စုလုရီ
အပိုင်း (၂၅) စစ်ဆေးမှု
စုလုရီက ရေချိုးပြီးနောက် ကျိုးချင်းချန်၏ အခန်းသို့သွားရန် သူ၏ အခန်းမှ ထွက်လာခဲ့၏။
အပြင်သို့ ရောက်သည်နှင့် စင်္ကြန်လမ်းအလယ်၌ တောင့်တောင့်ကြီး ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
စုလုရီက ထိုလူနှင့် ငါးမီတာ၊ ခြောက်မီတာ အကွာတွင် ရှိ၏။
သူထွက်လာသည်ကို မြင်သည်နှင့် စုချီက ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
"ဪ...အစ်ကိုကြီးလား"
စုချီက သူ၏ အရှေ့၌ ရပ်၍ "မင်း ဘယ်မှာ ရေသွားချိုးတာလဲ" ဟု မေးလိုက်သည်။
စုလုရီက ကြောင်သွား၍ "ရေချိုးကန်ထဲမှာလေ" ဟု ဖြေလိုက်၏။
စုလုရီ၏ အနောက်ရှိ တံခါးမှာ ပိတ်ထားသောကြောင့် အထဲကို မမြင်ရပေ။
စုလုရီက သူ၏ အစ်ကို လာသည့် အကြောင်းရင်းကို မသိပေ။ စုချီ၏ မျက်နှာ အမူအရာကလည်း အေးစက်နေသဖြင့် ...
"အစ်ကိုကြီး ကျွန်တော့်ကို တွေ့ဖို့လာတာလား။ ဘာလို့ မပြောတာလဲ" ဟု မေးလိုက်သည်။
စုချီက "မင်း ဖုန်းက ဘယ်မှာလဲ" ဟု မေးလိုက်၏။
"ကျိုးချင်းချန် အခန်းထဲမှာ။ အစ်ကိုကြီး စာပို့ထားတာလား" ဟု မေးလိုက်သည်။
ထို့နောက် စုချီက သူ၏ အခန်းကို မသိသောကြောင့် စင်္ကြန်လမ်း၌ ရပ်စောင့်နေခြင်း ဖြစ်သည်ကို တွေးမိလိုက်သည်။
"သူ ဖုန်းပြန်ဖြေလိုက်တာ" ဟု စုချီက ပြောလိုက်၏။
စုလုရီက ရုတ်တရက် ကျောချမ်းသွားပြီး ပျာပျာသလဲဖြင့် ...
"တောင်းပန်ပါတယ် အစ်ကိုကြီး။ တမင် ဖုန်းမကိုင်တာ မဟုတ်ပါဘူး။ ကျွန်တော် ဖုန်းသွားယူလိုက်ဦးမယ်။ အထဲမှာ ဝင်ထိုင်ပြီး ခဏစောင့်နော်" ဟု ပြောလိုက်သည်။
စုချီက ပြန်မပြောချေ။ စုလုရီတစ်ယောက် မျက်နှာချင်းဆိုင် တံခါးကို ခေါက်လိုက်သည်။
"တင်းတောင် ..."
တံခါးဘဲလ်သံ ထွက်လာပြီးနောက် စုချီ၏ အသံက အနောက်မှ ထွက်လာခဲ့သည်။
"ကျိုးချင်းချန်က ဒီအခန်းမှာ နေတာလား"
"အင်းလေ"
တံခါး ပွင့်လာ၍ ကျိုးချင်းချန်၏ မျက်နှာကို မြင်လိုက်ရသည်။
"ရေချိုးပြီးပြီလား။ လာတော့ ငါတို့ ..."
ကျိုးချင်းချန်က အနောက်မှ စုချီ သူ့ကို ကြည့်နေသည်ကို မြင်သွား၍ စကားစပြတ်သွားလေသည်။
စုလုရီက အခြေအနေကို သတိမထားမိဘဲ "ငါ ဒီကို ဖုန်းပြန်လာယူတာ။ ငါ့ အစ်ကိုကြီး ရောက်နေလို့ ထပ်မကစားတော့ဘူး" ဟု ပြောလိုက်သည်။
ကျိုးချင်းချန်က သတိရသွား၍ "ဪ ဟုတ်သားပဲ။ မင်း အစ်ကိုကြီး ခုနလေးတင် ဖုန်းခေါ်ထားသေးတယ်" ဟု ပြောလိုက်သည်။
စုလုရီက ထိတ်လန့်သွား၍ "သူ တကယ် စုချီဖုန်းကို ကိုင်လိုက်တာပဲ" ဟု စိတ်ထဲ၌ ပြောလိုက်သည်။
ဖုန်း ပြန်ယူ၍ သူငယ်ချင်းနှစ်ယောက်အား နှုတ်ဆက်ကာ စုချီကို သူ၏ အခန်းထဲသို့ ခေါ်လာခဲ့၏။
စုချီ အခန်းထဲသို့ ရောက်သောအခါ ရေချိုးခန်းကို တွေ့လိုက်ရသည်။
တံခါးပွင့်နေသဖြင့် အထဲ၌ အပူချိန် မလျော့သေးသည်ကို သိလိုက်ရသည်။ ရေချိုးကန်၏ မျက်နှာချင်းဆိုင်ရှိ မှန်မှာလည်း ရေငွေ့များဖြင့် မှုန်ဝါးနေ၏။
"မင်း ဘာလို့ ကိုယ့်ရေချိုးခန်းမှာ ကိုယ်မချိုးချင် ရတာလဲ"
"အဆင်မပြေလို့ပေါ့" ဟု စုလုရီက တိုးတိုးလေး ပြောလိုက်သည်။
"ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေဖြစ်နေ သူများ ရေချိုးခန်းကို သွားမသုံးနဲ့။ စည်းရှိရတယ်၊ ကြားလား"
စုချီက စုလုရီ နမော်နမဲ့ နိုင်တတ်သည်ကို သိနေသဖြင့် အခွင့်အရေး ယူခံရမည်ကို စိုးရိမ်သောကြောင့် သတိပေးလိုက်သည်။
"ကျွန်တော် သိပါတယ်၊ အစ်ကိုကြီး။ ကျွန်တော် အစ်ကိုကြီးရဲ့ ဟာကိုပဲ သုံးတာပါ။ တခြားသူတွေဟာကို မသုံးပါဘူး" ဟု စုလုရီက ပြောလိုက်သည်။
"ဒါဆို ကျိုးချင်းချန်ရဲ့ ရေချိုးခန်းက မင်းဟာထက် ပိုကောင်းနေရင်ရော" ဟု စုချီက ထပ်မေးလိုက်၏။
"အဲ့ဒါဆို အဲ့ကောင်က ခွေးကျင့်ခွေးကြံ ကြံတာပဲ"
စုလုရီ၏ စကားကြောင့် စုချီ နှုတ်ဆိတ်သွားပေသည်။
စုလုရီက သူဝယ်လာသော အမှတ်တရ ပစ္စည်းများကို ထုတ်၍ ...
"ကျွန်တော် အစ်ကိုကြီးအတွက် ဝယ်လာတာ" ဟုပြောရင်း အိတ်အကြီးကို ထိုးပြလိုက်သည်။
စုချီက အိတ်အကြီးကို ကောက်ကိုင်ကာ "ငါ့ဟာက ဘာလို့ သူများတွေထက် ပိုကြီးနေတာလဲ" ဟု မေးလိုက်၏။
"အဲ့ဒါက ကိုယ့်ဘာသာကိုယ် သယ်ရမှာ မဟုတ်လို့
လေ။ အိမ်ရောက်ရင် ဖွက်ပြီးယူသွားနော်။ အဖေ မမြင်စေနဲ့"
စုလုရီက ပြန်ပြောလိုက်သည်။
စုချီက နောက်တစ်နေ့ မနက် (၁၀) နာရီတွင် လေဆိပ်သို့ သွားရမည် ဖြစ်သောကြောင့် ကြာကြာမနေတော့ဘဲ သူ့အခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ မနက်၌ စုလုရီ စောစော နိုးလာ၏။ ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီတို့ နိုးဦးမည် မဟုတ်သေးသဖြင့် စုချီဆီသို့ တက်သွားခဲ့သည်။
"တင်းတောင် ..."
တံခါးပွင့်လာ၍ အတွင်းရေးမှူးချင်ကို တွေ့လိုက်ရသည်။ စုချီမှာမူ အထုတ်အပိုးများကို ထုတ်ပိုးပြီးနေလေပြီ။
စုလုရီက ရုတ်တရက် ရပ်သွားပြီး "ဒါကြောင့် အစ်ကိုကြီးက ညတုန်းက ရေ လာမချိုးခိုင်းတာကိုး။ အတွင်းရေးမှူး ချင် ဒီမှာရှိနေလို့" ဟု ပြောလိုက်၏။
စုချီက သူ၏ နဖူးကို လာတောက်လိုက်ကာ "သူ့အခန်းမှာပဲ သူနေနေတာ" ဟု ပြန်ပြောလိုက်သည်။
အတွင်းရေးမှူးချင်ကလည်း "သခင်လေးက ဘာလို့ လာစစ်ဆေးသလိုမျိုးကြီး လုပ်နေတာလဲ" ဟုမေးလိုက်သည်။
စုလုရီက စကားလွှဲသွားကာ "အစ်ကိုကြီး၊ ဘယ်ချိန်သွားမှာလဲ" ဟု မေးလိုက်သည်။
"နာရီဝက်နေရင် သွားတော့မှာ"
စုလုရီက ဆိုဖာပေါ် ထိုင်ချလိုက်၍ "ဒါဆို ကျွန်တော် လိုက်ပို့မယ်လေ" ဟု ပြောလိုက်၏။
စုချီက "မင်းက ငါ့ကို လိုက်ပို့ဖို့အတွက် စိတ်အားထက်သန်နေတာပဲ" ဟု ရွဲ့ကာ ချီးကျူးလိုက်သည်။
နာရီဝက်ကြာပြီးနောက် စုချီက ...
"ငါ သွားတော့မယ်"
စုလုရီက စားပွဲပေါ်က မုန့်များကို ယူစားနေသည်မှ ရပ်လိုက်ပြီး ထလာလိုက်သည်။
သုံးယောက်သား အောက်ထပ်ကို အတူတူ ဆင်းခဲ့ကြ၍ စုလုရီက စုချီနှင့်အတူ ဝင်ပေါက်၌ ကားစောင့်နေကြသည်။
စုလုရီက စုချီအနားကို ကပ်သွား၍ "ကျွန်တော် နှုတ်ဆက်လို့ရမလား" ဟု မေးလိုက်သည်။
စုချီ - "ဘယ်လို နှုတ်ဆက်မှာလဲ။ လာ မဖက်နဲ့နော်"
စုလုရီ - "ဘာလို့လဲ။ ကျွန်တော်တို့က ဆယ်ရက်တောင် ခွဲရဦးမှာလေ"
စုချီ - "မင်းက နှုတ်ဆက်တိုင်း လူတိုင်းကို လိုက်ဖက်နေတာလား"
စုလုရီ - "အစ်ကိုကြီးကတော့ ထူးခြားတာပေါ့။ အစ်ကို (၃) လည်း ပြန်သွားတုန်းက ဖက်ပြီး နှုတ်ဆက်သွားသေးတာပဲလေ"
စုချီ - "ခဏပဲ ရမယ်နော်"
စုလုရီက အံ့ဩသွားသည်။
စုချီက မျက်ခုံးကိုပင့်၍ "ဘာလဲ။ ငါ လက်ကမ်းပေးတာကို စောင့်နေတာလား" ဟု မေးလိုက်၏။
စုလုရီက ပြေးဖက်လိုက်သဖြင့် စုချီ ဆက်မပြောနိုင်တော့ပေ။
စုလုရီ၏ ဆံပင်များက စုချီ၏ နှုတ်ခမ်းကို လာထိနေ၍ လက်များကလည်း ချိုင်းအောက်မှ ကျောပြင်အထိ တင်းကျပ်စွာ ဖက်ထားလေသည်။
ခဏတာ ငြိမ်သက်သွားပြီးနောက် ဟိုတယ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။
လေယာဉ် အချိန်က ညနေ (၄) နာရီသို့ ပြောင်းသွားသောကြောင့် ဖြစ်၏။
"အစ်ကိုကြီး စောင့်နေရမှာပေါ့။ ကျွန်တော်တို့နဲ့ လိုက်လည်ပါလား" ဟု စုလုရီက မေးလိုက်သည်။
ထိုအချိန်တွင် ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီတို့ကလည်း အောက်ထပ်သို့ ဆင်းလာခဲ့ကြ၏။
စုလုရီကို တွေ့သဖြင့် အတူတူ သွားရန် လာခေါ်ကြသည်။
စုချီက "မင်းတို့ပဲ သွားကြ" ဟု ပြောလိုက်သဖြင့် ...
စုလုရီက "ဒါဆိုလည်း ကျွန်တော်နဲ့ အစ်ကိုကြီးပဲ လျှောက်လည်ကြမယ်။ သူတို့နဲ့က မနေ့က လည်ပြီးပြီ" ဟု ပြောလိုက်သည်။
ကျိုးချင်းချန်တို့နှစ်ယောက်မှာ သစ္စာဖောက်ခံလိုက်ရသော်လည်း စုချီ ရှိနေသောကြောင့် ဘာမှ ပြန်မပြောနိုင်ပေ။
စုလုရီက စုချီ၏ လက်ကို တစ်ဖက်၊ အတွင်းရေးမှူးချင်၏ လက်ကို တစ်ဖက်တွဲ၍ ရှေးဟောင်းလမ်းများဆီသို့ ရောက်လာခဲ့ကြသည်။
အတွင်းရေးမှူးချင်က သူ၏ ဖုန်းကို ထုတ်ကာ ကြည့်လိုက်ပြီး "ဒီနားမှာ တန်ခိုးကြီးတဲ့ ဂူဘုရားတစ်ဆူရှိတယ်တဲ့။ သခင်လေးတို့ နှစ်ယောက်သွားချင်ကြလား" ဟု မေးလိုက်သည်။
စုလုရီ၏ မျက်နှာဝင်းသွားသည်ကို မြင်လိုက်သဖြင့် စုချီက "ဒါဆိုလည်း သွားကြမယ်လေ" ဟုပြောလိုက်သည်။
ကျောင်းယွမ် ဂူဘုရားမှာ မြို့လည်ခေါင်မှ (၅) ကီလိုမီတာ အကွာတွင် ရှိသည်။ ဘုရားကျောင်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး ပြုပြင်မှုများလည်း မရေတွက်နိုင်အောင် လုပ်ထားရသည်။
ဂူဘုရားကျောင်းအတွင်းသို့ ဝင်ရောက်သည်နှင့် စုချီက အသံကို နှိမ့်ပြီး "လက်ယာရစ်ပြီး ဖူးရတယ်" လို့ ပြောလိုက်သည်။
စုလုရီက ခေါင်းကိုညိတ်လိုက်ပြီး "အစ်ကိုကြီးက အကုန်လုံးကို သိနေတာပဲ။ အံ့ဩစရာ ကောင်းလိုက်တာ" ဟု ချီးကျူးလိုက်သည်။
စုချီက "စာများများ ဖတ်ရတယ်" ဟု ပြန်ပြောလိုက်၏။
ရှေ့သို့ ဆက်လျှောက်လာသောအခါ တံမြက်စည်းလှည်းနေကြသော ဘုန်းကြီးများကို တွေ့လိုက်ရသည်။
စုချီက ခေါင်းကို ငုံ့ပြီး လက်အုပ်ချီကာ ဖြတ်သွားသဖြင့် စုလုရီကပါ ထိုအတိုင်း လိုက်လုပ်လေသည်။
ထို့နောက် စုချီက "ညီ (၃) က ဒီလိုနေရာမျိုးတွေ ကြိုက်တယ်" ဟု ပြောလိုက်သည်။
စုလုရီက အံ့ဩသွား၍ "အစ်ကို (၃) က ဗုဒ္ဓဘာသာ အလေ့အထကို ကြိုက်တာလား" ဟု မေးလိုက်၏။
စုချီ - "သူက ပုံတွေ လျှောက်ဆွဲရတာကို ကြိုက်တာ"
စုလုရီ - "ခစ်ခစ်၊ အဲ့လိုမှ သူနဲ့ တူတာ"
တစ်နေရာအရောက်တွင် ဘုန်းကြီးတစ်ပါးမှ သူတို့ဆီကို လျှောက်လာ၍ "ဒကာကြီးတို့ ပိုက်ဆံလှူပြီး ဆုတောင်းလို့ရတယ်" ဟု ပြောလိုက်သည်။
စုလုရီက သူ၏ ခွန်ဝိုင်အတွက် ဆုတောင်းချင်သောကြောင့် "ဘာအတွက် ဆုတောင်းလို့ ရတာပါလဲ ဘုန်းဘုန်း" ဟု လျှောက်လိုက်၏။
ဘုန်းကြီးက လက်အုပ် ချီလိုက်ကာ "ထိမ်းမြားခြင်းအတွက်" ဟု ပြန်ပြောလိုက်သည်။
သုံးယောက်စလုံး ကြောင်သွားကြ၍ စုလုရီမှ စုချီအား "အစ်ကိုကြီး၊ တစ်ယောက်လောက် ရအောင် ဆုတောင်းကြည့်ပါလား" ဟု ပြောလိုက်၏။
စုချီက သူ့ကို အေးစက်စွာ ပြန်ကြည့်၍ "မင်းရော ရှိနေပြီလား" ဟု မေးလိုက်သည်။
"မရှိပါဘူး"
"မရှိဘူးဆိုရင်တော့ ကောင်းတယ်။ မင်းက အကောင်းနဲ့ အဆိုးကိုတောင် ခွဲခြားနိုင်တာ မဟုတ်တော့ သူများတွေက မင်းကို လှည့်စားသွားလိမ့်မယ်" ဟု စုချီက ပြောလိုက်သည်။
စုလုရီကလည်း သူက အမှန်ပင် လူများအကြောင်းကို မသိသဖြင့် ပြန်မပြောနိုင်တော့ပေ။
"ဒါက ဘယ်လိုလုပ်ရမလဲ အစ်ကိုကြီး"
"ငါ ကူညီပေးမယ်"
"... ..."
အတွင်းရေးမှူး ချင်မှ ယခင်က အဆက်အဆံ မရှိကြသော ညီအစ်ကိုနှစ်ယောက် စကားများ ဖောင်ဖွဲ့နေကြသည်ကို မြင်နေရသဖြင့် အံ့ဩနေလေသည်။
ထို့နောက် စုလုရီက "တကယ်လို့ ကျွန်တော့်ကို တစ်ယောက်ယောက် လာကြိုက်ရင် အစ်ကိုကြီးကို အရင်ဆုံးပြောပြမယ်နော်" ဟု ပြောလိုက်၏။
စုချီက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လိုက်ရင်း "ကောင်းပြီလေ" ဟု ပြန်ပြောလိုက်သည်။
...…….................................
.........................................
အပိုင်း (၂၅) ပြီးပါပြီ။