"ရှင်က အိမ်ထောင်စု စာရင်း စာအုပ် နှစ်အုပ်ကို ထုတ်ကြည့်ပြီးတော့ ဘယ်သူ့ကို အိမ်ထောင်ချပေးမလို့ စဉ်းစားနေတာလဲ"

"..."

ယုရှင်းရန်၏ အမေးစကားကြောင့် စုကျစ်ထုံက
ဆွံ့အသွားကာ ပြန်မဖြေနိုင်တော့ပေ။

....

စုလုရီက ညစာစားသည့် အချိန်ရောက်မှ နိုးလာကာ ညစာစားရန် အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ထမင်း စားပွဲတွင် စုချီ၏ မျက်နှာမှာ ပြုံးပျော်နေသည့်ပုံဖြစ်နေပြီး စုကျစ်ထုံ၏ မျက်နှာမှာ ဆူပုတ်ပုတ် ဖြစ်နေသဖြင့် စုလုရီက အနည်းငယ် ထူးဆန်းသွား၏။

"အစ်ကိုကြီး၊ ပါးပါးကို အနိုင်ကျင့်ထားတာလား"

"မဟုတ်ပါဘူး"

"ဒါ‌ဆို တော်သေးတာပေါ့။ ပါးပါး အနိုင်ကျင့်ခံရပြီ ထင်နေတာ"

စုလုရီ၏ စကားကြောင့် စုကျစ်ထုံ၏ ဒေါသများမှာ ပြေလျော့သွားတော့သည်။

ထမင်းစားရင်းဖြင့် စုချီက အရင် ထမင်းကုန်သွားကာ ထပ်ထည့်ရန် မတ်တတ် ထရပ်လိုက်၏။

ဤသည်ကို ကြည့်နေသော စုကျစ်ထုံက "ထမင်းတောင် ထပ်ထည့်ရလောက်အောင် ပျော်နေတယ်ပေါ့လေ" ဟု တွေးပြီး "အပေါ်ထပ်က စာအုပ်စင် ဗီဒိုကို သော့ခတ်တော့မယ်" ဟု ထပြောလိုက်သည်။

သို့သော် စုချီက မျက်နှာ မပျက်ဘဲ တည်တည်ငြိမ်ငြိမ် ထမင်းထည့်ပြီး ဆက်စားနေသဖြင့် စုကျစ်ထုံက ပို၍ စိတ်ဆိုးလာကာ "သော့ခတ်ပြီးတာနဲ့ အဲ့သော့ကို အရည်ကျိုပစ်မယ်" ဟု ထပ်ပြောလိုက်၏။

စုချီကမူ ဂရုမပြုဘဲ စုလုရီ၏ ပန်းကန်ထဲသို့ ဝက်နံရိုးများပင် ထည့်ပေးလိုက်သေးသည်။

ဘေးတွင်ရှိသော ယုရှင်းရန်က စုကျစ်ထုံ၏ အပြုအမူများကို နားမလည်ဘဲ "ကျစ်ထုံရယ်၊ ဘာတွေ လျှောက်လုပ်ဦးမလို့လဲ။ တော်ကြာ သော့ပြင်ဆရာ ခေါ်နေရဦးမယ်" ဟု ဝင်ပြောလိုက်၏။

ယုရှင်းရန်၏ စကားကြောင့် စုကျစ်ထုံလည်း ထပ်မ
ပြောရဲတော့ပေ။

စုချီက ထမင်း စားပြီးသောအခါ အစာကြေအောင် လုပ်မည်ဟူသော အကြောင်းပြချက်ဖြင့် စုလုရီကို အခန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now