စုလုရီ
အပိုင်း (၄၁) ဘရိတ်
စုလုရီ နိုးလာသောအခါ စုချီက အပြင်မှ ပြန်ဝင်လာသည်ကို တွေ့လိုက်ရ၏။
ထိုအခါ စုချီက "နည်းနည်းလောက် ပြန်အိပ်လိုက်ဦး။ ငါ အဖေ့ကို သွားကြည့်တာ" ဟု ပြောလိုက်သည်။
"အစ်ကိုကြီး၊ ဘာလို့ ကျွန်တော့်ကို မနှိုးတာလဲ" ဟု ပြောကာ စုလုရီက ထထိုင်လိုက်၏။
ထို့နောက် ဘေးဘက်သို့ အနည်းငယ် တိုးလိုက်ကာ "အစ်ကိုကြီး၊ မအိပ်ရသေးဘူး မလား။ ဒီကို လာပြီး ခဏလောက် လှဲလိုက်ပါလား" ဟု စုချီကို သူ၏ ကုတင်ပေါ်သို့ လှမ်းခေါ်လိုက်သည်။
စုချီက ကုတင်ပေါ်ရှိ နေရာကို လှမ်းကြည့်လိုက်ကာ "မလိုဘူး" ဟု ပြန်ပြောလိုက်၏။
အပူချိန်ကား ညဘက်၌ ပိုအေးနေသည်။ အနွေးစက်မှာ လူနာခန်းထဲ၌သာ ရှိပြီး လူနာစောင့်ခန်းထဲ၌ မရှိသဖြင့် သူတို့၏ အခန်းထဲ၌ အေးနေ၏။
စုချီက အင်္ကျီပါးပါးလေးသာ ဝတ်ထားသည်ကို စုလုရီက တွေ့လိုက်သဖြင့် အေးနေမည်ကို စိုးရိမ်ကာ "စောင်အောက်မှာ နွေးတယ် အစ်ကိုကြီး။ ဒီကိုလာထိုင်ပြီး နွေးအောင် လုပ်လိုက်ပါလား" ဟု ထပ်ပြောလိုက်သည်။
စုချီက ဆက်၍ ငြင်းနေသဖြင့် စုလုရီက ကုတင်ပေါ်မှ ဆင်းကာ အပြင်သို့ ထွက်ရန် ပြင်လိုက်၏။
"ဒါဆိုလည်း ကျွန်တော် သူနာပြုအခန်းကို သွားပြီး အစ်ကိုကြီးအတွက် စောင် သွားယူပေးမယ်"
စုချီက စုလုရီ၏ လက်မောင်းကို လှမ်းဆွဲလိုက်ကာ "ဘယ် လျှောက်သွားဦးမလို့လဲ။ ဒီလိုသာ လျှောက်သွားနေလို့ကတော့ မင်း အအေးမိပြီး အဖေနဲ့ တူတူ လှဲနေရဦးမယ်" ဟု မျက်နှာတည်ကြီးနှင့် ပြောလိုက်သည်။
"ကျွန်တော်လည်း အခု အဖေနဲ့ အစ်ကိုကြီး အတူတူ လှဲနေရမှာ ကြောက်လို့ သွားယူမလို့လေ"
"..."
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် "ငါ သိပြီ။ ကုတင်ပေါ် သွားကြမယ်"
လူနာစောင့် အခန်းထဲရှိ ကုတင်မှာ မကြီးလှပေ။ ကုတင်ပေါ်၌ ထိုင်လိုက်သောအခါ သူတို့၏ လက်မောင်းများ ထိနေကြသဖြင့် စုချီက အနည်းငယ် ဘေးဘက်သို့ ရွှေ့ထိုင်လိုက်၏။
စုလုရီကလည်း တစ်ဖက်သို့ ကပ်ပေးလိုက်ကာ "ကျပ်လို့လား အစ်ကိုကြီး" ဟု မေးလိုက်သည်။
"မဟုတ်ဘူး။ ဒီအတိုင်းထိုင်နေ" ဟု ပြောကာ စုချီက ထပ်မလှုပ်တော့ပေ။
နှစ်ယောက်သား ပြန်ကပ်သွားကြပြီး စုချီက ကုတင်ခေါင်းရင်းကို ကျောမှီကာ မျက်လုံးကို မှိတ်ထားလိုက်သည်။
စုလုရီက စုချီ၏ ပုခုံးကို ကြည့်လိုက်ရာ သူမှီရန် ကွက်တိအနေအထား ဖြစ်နေသဖြင့် "အစ်ကိုကြီးက အားကိုးချင်စရာ ကောင်းလိုက်တာ" ဟု ပြောပြီး မှီအိပ်လိုက်၏။
"မင်း အိပ်ချင်ရင် ကုတင်ပေါ် လှဲအိပ်ပါလား"
"... ..."
မနက် မိုးလင်းသောအခါ စုချီက စုကျစ်ထုံ အခန်းထဲ၌ စောင့်နေကာ စုလုရီက မနက်စာ သွားဝယ်လိုက်သည်။
မနက်စာ စားပြီးနောက် ယုရှင်းရန်နှင့် စုကျန်းချန်တို့က သူနာပြုတစ်ယောက်ကိုပါ ခေါ်လာပြီး ရောက်လာခဲ့ကြ၏။
စုကျစ်ထုံက သူနာပြု ရောက်လာသဖြင့် "သူနာပြုရောက်လာပြီဆိုတော့ ဒီည သားတို့ အိမ်မှာပဲ ပြန်အိပ်လိုက်ကြတော့နော်။ ပင်ပန်းနေလိမ့်မယ်" ဟု ပြောလိုက်သည်။
စုချီက "ရတယ် အဖေ။ မပင်ပန်းပါဘူး" ဟု မျက်နှာ
တည်တည်ဖြင့် ပြောလိုက်၏။
စုလုရီက စုချီ၏ မျက်နှာကို ခိုးကြည့်လိုက်ကာ "အစ်ကိုကြီးက တစ်ညလုံး မအိပ်ထားတာတောင် မပင်ပန်းသလိုမျိုး ဟန်ဆောင်နိုင်တာပဲ" ဟု စိတ်ထဲ၌ တွေးလိုက်သည်။
"ကျွန်မဖြင့် စိတ်ပူနေတာနဲ့ တစ်ညလုံး ကောင်းကောင်းကို အိပ်မပျော်ဘူး ဖြစ်နေတာ။ အဲ့ဒါကြောင့် ဒီကို အစောကြီးလာလိုက်တာ။ ခုမှ အိပ်ငိုက်လာတယ်" ဟု ယုရှင်းရန်က ပြောလိုက်၏။
စုကျစ်ထုံက ယုရှင်းရန် လက်ကို လှမ်းကိုင်လိုက်ကာ "အရမ်း စိတ်ပူမနေပါနဲ့ ရှင်မရယ်" ဟုနှစ်သိမ့်လိုက်သည်။
"ရှင် လှဲနေလိုက်ပါဦး" ဟု ပြောကာ ယုရှင်းရန်က စုကျစ်ထုံကို လှဲခိုင်းလိုက်၏။
ထိုအခါ စုကျန်းချန်က "အမေ ကော်ဖီသောက် မလား" ဟု မေးလိုက်သည်။
"အင်း၊ သောက်မယ်"
စုလုရီက မနက်စာသွားဝယ်ခဲ့သည့်အချိန်က အောက်ထပ်၌ ကော်ဖီဆိုင်ကို တွေ့ခဲ့သဖြင့် "သားသွားဝယ်လိုက်မယ် အမေ" ဟု ပြောကာ ကော်ဖီဆင်းဝယ်လိုက်သည်။
ကော်ဖီဝယ်လာပြီးနောက် အပေါ်သို့ ပြန်တက်ရန် ဓာတ်လှေကားထဲသို့ ဝင်လိုက်သောအခါ သူ၏ အရှေ့၌ ခန့်ညားချောမောသော လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်၏။
"ညီလေး" ဟု ခေါ်ကာ စုယွီက စုလုရီ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။
"ဟင် ... အစ်ကို (၃)၊ ဘယ်လိလုပ်ပြီး ရောက်လာတာလဲ"
စုလုရီက အံ့ဩသွားသည့် အမူအရာဖြင့် မေးလိုက်သည်။
"အစ်ကို (၂)၊ ပြောပြတာ"
"ဪ၊ အစ်ကို (၂) ကတော့ အမြဲတမ်း အလုပ်ကောင်းကောင်း လုပ်တတ်တာပဲ"
"အင်း..."
ဓာတ်လှေကား တံခါး ပွင့်သွားကာ နှစ်ယောက်သား ဓာတ်လှေကားထဲမှ ထွက်လာခဲ့ကြသည်။
"ကျွန်တော်တို့ကို ဘာလို့ လာမကြိုခိုင်းတာလဲ အစ်ကို (၃)"
"အစ်ကိုကြီးကို စာပို့ထားပေမယ့် သူ..."
စုယွီစကားမဆုံးမီပင် စုချီက အခန်းပြင်၌ ထွက်စောင့်နေသည်ကို တွေ့လိုက်ရ၏။
"အိုး၊ ငါတို့ ရောက်ပြီပဲ။ အစ်..."
"မင်းဘာသာမင်း လမ်းမလျှောက်နိုင်ဘူးလား၊ ညီ (၃)"
စုယွီက ပါးစပ်ကိုပိတ်ကာ စုလုရီ၏ လည်ပင်းမှ လက်ကို ဖြုတ်ပေးလိုက်သည်။
စုလုရီက ထိုအခွင့်အရေးကို ယူကာ စုချီ၏ အနားသို့ အမြန်ပြေးကပ်လိုက်၏။
စုယွီက လူနာခန်းထဲသို့ ဝင်သွားလိုက်သည်။
"သား (၃)၊ ဘာလို့ ရောက်လာတာလဲ"
"အဖေ့ကို လာကြည့်တာ"
"အိုး၊ အလုပ်တွေ ရှုပ်ကုန်မှာပေါ့ သား (၃) ရယ်"
"... ..."
နေ့လည်စာ စားချိန်ရောက်သောအခါ ယုရှင်းရန်က စုကျစ်ထုံကို စောင့်နေခဲ့မည်ဟုဆိုကာ ညီအစ်ကို လေးယောက်ကိုသာ ဆိုင်၌ သွားစားခိုင်းလိုက်သည်။
သူတို့အတွက်ကိုမူ ပါဆယ်ဝယ်လာ ခိုင်းလိုက်၏။
စုချီတို့က ဆေးရုံအနီးရှိ စွပ်ပြုတ်ဆိုင်ကို သွားလိုက်ကြသည်။
စွပ်ပြုတ်ဆိုင်က စွပ်ပြုတ်အိုးများကို မှာပြီး မကြာမီတွင် လာချပေး၏။
စွပ်ပြုတ်အိုးမှာ ပူပူနွေးနွေး ရှိလှသော်လည်း အရွယ်အစားမှာမူ အနည်းငယ် သေးလှသည်။
စုလုရီက ထုံးစံအတိုင်း အစား၌ အာရုံရောက်နေချိန်၌ တစ်ဖက်တွင်ရှိသော စုကျန်းချန်နှင့် စုယွီတို့က စကား ပြိုင်ပြောရင်း စကားများနေကြသည်။
စုလုရီ၏ ဘေး၌ ထိုင်နေသော စုချီက သူ့ထဲမှ အသားလုံးများကို စုလုရီ ပန်းကန်ထဲသို့ ထည့်ပေးကာ "ငါ အရည်ပဲ သောက်ချင်တာ။ မင်း အသားတွေ စားလိုက်" ဟု ပြောလိုက်၏။
ဤသည်ကို မြင်သွားသော စုယွီက မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားသွားသည်။
အားလုံး စားပြီးသည့်အချိန်၌ စုလုရီ မဝသေးကို သိသော စုကျန်းချန်က နောက်တစ်ပွဲ ထပ်မှာပေးလိုက်သဖြင့် "အစ်ကို (၂) က အကောင်းဆုံးပဲ" ဟု စုလုရီက ပြောကာ ပျော်ပျော်ရွှင်ရွှင် စွပ်ပြုတ် နောက်တစ်ပွဲကို ထပ်စားလိုက်၏။
ထို့နောက် စုကျစ်ထုံနှင့် ယုရှင်းရန်တို့အတွက် အမဲရိုးစွပ်ပြုတ်ကို ပါဆယ် ဝယ်ကာ ဆေးရုံသို့ ပြန်လာခဲ့ကြသည်။
နေ့လည်စာ စားပြီးနောက် မိသားစုဆုံကာ စကားပြောနေကြ၏။
သားအမိ သားအဖများ စကားပြောကြပြီးနောက် ညနေစောင်းသွားသောအခါ သူနာပြု ရှိနေသဖြင့် အားလုံးက အိမ်ပြန်လိုက်ကြသည်။
စုယွီ၏ လေယာဉ်ချိန်မှာ မနက်ဖြန် နေ့လည် ဖြစ်၍ အိမ်၌ တစ်ညအိပ်ရန် အိမ်သို့ ပြန်လိုက်ခဲ့၏။
ယုရှင်းရန်က စုကျန်းချန်၏ ကား၌ လိုက်စီးကာ စုလုရီက စုချီနှင့် အတူတူ ပြန်မည် ဖြစ်သဖြင့် စုယွီက အလယ်၌ ရပ်နေကာ ဝေခွဲမရ ဖြစ်နေသည်။
ထို့ကြောင့် စုကျန်းချန်က "ညီ (၂)၊ ငါ့ကားနဲ့ လိုက်မ
လား" ဟု မေးလိုက်၏။
စုယွီက မိနစ်အနည်းငယ် စဉ်းစားပြီးနောက် "အစ်ကိုကြီး ကားနဲ့ပဲ လိုက်တော့မယ်" ဟု ဆိုကာ စုချီ ကားပေါ်သို့ တက်ထိုင်လိုက်သည်။
စုယွီတစ်ယောက်တည်း အနောက်၌ ထိုင်ရမည် စိုးသဖြင့် စုလုရီကပါ အနောက်သို့ ဆင်းထိုင်လိုက်၏။
ကားများက ဆေးရုံဝင်းမှ ထွက်လာကာ အိမ်သို့ ဦးတည်လိုက်ကြသည်။
စုယွီက တစ်စုံတစ်ရာကို အတည်ပြုချင်သဖြင့် "ညီလေး" ဟု ခေါ်ကာ စုလုရီ၏ အနားကို ကပ်သွားလိုက်သည်။
"ငါ..."
"ကျွီ ..."
ထိုအချိန်၌ စုချီက ကားကို ရုတ်တရက် ဘရိတ်အုပ်လိုက်၏။
...…….................................
.........................................
အပိုင်း (၄၁) ပြီးပါပြီ။