနင် မတ်တတ်ရပ်နိုင်အောင် တွဲပေးသည်။
"လမ်းလျှောက်နိုင်သေးလား။ ဆေးရုံသွားချင်လား"
 
ထျန်းနင်ခေါင်းခါလိုက်သည်။
 
"ဒီလိုဆိုရင် အနားယူလိုက်ဦး။ တစ်ခုခုဆို ငါတို့ကိုအသိပေးနော်။ စိတ်ထဲတင်းခံမနေနဲ့"
အစီအစဉ်မှူး ချော့မော့လိုက်သည်။
 
ထိုစကားကိုပြောပြီးနောက် အစီအစဉ်မှူးက စင်ပေါ်ပြန်တက်သွားသည်။
 
စောစောတုန်းက ပွက်လောရိုက်ခဲ့သည့် အခြေအနေကို ပြန်ထိန်းချုပ်လိုက်ပြီး  ဆုပေးပွဲအခမ်းအနားကို ပြန်အသက်သွင်းသည်။ သို့သော်လည်း စင်ပေါ်မှ ထျန်းနင်တွန်းချခံရသည့် သတင်းက ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
 
လုံခြုံရေးမှူးက ကက်ဦးထုပ်နှင့်အမျိုးသားကို ဖမ်းချုပ်ရန် စီစဉ်နေသည်။ ၎င်းအမျိုးသားသည် ၁၇နှစ် ၁၈နှစ်အရွယ်ရှိပြီး မျက်နှာအနှံ့ ဝက်ခြံများပြည့်နှက်နေ၍ ရုပ်ဆိုးလွန်းသည်။
 
"ထျန်းနင်ရဲ့ ပရိသတ်လို့ပြောခဲ့တာပါ။ ထျန်းနင်ကို မြင်လိုက်ရတော့ အသိစိတ်လွတ်သွားတယ်တဲ့။ အဲဒီလိုအကြောင်းပြချက် ပေးတာပဲ"
 
လုံခြုံရေးမှူးပို့ပေးသည့် စာတိုလေးကို ထျန်းနင်သိအောင် လုံကျဲ ဖတ်ပြနေသည်။
"သူက ကလေးအရွယ်ပဲရှိသေးတော့ ဖမ်းချုပ်ထားဖို့ မသင့်လျော်ဘူးဆိုပြီး လုံခြုံရေးမှူးက ဆိုဆုံးမပြီး ပြန်လွှတ်ပေးလိုက်တယ်"
 
"သူပြောတာ ယုံကြည်လား"
ဟွာကျင်းကျင်းက လူအုပ်စုကို အကဲခတ်ကြည့်ကာ မေးမြန်းလိုက်သည်။
 
ထျန်းနင် ခေါင်းခါလိုက်သည်။
"Star Kingကလူတွေနဲ့ ပတ်သက်မှုရှိမယ်လို့ခံစားမိတယ်"
 
"ဒါပေမဲ့ ငါတို့မှာ သက်သေမရှိပြန်ဘူး"
 
"ဒါဆိုအခုအချိန်မှာ သည်းခံထားရမယ်"
ထျန်းနင်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
 
ဟွာကျင်းကျင်း မရိပ်မိသော်လည်း လုံကျဲက ထျန်းနင်၏ရည်ရွယ်ချက်အမှန်ကို ရိပ်စားမိသည်။ ထျန်းနင်က သူမ၏အကြံအစည်ကို ဖုံးကွယ်ထားပြီး တရားခံကို အမိဖမ်းရန် ကြံရွယ်ထားသည်။
 
"အရင်ဆုံးပြန်လိုက်မလား"
 
"မပြန်ပါဘူး။ အဆင်ပြေပါတယ်။ နင် ဆုယူရဦးမယ်မလား။ ပွဲပြီးတဲ့အထိ စောင့်နေပေးမယ်"
 
ထျန်းနင်က သူမ၏နာကျင်မှုကို ထိန်းချုပ်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ သူမ၏ခြေထောက်က အနည်းငယ် တုန်ယင်နေသည်။
 
ဟွာကျင်းကျင်းက ထျန်းနင်ကို   အပြေးတစ်ပိုင်းဖြင့်လှမ်းတွဲလိုက်ပြီး  အော်လိုက်သည်။
"ထျန်းနင်။ နင် ရူးနေပြီလား။ သတ္တိရှိချင်ယောင် ဆောင်နေပြန်ပြီလား။ ဖုံးကွယ်ဖို့ ကြိုးစားနေလား"
 
"ဖုံးကွယ်ဖို့ကြိုးစားနေတာ မဟုတ်ရပါဘူး"
 
ရေချိုးခန်းမှာ ချော်လဲခဲ့မှန်း မို့ထင်သိသွားသည့်နေ့က တစ်ညလုံးမအိပ်ဘဲ ရေချိုးခန်းကြမ်းခင်း လဲလှယ်နေသည့် မြင်ကွင်းက သူမ၏အမြင်အာရုံထဲဝင်ရောက်လာသည်။ သူမသာ အိမ်စောစောပြန်မိလျှင် သေချာပေါက် မို့ထင် စိုးရိမ်နေလိမ့်မည်။
 
"မို့ထင် စိုးရိမ်နေလိမ့်မယ်"
 
ဟွာကျင်းကျင်း ဆွံ့အသွားသည်။
 
"ထျန်းနင်။ နင်တော်တော်လေးကို ခေါင်းမာတာပဲဟယ်။ ငါ နင့်ကိုမနိုင်တော့ဘူး။ လုပ်ချင်ရာလုပ်တော့"
 
သိပ်မကြာလိုက် ထျန်းနင်က သူမ၏ထိုင်ခုံအနား ပြန်သွားသည်။ သူမအနားမှာ ရှိရှိသမျှ လူတိုင်းနီးပါးက ထျန်းနင်ကို သတင်းလာမေးသော်လည်း ချင်းယွီက ခြားနားသည်။
 
ချင်းယွီ၏နှုတ်ခမ်းပေါ်မှာ နှစ်ထောင်အားရသည့် မဲ့ပြုံးလေးကို ထျန်းနင် သတိထားမိခဲ့သည်။
 
ထျန်းနင်က အငြိုးကြီးသည့် မိန်းမမျိုးဖြစ်သည်။ သူမ၏မတော်တဆမှုသည် ချင်းယွီနှင့် အမှန်တကယ်ဆက်စပ်မှု ရှိနေခဲ့လျှင် Star Kingက တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မည်။
 
...
 
ဟိုက်ဟွေ့ဖျော်ဖြေရေး
 
ဖန်ယွီက ပြင်ဆင်ထားသည့် သတင်းဆောင်းပါးကို ကြေညာရန် ဟန်ပြင်နေသည်။ ပွဲအခမ်းအနားမှာ ထျန်းနင် မတော်တဆဖြစ်ခဲ့သည့်သတင်းကို ကြားသိလိုက်ရ၍ ဘာဆက်လုပ်သင့်လဲ တွေဝေသွားသည်။
 
ထျန်းနင် စင်ပေါ်မှ တွန်းချခံရပြီး စင်အောက် ပြုတ်ကျသွားသည့် သတင်းဆိုးကြီးဖြစ်နေသည်။
 
ဖန်ယွီက ချက်ချင်းပဲ စီအီအိုရုံးခန်းကို ပြေးသွားလိုက်သည်။ ရုံးခန်း၏ထိုင်ခုံပေါ်မှာ ထိုင်ကာ သုန်သုန်မှုန်မှုန် မျက်နှာအမူအရာဖြင့် တီဗီဖန်သားပြင်ကို ကြည့်ရှုနေသည့် မို့ထင်ကို မြင်တွေ့လိုက်ရသည်။
 
မို့ထင်၏ခန္ဓာကိုယ်ပေါ်မှ ဖြာထွက်နေသည့်လူသတ်ငွေ့များကြောင့် သူ့ကို အသက်ရှုရခက်ခဲစေသည်။
 
"ဥက္ကဋ္ဌ။ ဆောင်းပါးကို အများသိအောင် ကြေညာရတော့မလား"
 
မို့ထင်က နောက်ဆုံးစာရွက်ကို လက်မှတ်ထိုးလိုက်ပြီး သူ့အပေါ်အင်္ကျီကိုလှမ်းမယူခင် ဖန်ယွီကို လှမ်းပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင် ဓာတ်လှေကားကို ဦးတည်ထွက်ခွာသွားသည်။
 
မို့ထင်၏လက်မှတ်က ပုံမှန်ထက် ကြည့်ရဆိုးနေမှန်း ဖန်ယွီသတိထားမိသည်။ တချို့စာရွက်များတွင် အမှားယွင်း ပြင်ဆင်ထားသေးသည်။
 
မို့ထင်က သူ့ရင်ထဲ ဗလောင်ဆူနေသည့် ဒေါသစိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားမှန်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
 
သူ့ဒေါသကို ချက်ချင်းမထုတ်ပြသည့်အကြောင်းမူကား ထျန်းနင်က သူမ၏နာကျင်မှုကို ဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားနေမှန်း ရိပ်မိသောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်က ထျန်းနင်ကို စိုးရိမ်မိသည်။
 
သို့သော်လည်း ထျန်းနင်၏အပြုအမူကို လေ့လာဆန်းစစ်ကြည့်ရုံဖြင့် သူ့ကို အရမ်း မစိုးရိမ်ချင်မှန်း ရိပ်မိသည်။
 
နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူကို မဖော်ထုတ်လျှင် ထျန်းနင်ကို အချိန်မရွေးဒုက္ခပေးနိုင်သည်။
 
ကျားမှန်း ကြောင်မှန်း သိအောင် လုပ်ပေးရမည်။
 
...
 
ပွဲအခမ်းအနား ခဏနားချိန် ဟွာကျင်းကျင်းက သန့်စင်ခန်းကိုသွားခဲ့သည်။ ဟွာကျင်းကျင်း အိမ်သာထဲရောက်နေစဉ် အပြင်ဘက်မှ မိန်းကလေးတစ်စု၏ တီးတိုးအတင်းတုပ်သံကို ကြားလိုက်ရသည်။ သူတို့အားလုံးက ထျန်းနင်အကြောင်း ပြောဆိုနေကြသည်။ ဖျော်ဖြေးရေးလောကဆိုသည်မှာ တခြားသူ၏ဘဝကို နင်းခြေပြီး ကိုယ်ကျိုးငဲ့ရသည့် လောကမျိုးဖြစ်သည်။ ထျန်းနင်၏အောင်မြင်မှုကို မနာလိုဝန်တိုသည့် တက်သစ်စလေးများလည်း ရှိသည်။
 
"ဘယ်သူ သွေးထိုးလှုံ့ဆော်တယ်လို့ နင်တို့ထင်လဲ"
 
"ဘယ်သူပဲ သွေးထိုးသွေးထိုး ငါတော့ ဂရုမစိုက်ပါဘူး။ သူတို့က လုပ်သင့်လုပ်ထိုက်တာ လုပ်သွားတာပဲ။ အရမ်းမိုက်တယ်လို့ မထင်ဘူးလား"
 
"Star Kingရဲ့မော်ဒယ်ချင်းယွီ ခန်းမဆောင်ထဲက ထွက်သွားတာကို မြင်မိတဲ့သူ ရှိတယ်။အဲဒီမိန်းမကြည့်ရတာ တစ်ခုခုကို ခိုးကြောင်ခိုးဝှက် လုပ်နေပုံပဲ"
 
"နင်မြင်လိုက်တာလား"
 
"ငါ့လက်ထောက်တွေ့လိုက်တာပဲ။ ဒါပေမဲ့ တိုးတိုးပြော အသံကျယ်ကျယ်နဲ့ သွားမပြောမိစေနဲ့။ ဒါက Star King နဲ့ ဟိုက်ဟွေ့ကြားက တိုက်ပွဲလေ။ ငါတို့တွေ ဝေးဝေးနေလေ အကောင်းဆုံးပဲ"
 
ရုတ်တရက် တံခါးဆောင့်ဖွင်သံကို ကြားလိုက်ရပြီး အိမ်သာအခန်းထဲမှ ဟွာကျင်းကျင်း အပြင်ထွက်လာသည်။
 
တက်သစ်စ မော်ဒယ်လေးများ၏မျက်နှာထား ပျက်ယွင်းသွားပြီး ဟွာကျင်းကျင်းကို ကြောင်တိကြောင်တောင် ငေးကြည့်လိုက်သည်။  သူတို့အားလုံး ကြောက်ကြောက်ရွံရွံဖြင့် ခေါင်းငုံ့လိုက်ပြီး သူတို့လက်ကိုင်အိတ်များကို ယူဆောင်ကာ သူတို့အတင်းဖျင်းပြောသည့်နေရာမှ လစ်ထွက်သွားရန် ကြံရွယ်သည်။
 
သို့သော်လည်း ဟွာကျင်းကျင်းက သူမတို့နောက်ကိုလိုက်လာပြီး သူတို့သွားမည့်လမ်းကိုပိတ်ဆို့ထားသည်။
"ဘယ်သူရဲ့လက်ထောက်က ချင်းယွီကို မြင်ခဲ့တာလဲ"
 
သူတို့တစ်ဖွဲ့လုံးက ခေါင်းငုံ့ထားပြီးမကြားသလို လျစ်လျူရှုထားသည်။ သို့သော်လည်း ဟွာကျင်းကျင်းက ပေ့ါသေးသေး မဟုတ်ချေ။ သူမက ရိုးရှင်းစွာ ပြုံးလိုက်ပြီး
"မင်းတို့က ဟိုက်ဟွေ့ကို ရန်စရဲတယ်လား။ ဒီလောကမှာ မင်းအသက်ဆက်ရှင်ချင်သေးရဲ့လား"
 
သူတို့အားလုံးက အကျိုးအကြောင်း အကောင်းအဆိုးကို ချင့်ချိန်စဉ်းစားပြီး သူတို့ကြားခဲ့သမျှကို ဟွာကျင်းကျင်းသိအောင် ပြောပြလိုက်သည်။
 
ဟွာကျင်းကျင်းက မျက်လွှာချထားပြီး သူမ၏စိတ်အခြေအနေကို ထိန်းချုပ်နေသည်။
 
ထို့နောက် ထျန်းနင်၏ဘေးနားကို သွားလိုက်ပြီး ပြုံးပြုံးလေးဖြင့်ကြေညာလိုက်သည်။
"ငါတို့တွေ တရားခံကိုမိပြီ"
 
ထျန်းနင်က ဟွာကျင်းကျင်းကို တအံ့တဩမော့ကြည့်လိုက်သည်။
 
ဟွာကျင်းကျင်းက ထျန်းနင်ဘေးနားက ချင်းယွီကို မေးငေါ့ပြကာ မျက်စပစ်လိုက်သည်။
 
ထျန်းနင်က မသိသလိုဟန်ဆောင်ပြီး ပြန်မေးသည်။
"ဘယ်သူလဲ"
 
"ဒီကိစ္စကို ဥက္ကဋ္ဌမို့သိအောင် ပြောပြထားပြီးပါပြီ။ ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး။ ဒါက အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်တယ်။ ဟိုဘက်ကြယ်ဘုရင်ဖျော်ဖြေရေးကို ဖြေရှင်းချက်ပြန်ပေးဖို့ မို့ထင် အကြောင်းကြားထားပြီးပြီ။ သူတို့ဘက်က ဖြေရှင်းချက်တစ်ခုတောင် မပေးနိုင်ရင် သူတို့မော်ဒယ်ကို နာမည်ပျက်စာရင်းထည့်ခိုင်းမယ်။ အနုပညာလောကမှာ ရှင်သန်ခွင့် မပေးနိုင်ဘူးတဲ့"
 
ဟွာကျင်းကျင်းက ပုံမှန်ထက်ကျယ်လောင်သောအသံဖြင့် စကားပြောလိုက်သည်။
"ချင်းအလှမယ်လေး ငါပြောတာ ဟုတ်တယ်မလား"
 
ချင်းယွီ ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားပြောသည်။
"ငါ... ငါက ဘယ်လိုသိမှာလဲ"
 
"မော်ဒယ်တစ်ယောက်ရဲ့လက်ထောက်က မျက်မြင်တွေ့ခဲ့တယ်။ နင်မသိတာ တကယ်ပဲလား"
 
ချင်းယွီက အခြေအနေကို ဆန်းစစ်လိုက်ပြီး ဟွာကျင်းကျင်းပြောသမျှစကားလုံးတိုင်းက ယုံကြည်ရန် မထိုက်တန်ကြောင်းသဘောထားလိုက်သည်။
"သူတို့က ဘာမြင်ခဲ့တာလဲ။ နင်တို့မှာ သက်သေရှိလို့လား"
 
ပြီးပါပြီ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now