အပိုင်း(၂၃၃) နေ့ဘက်မှာ မန်နေဂျာ၊ ညဘက်မှာ အချစ်ရဲ့ ယောကျ်ား

 
မို့ထင်က ခေါင်းငုံ့လိုက်ပြီး သူ့နှာဖျားလေးဖြင့် ထျန်းနင်၏နှာဖျားလေးကို ဖွဖွလေးထိလိုက်သည်။
 
"ဒါဆိုရင် ကိုယ်က နေ့ဘက်မှာ မန်နေဂျာ။ အလုပ်မှာ အချစ်ရဲ့အစေခံလေးပေါ့။ ညဘက်မှာ အချစ်ရဲ့ ယောက်ျားပေါ့။ ကိုယ့်တာဝန်က ချစ်လေးကို အိပ်ရာပေါ်မှာ အဖော်ပြုပေးရမယ်လေ"
 
"ဒါဆိုရင် အစေခံအလုပ်လေး အနားယူချိန်တန်ပါပြီ"
 
မို့ထင်က မီးဖိုခလုတ်ကို ပိတ်လိုက်ပြီး ထျန်းနင်ကို အိပ်ရာပေါ်မတင်ပေးခင် ရေချိုးခန်းထဲ ပွေ့ချီသွားသည်။
 
"မို့ကတော်လေး တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်နော်။ လူဆိုးမလေး ဖြစ်နေပြီ..."
 
မို့ထင်၏လက်က ထျန်းနင်၏ခန္ဓာကိုယ်ကို ပွတ်သပ်နေပြီး နောက်ဆုံးတော့ ခြေထောက်မှာ လက်ရပ်တန့်သွားသည်။
 
ထျန်းနင် တွန့်ခနဲဖြစ်သွား၍ မို့ထင် ဒွိဟဖြစ်စွာ ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ဒူးကို ကြည့်လိုက်မှ ဖြူဖြူဖွေးဖွေးအရေပြားပေါ်မှာ ပွန်းပဲ့ရာကို မြင်တွေ့လိုက်ရသည်။
 
"ဘယ်လိုဖြစ်ရတာလဲ"
 
"ရေချိုးခန်းထဲမှာ ချော်လဲတာပါ"
 
မို့ထင်က ဆေးသေတ္တာကို သွားယူပြီး ထျန်းနင်ကို ဆေးလိမ်းပေးနေသည်။ ထျန်းနင်ကို ထိတွေ့ရန် မကြိုးစားတော့ဘဲ ထျန်းနင် အိပ်ပျော်သွားရန် ချော့သိပ်နေသည်။
 
ညလယ်ရောက်မှာ အေးစက်စက်ခံစားချက်ကြောင့် ထျန်းနင် လန့်နိုးသွားသည်။ သူမဘေးနားမှာ အိပ်စက်နေသည့် မို့်ထင် ပျောက်နေမှန်း သဘောပေါက်သွားသည်။ ဟိုဟိုသည်သည် မျက်စိကစားကြည့်မှ ရေချိုးခန်း မီးလင်းနေသည်ကို သတိထားမိသည်။
 
ထျန်းနင်က အိပ်ရာပေါ်မှ ထလိုက်ပြီး မို့ထင်မရိပ်မိအောင် ခြေဖွဖွလေး လှမ်းကာ ရေချိုးခန်း အနားသွာသည်။
 
မို့ထင်က စတိုးခန်းမှာသိမ်းဆည်းထားသည့် ခြေမချော်သည့်ကြမ်းခင်းကို ကြမ်းပြင်ပေါ်မှာ သေသပ်ကျနစွာ ခင်းကျင်းနေမှန်း ထျန်းနင် မြင်တွေ့လိုက်သည်။
 
ထျန်းနင်က မို့ထင်အနား ချဉ်းကပ်လိုက်ပြီး နောက်ကျောမှ သိုင်းဖက်ကာ သူ့ကျောပြင်ပေါ် မျက်နှာအပ်ထားလိုက်သည်။
 
"တော်သင့်ပြီ။ လုံလောက်နေပါပြီ။ ချစ်လေးရဲ့ နှလုံးသားတွေ နာကျင်လှပါပြီ"
 
မို့ထင်က သူဆက်လုပ်နေသည့်အလုပ်ကို ရပ်တန့်လိုက်သည်။ သူက မတ်တတ်ထရပ်လိုက်ပြီး ထျန်းနင်ကို ကျောပိုးကာ ရေချိုးခန်းအပြင်ဘက်ကို ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အိပ်ရာပေါ်ရောက်သည်နှင့် ထျန်းနင်ကို ချော့သိပ်ပြီး သူတို့နှစ်ဦးစလုံး အိပ်မောကျသွားသည်။
 
သို့သော်လည်း နောက်တစ်နေ့ မနက်ခင်း ထျန်းနင် အိပ်ရာနိုးလာချိန် ရေချိုးခန်းတစ်ခန်းလုံး ခြေမချော်စေသည့် ကြမ်းခင်းများဖြင့် ဖုံးလွှမ်းထားကြောင်း မြင်တွေ့လိုက်ရသည်။
 
ထျန်းနင်က ရေချိုးခန်းတံခါးအပေါက်မှာ မတ်တတ်ရပ်ပြီး ပြုံးနေမိသည်။ သူမ၏ပျော်ရွှင်မှုကိုကိုယ်စားပြုသည့် မျက်ရည်စက်များက သူမ၏မျက်ဝန်းမှ အတားအဆီးကင်းမဲ့စွာ ကျဆင်းလာသည်။
 
...
 
ယွီဝမ်ရှင်း၏ကောလဟာလသတင်းသည် မကြာမီကျင်းပမည့် ဆုပေးပွဲအခမ်းအနားအတွက် ဟွာကျင်းကျင်းကို ထင်ပေါ်ကျော်ကြားအောင် မိတ်ဆက်ပေးသလို ဖြစ်ခဲ့သည်။ ယခုနှစ်ဆုပေးပွဲအတွက် ဟွာကျင်းကျင်းက အရွေးချယ်ခံစာရင်း၏ထိပ်ဆုံးမှာရှိနေ၍ ဟိုက်ဟွေ့ကိုယ်တိုင်က ဟွာကျင်းကျင်း ဆုပေးပွဲအခမ်းအနား တက်ရောက်မည့်အကြောင်းကို ကြေညာထားသည်။
 
ကောလဟာလ သတင်းများပေါ်ထွက်ပြီးနောက် ဟွာကျင်းကျင်း ပထမဆုံးတက်ရောက်သည့် ပွဲအခမ်းအနား ဖြစ်လာလိမ့်မည်။ လူတိုင်းက ဟွာကျင်းကျင်းကို စိုးရိမ်နေကြပြီး ပွဲတော်မှာ ဟွာကျင်းကျင်းကို အင်တာဗျူးရန် စိတ်အားထက်သန်နေသည့် လူတချို့လည်း ရှိနေပါသေးသည်။
 
ထိုစဥ် မည်သူမှ မမျှော်လင့်ထားသည့် အဖြစ်အပျက်မျိုးလည်း ရှိနေသေးသည်။အကြောင်းမူကား ထျန်းနင်က ပွဲတော်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ခြင်း ဖြစ်လေ၏။
 
ထိုအချိန်က ဟွာထျန်းFrienship ဆိုသည့် စကားလုံးက နေရာတိုင်း ပြန့်နေပြီး ထျန်းနင် ပွဲတက်ရသည့်အကြောင်းအရင်းက ဟွာကျင်းကျင်းကို ဂုဏ်ပြုရန် ဖြစ်ကြောင်းလည်း ရိပ်မိကြသည်။
 
သူတို့အတွေးက မှန်လည်း မှန်သလို မှားလည်း မှားနေသည်။
 
တကယ်လက်တွေ့က ထျန်းနင်အတွက် အံ့ဩစရာ အဖြစ်အပျက်လေးကို မို့ထင် ပြင်ဆင်ထား၍ ထျန်းနင်ကို ပွဲတက်ခိုင်းခြင်း ဖြစ်သည်။
 
ဟိုက်ဟွေ့၏စီအီအိုရုံးခန်းမှာ ဖန်ယွီက မို့ထင်ပို့ပေးသည့်စာမူကြမ်းကို ကိုင်ဆောင်ပြီး တအံ့တဩ ဖြစ်နေသည်။
 
"မို့ဥက္ကဋ္ဌက ထျန်းနင်ရဲ့မန်နေဂျာဆိုတာ တစ်လောကလုံးသိအောင် ကြေညာတော့မလို့လား။ ဒီလိုဆိုရင်..."
 
ဖန်ယွီမှာ စကားအဆုံးအထိ ပြောမိမှာ ကြောက်နေမိသည်။
 
သူတို့၏ဘုန်းတော်ကြီးမြတ် ကျော်စောသည့် ဥက္ကဋ္ဌကြီးက ထျန်းနင်၏ မန်နေဂျာ ရာထူးကို ယူထားကြောင်း ကြေညာတော့မည်။ အများအမြင်ကို လျစ်လျူရှုလိုက်သည်လော။
 
ကုမ္ပဏီ၏ရာထူးကြီးပိုင်းများ နှင့် ရှယ်ရာရှင်များက သဘောတူလိုက်သော်လည်း ၎င်းကြေညာချက်က ဖျော်ဖြေရေးလောကတစ်ခုလုံးကို ဗုံးပေါက်ကွဲသလို ဖြစ်စေလိမ့်မည်။
 
"ဘာလဲ။ ကြေညာပေးဖို့ အရမ်းကို ခက်ခဲနေလို့လား"
မို့ထင်က ခေါင်းမော့ကာ ဖန်ယွီကို မေးမြန်းလိုက်သည်။
 
"ဥက္ကဋ္ဌက ထျန်းနင်ကို အရမ်းကြီး အဆင့်အတန်းမြှင့်ပေးလိုက်ရင် ထျန်းနင်ကို အကောက်ကြံတဲ့လူတွေ ပိုများလာမယ်။ အမုန်းအာဃာတတွေ တိုးပွားလာအောင် ဆွဲဆောင်သလို ဖြစ်နေဦးမယ်"
 
ဖန်ယွီက ထျန်းနင်အတွက် စိုးရိမ်မိသည်။ မို့ထင်က ထျန်းနင်၏ကိုယ်ရေးကိုယ်တာမန်နေဂျာမှန်း လူတိုင်းသိသွားခဲ့လျှင် ထျန်းနင်ကို ဝန်တိုသူ ပိုများလာလိမ့်မည်။ တချို့က ထျန်းနင်၏အလုပ်ကြိုးစားသည့်ရလာဒ်ကို အသိအမှတ်ပြုရန် အင်တင်တင် ဖြစ်နေလိမ့်မည်။
 
 
"နောက်ကျောပိုင်ရှင် အိပ်မက်မင်းသားလေး ဇာတ်လမ်းကလည်းရှိနေသေးတယ်။ လူအများစုက
ဥက္ကဋ္ဌ နဲ့ ထျန်းနင်ရဲ့ ဆက်ဆံရေးကိုပဲ စိတ်ဝင်စားနေလိမ့်မယ်။ ဥက္ကဋ္ဌ ပြန်စဥ်းစားဖို့ လိုအပ်ပါတယ်"
 
"ထျန်းနင်ရဲ့ ပရိုဖက်ရှင်နယ်ဆန်တဲ့ ကြိုးစားမှုတိုင်းကို သက်သေထူစရာ လိုအပ်သေးလို့လား။ ထျန်းနင်ရဲ့နာမည်ကြောင့် ရတဲ့အလုပ်အများရှိနေပြီးသားပါ။ ထျန်းနင်က ထိပ်ဆုံးကို ရောက်သွားဖို့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုအပ်နေတာပါ။ ငါ့ရည်ရွယ်က ထျန်းနင်ကို လာရှုပ်နေတဲ့ အတားအဆီးတိုင်းကို ရှင်းလင်းပေးပြီး ထျန်းနင်က အရည်အချင်းရှိကြောင်း နဲ့ နောက်ခံရှိကြောင်း သိစေချင်လို့ပဲ"
 
"ဒီဖျော်ဖြေရေးလောကမှာ ငါ့အကြောင်း မကောင်းသတင်းဖန်တီးရဲတဲ့လူ ရှိလားလို့  ပြန်တွေးကြည့်စမ်းပါ"
 
"သူတို့အားလုံး တုန်လှုပ်သွားပြီး စပ်စုချင်ကြမှာပဲ ငါတို့ကြားက ဆက်ဆံရေးကိုပဲ စိတ်ဝင်စားနေလိမ့်မယ်"
 
မို့ထင်က သူ့လက်အောက်ငယ်သား နားလည်အောင် ရှင်းပြတတ်သည့် အပြုအမူမျိုး တွေ့ရခဲသည်။
"သူတို့အားလုံး အမှန်တရားနဲ့ နီးစပ်လာလေလေ ထျန်းနင်က အောင်မြင်မှု သရဖူကို ဆောင်းနိုင်နေလောက်ပြီ"
 
ထျန်းနင်က သူတို့အားလုံးအလွယ်တကူ ပြဿနာရှာနိုင်သည့် မော်ဒယ်မဟုတ်မှန်းလည်း သိသွားစေချင်သည်။
 
ဖန်ယွီက မို့ထင်၏အတွေးကို နားလည်သင့်သလောက် နားလည်သွားသည်။
 
ဖန်ယွီက စာမူကြမ်းလေးကို ပိုက်ပြီး ပြုံးလိုက်သည်။
"ဥက္ကဋ္ဌက ထျန်းနင်အပေါ် အရမ်းကောင်းတာပဲ
 
မို့ထင်က သူ့ရုံးခန်းထိုင်ခုံကို လှည့်လိုက်ပြီးသူ့လက်ထပ် လက်စွပ်ကို မြင်အောင် လက်မြှောက်လိုက်သည်။
"ထျန်းနင်က ငါ့ချစ်ဇနီးလေးပဲ။ ငါ့ဇနီးလေးကို ဒီလောကကြီးထဲမှာအပျော်ရွှင်ဆုံး မိန်းကလေး ဖြစ်စေချင်တယ်"
 
ဖန်ယွီခေါင်းညိတ်လိုက်သည်။ သူက ထျန်းနင်ကို နောက်ထပ် သံသယမဝင်မိချေ။
"စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျွန်တော်သေချာ ကိုင်တွယ်လိုက်ပါ့မယ်။ ဒီသတင်းကြေညာပြီးတာနဲ့ ဖျော်ဖြေရေးလောကတစ်ခုလုံး ငလျင်လှုပ်သလို ဖြစ်သွားစေရမယ်လို့ အာမခံတယ်"
 
လက်တွေ့မှာ ဖန်ယွီကိုယ်တိုင်လည်း စိတ်လှုပ်ရှားမိသည်။ ထျန်းနင်တို့ဇနီးမောင်နှံကို ကြည့်ပြီး ကြည်နူးမိသည်။
 
...
 
ထျန်းနင်က မို့ထင်၏အကြံအစည်ကို လုံးဝလုံးဝ မသိခဲ့ချေ။ ဆုပေးပွဲအခမ်းအနားမတိုင်မီ သူမက ပုံမှန်အတိုင်း ဟွာကျင်းကျင်းကို ဖုန်းဆက်လိုက်သည်။ အမျိုးသမီးနှစ်ဦးစလုံးက အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်လာပြီး နေ့စဥ် လုပ်ရိုးလုပ်စဥ် အလုပ်များနှင့် ဘဝအတွေ့အကြုံများကို ဆွေးနွေးတိုင်ပင်လေ့ရှိသည်။
 
"ယွီဝမ်ရှင်းက မနေ့ညတည်းက ငါ့အိမ်ရှေ့မှာ ဒူးထောက်တောင်းပန်နေတယ်"
ဟွာကျင်းကျင်းက မိတ်ကပ်ပညာရှင်၏ မိတ်ကပ်လိမ်းခြယ်ပေးနေသည်ကို ခံယူရင်း ထျန်းနင်နှင့်စကားပြောနေသည်။
 
"နင် စိတ်ပျော့ညံ့သွားလို့မဖြစ်ဘူးနော်။ စိတ်ကို တင်းထားစမ်းပါကွာ"
ထျန်းနင်က သူမဝတ်ဆင်မည့် ဝတ်စုံကို ရွေးချယ်နေလျက် ပြန်ဖြေလာသည်။
 
"ဆယ်နှစ်လုံးလုံး အိပ်မက်ဆိုးကြီးမှာ ငရဲခံတဲ့ဘဝနဲ့ ရှင်သန်ခဲ့ပြီးပြီ။ သင်ခန်းစာကောင်းကောင်းရနေခဲ့ပါပြီ။ ငါ ဘာကိုရွေးချယ်စဉ်းစားသင့်လဲ မသိဘဲနေပါ့မလား"
 
"ဟိုးအရင်တည်းက သူ့ကိုချစ်ခဲ့တဲ့အချစ်တွေ ပျောက်ဆုံးခဲ့တဲ့ပုံပဲ။ ငါ့စိတ်ကို ရစ်ပတ်ချည်နှောင်နေတာ တရားမျှတမှု ထင်ပါရဲ့။ အမှန်တရား ပေါ်သွားတည်းက ငါ့စိတ် လွတ်လပ်ပေါ့ပါးသွားတယ်။ သူ့ကို ချစ်ခဲ့တဲ့စိတ်တွေလည်း ပြယ်လွင့်သွားပြီ"
 
"ဒီလိုကြားရတာ ကောင်းတယ်။  သူ့ကို ဆက်ပြီးတော့ ဒူးထောက်ခိုင်းထားလိုက်"
 
"ဒီညပွဲရဲ့ အနီရောင်ကောဇောမှာ ငါတို့တွေ အတူတူလမ်းလျှောက်ကြမယ်မလား"
 
ထျန်းနင်က ရယ်ရယ်မောမောဖြင့် ပြန်ဖြေသည်။
"နင့်အတွက် သတင်းထောက်တွေကို တားဆီးပေးရမယ် တာဝန်က ငါ့တာဝန်ပဲလေ"
 
ထျန်းနင်၏အဖြေကိုနားထောင်ပြီးနောက် ဟွာကျင်းကျင်းက သူမ၏ဖုန်းကို အောက်ချထားလိုက်ပြီး လက်ထောက်ကို လှမ်းမေးလိုက်သည်။
 
"ဟိုမသာကောင် အောက်ထပ်မှာ ရှိနေသေးလား"
 
"အမ် ဟုတ်ကဲ့ ရှိနေသေးတယ်"
လက်ထောက်မိန်းကလေးက ခေါင်းညတ်ပြသည်။
"အဲဒီလူက ဒူးထောက်နေတဲ့အပြင် သူ့ပါးသူ ပြန်ရိုက်နေတယ်။ အစ်မဟွာ ဒီတစ်ခေါက်တော့ အဲဒီလူကို ခွင့်မလွှတ်ရဘူးနော်"
 
"ခွင့်လွှတ်စရာလားဟယ်"
 
ဟွာကျင်းကျင်းက ထိုစကားကို အံကြိတ်ပြီး ပြန်ပြောလိုက်သည်။ သူမကိုယ်သူမ မှန်ထဲမှာပြန်ကြည့်လိုက်သည်။ မိတ်ကပ်များ ဖုံးလွှမ်းထားသော်လည်း သူမ ခံစားခဲ့ရသည့် နာကျင်မှုကို ကွယ်ဝှက်ထားနိုင်စွမ်း မရှိပေ။
 
"အခုအချိန်ကစပြီးတော့ ငါ့အဘိဓာန်မှာ ခွင့်လွှတ်တဲ့စကားလုံး မရှိိတော့ဘူး။ ငါ့က အင်တာနေရှင်နယ်အဆင့်မီ စူပါမော်ဒယ်။ ဒင်းက လူပေတေ။ အကျင့်စာရိတ္တက ခြစားနေတဲ့လူယုတ်မာ။ ငါလိုမိန်းကလေးနဲ့ ဒင်းနဲ့ ထိုက်တန်ပါ့မလား"
 
ထိုစကားကို ကြားလိုက်သည်နှင့် လက်ထောက်မိန်းကလေး အလွန့်ကို ပျော်ရွှင်သွားသည်။
"ဟုတ်တယ်။ ငါတို့ကျင်းကျင်းလေးက အင်တာနေရှင်နယ်စူပါမော်ဒယ်။ ကျင်းကျင်းလေး လိုချင်တဲ့ ယောက်ျားကို ခေါင်းခေါက်ယူလို့ရတယ်"
 
"ဟိုကောင်လို လူယုတ်မာတွေအားလုံး ဒီကမ္ဘာမြေပေါ်က မြန်မြန်ပျောက်ကွယ်သွားစမ်းပါ။ သူတို့အားလုံး မိုးကြိုးပစ်ခံရပြီး သေသွားစမ်း။ ပြီးရင် ငရဲပြည်မှာ ဝဋ်ကြွေးပေးဆပ်နေတော့"
 
ပြီးပါပြီ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now