စုလုရီ
အပိုင်း (၄၄) ခရစ္စမတ်ပွဲတော်
တတိယထပ်ရှိ စာဖတ်ခန်း၌ စုကျစ်ထုံက စုချီကို "သူဌေး၊ သဘောထားသေးတာနဲ့ ပတ်သပ်ပြီး ဘယ်လိုမြင်လဲ" ဟု မေးလိုက်၏။
စုချီက စက္ကန့် အနည်းငယ်ခန့် ကြောင်သွားကာ ခဏကြာ စဉ်းစားလိုက်ပြီးမှ "ကောင်းတယ်လို့ မြင်တယ်" ဟု ဖြေလိုက်သည်။
စုကျစ်ထုံက စိတ်ကိုလျှော့ကာ "ဟင်း...ရှောင်ရီက အဖေတို့နဲ့ သွေးသား မတော်စပ်ဘူးဆိုတာ မှန်ပေမယ့် သားက သူ့ကို ဒီလိုတွေ ဆက်ဆံနေရင် အပြင်လူတွေရဲ့ အမြင်မှာ သူ့ကို စုမိသားစုရဲ့ မွေးစားသားလို့ပဲ မြင်ကြမှာပေါ့။ အဖေက ရှောင်ရီကို သီးခြား ရပ်တည်စေချင်တယ်။ အဲ့ဒါကြောင့် မင်းအမေနဲ့ တိုင်ပင်ပြီး သူ့ကို အိမ်ထောင်စု စာရင်းက ထုတ်ထားတယ်။ နောက် (၂) နှစ်နေရင် အဖေ သူ့ကို ကုမ္ပဏီခွဲတစ်ခု ဆက်ခံခိုင်းမလို့" ဟု ပြောလိုက်၏။
စုချီက အံ့ဩသွားကာ "ဘယ်အချိန်တုန်းက လုပ်လိုက်တာလဲ အဖေ" ဟု မေးလိုက်သည်။
စုကျစ်ထုံက "ရှောင်ရီ အရွယ်ရောက်ပြီးတဲ့ အချိန်တုန်းက လုပ်လိုက်တာ။ မင်း မကြိုက်တာရှိရင် အဖေ့ကို ပြောလို့ရတယ်နော်။ အဖေနဲ့ သားကြားမှာ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်" ဟု ပြောလိုက်၏။
"မကြိုက်တာ မရှိပါဘူး။ ကောင်းပါတယ်"
"တကယ်ပဲ အဆင်ပြေလား"
"ကျွန်တော် နောက်ဆို သူ့ကို ကုမ္ပဏီ စီမံခန့်ခွဲတာနဲ့ ပတ်သက်ပြီး သင်ပေးလိုက်မယ်"
စူကျစ်ထုံက စုချီ၏ စကားကြောင့် ကျေနပ်သွားကာ စုချီ၏ ပုခုံးကို ပုတ်ပြီး "ဒါဆို ကောင်းတာပေါ့ သားကြီးရာ။ အဖေတို့ မိသားစုမှာက ပိုင်ဆိုင်မှုတွေ အများကြီး ရှိတာ ဆိုတော့ မင်းတို့ ညီအစ်ကိုတွေ အကုန်လုံး အတွက် လုံလောက်ပါတယ်" ဟု ပြောလိုက်၏
"ကျွန်တော် သိပြီ။ အဖေ့မှာ ပြောစရာ မရှိတော့ရင် ကျွန်တော် သွားတော့မယ်"
"အင်း၊ သွားလို့ရပြီ"
စုချီက စာဖတ်ခန်း တံခါးကို ပိတ်ကာ လျှောက်လမ်း၌ ခဏ ရပ်လိုက်သည်။
ထို့နောက် မြန်ဆန်သော နှလုံး ခုန်နှုန်းများဖြင့် အောက်ထပ်သို့ ပြန်ဆင်းလာ၏။
စုလုရီက ထမင်းစားခန်း၌ ထိုင်ကာ စာပို့နေသည်။
နျဲ့ယီဟုက ပန်းစည်း ပို့ပေးသဖြင့် လူမှုရေးအရ ပြန်ပို့လိုက်ခြင်း ဖြစ်၏။
စာပို့ပြီးသောအခါ၌ စုချီက အပေါ်ထပ်မှ ပြန်ဆင်းလာသည်ကို တွေ့လိုက်သည်။
"အစ်ကိုကြီး၊ အဖေနဲ့ ဘာတွေ ပြောနေကြတာလဲ" ဟု စုလုရီက စုချီကို မေးလိုက်၏။
စုချီက စုလုရီ၏ ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်လာကာ "ကုမ္ပဏီကိစ္စ ပြောတာ" ဟုပြန်ပြောလိုက်သည်။
ထို့နောက် "ဒီနေ့က ပိတ်ရက်ဆိုတော့ ငါ မင်းကို အပြင် ခေါ်သွားမယ်။ အဝတ်အစား သွားလဲ" ဟုပြောလိုက်၏။
ထို့နောက် နှစ်ယောက်သား အပေါ်တက်ကာ စုကျစ်ထုံ တို့ထံ အပြင်သွားမည့် အကြာင်းကို ပြောလိုက်သည်။
စုကျစ်ထုံက သဘောကျကာ "ဟုတ်တာပေါ့။ သားတို့ အားလပ်ရက်မှာ ပွဲတော်ကို သွားပြီး လျှောက်လည်သင့်တယ်။ သား (၂) ကိုလည်း ခေါ်သွားလိုက်ဦးနော်" ဟု ပြောလိုက်၏။
စုကျစ်ထုံမှာ သူ ခုနက ပြောလိုက်သည့် စကားကြောင့် စုချီ အခဲမကြေ ဖြစ်နေမည်ကို စိုးရိမ်နေသော်လည်း ယခု အချိန်ခဏလေး အတွင်း၌ အပြင်လျှောက်လည်မည်ဟု ဆိုလာသဖြင့် ညီအစ်ကိုများ၏ ဆက်ဆံရေးမှာ ကောင်းမွန်သည်ဟု မှတ်ယူကာ ကျေနပ်သွားသည်။
"ညီ (၂) က အလုပ်များနေတယ် အဖေ" ဟု စုချီက ပြောလိုက်သဖြင့် စုလုရီက ဘာမှ ပြန်မပြောတော့ပေ။
"ဒါဆိုလည်း သူ့ကို မနှောင့်ယှက်ကြနဲ့ပေါ့" ဟု စုကျစ်ထုံက ပြန်ပြောလိုက်၏။
စုလုရီက အဝတ်အစား အမြန်လဲကာ အောက်ထပ်ရှိ ဧည့်ခန်း၌ စုချီကို ထိုင်စောင့်နေလိုက်သည်။
ခဏကြာပြီးနောက် စုချီက အပေါ်ထပ်မှ ဆင်းလာသည်ကို တွေ့လိုက်ရ၏။
စုလုရီက ဖိနပ် ချွတ်ခန်း၌ တစ်ဖက်နံရံကို လက်ထောက်ကာ ဖိနပ်စီးလိုက်သည်။
သူ၏ ဂျပ်ကပ်မှာ ထူထဲလှသဖြင့် ဖိနပ် စီးရာတွင် မတည်ငြိမ်သောကြောင့် စုချီက သူ၏ လက်မောင်းကို ကိုင်ကာ ထိန်းပေးထားလိုက်၏။
ထို့ကြောင့် စုလုရီက "အစ်ကိုကြီး၊ ဒီနေ့ ကျွန်တော့်အပေါ် အရမ်းကောင်းနေတာပဲ" ဟု ပြောလိုက်သည်။
"ဒီနေ့ ဟုတ်လား" ဟု စုချီက ပြန်ထောက်လိုက်၏။
"ဒီနေ့ ဆိုတာ နေ့တိုင်းကို ပြောချင်တာပါ၊ အစ်ကိုကြီး" ဟု စုလုရီက ပြန်ပြင်ပြောလိုက်သဖြင့် စုချီက ပြန်မပြောတော့ပေ။
နှစ်ယောက်သား ကားဆီသို့ ထွက်လာရင်း ကားပေါ်တက်ကာ မြို့ထဲသို့ ဦးတည်လိုက်ကြ၏။
ပွဲတော်ကြောင့် ကားပိတ်နေသဖြင့် မြို့ထဲသို့ နေ့လည်မှသာ ရောက်လာခဲ့သည်။
လမ်းမကြီးနှင့် လမ်းကြို လမ်းကြားများတွင်လည်းရောင်စုံမီးများဖြင့် သွယ်တန်းအလှဆင်ထားသည်ကို တွေ့ရ၏။
စုချီက ရှော့ပင်းစင်တာ တစ်ခု၏ မြေအောက်ကားပါကင်၌ ကားကို ရပ်ကာ အပြင်သို့ ထွက်လိုက်သည်။
ဒီဇင်ဘာ နှောင်းပိုင်း၌ ရာသီဥတုက ပိုအေးလာသဖြင့် စုလုရီက စုချီ ဝယ်ပေးထားသော လည်စည်းပုဝါကို ပတ်လာခဲ့၏။
ထို့နောက် စားသောက်ဆိုင် တစ်ခုသို့ ဝင်ကာ နေ့လည်စာ မှာစားလိုက်ကြသည်။
စားသောက်ဆိုင် ဝန်ထမ်းမှ စုချီတို့ ထိုင်ရမည့် စားပွဲခုံကို လမ်းပြကာ ကုတ်အင်္ကျီနှင့် လည်စည်း ပုဝါကို ချိတ်ပေးရန် တောင်းလိုက်၏။
စုလုရီက ကားပေါ်မှ ဆင်းခါစတွင် လည်စည်း ပုဝါကို အလျင်အမြန် ပတ်လိုက်သဖြင့် ထုံးနေကာ ဖြည်မရ ဖြစ်နေသည်။
ထို့ကြောင့် စုချီက ကူ၍ ဖြည်ပေးလိုက်ရ၏။
ကုတ်အင်္ကျီနှင့် လည်စည်းပုဝါများ ချွတ်ပြီးနောက် စားပွဲ၌ ဝင်ထိုင်လိုက်ကြသည်။
စားသောက်ဆိုင် ဝန်ထမ်းက အမဲသားကင်ကို ကင်ပေးပြီး စုချီပန်းကန်ထဲသို့ ထည့်ပေးမည် အလုပ်တွင် စုချီက "သူ့ကို အရင်ထည့်ပေးလိုက်ပါ" ဟု ပြောလိုက်၏။
ဝန်ထမ်းက အနည်းငယ် ကြောင်သွားသော်လည်း "ဟုတ်ကဲ့" ဟု ပြောကာ စုလုရီ၏ ပန်းကန်ထဲသို့ အရင် ထည့်ပေးလိုက်သည်။
"အစ်ကိုကြီးက အရမ်းကြင်နာတတ်တာပဲ"
"မင်းကို အစားကောင်းကောင်း ကျွေးတဲ့လူတိုင်းကို မင်း အဲ့လို ပြောနေကြမလား"
"မဟုတ်ပါဘူး"
နှစ်ယောက်သား မှာစားခဲ့သော အစားအသောက်များမှာ အမဲသား ခြောက်ယောက်စာ၊ အသီးအရွက် နှစ်ပွဲနှင့် ကိုရီးယား ထမင်းသုပ် တစ်ပွဲ ဖြစ်သည်။
စားပြီးသွားသောအခါ စုချီက ကောင်တာသို့ သွားပြီး ပိုက်ဆံရှင်းလိုက်၏။
ထို့နောက် စုလုရီ ဘက်သို့ လှည့်ကာ "မင်း ပြီးရင် ဘယ်သွားချင်လဲ" ဟု မေးလိုက်သည်။
စုလုရီက ဗိုက်ကို ပွတ်ကာ "ကျွန်တော် ဗိုက်အရမ်းတင်းနေလို့ အစာကြေအောင် လုပ်ရမယ်" ဟု ပြောလိုက်၏။
စုလုရီက စုချီ ဓာတ်လှေကားမှ ဆင်းသွားသည့်နောက်သို့ လိုက်ရင်း "ကျွန်တော်တို့ ဘယ်သွားနေတာလဲ၊ အစ်ကိုကြီး" ဟု မေးလိုက်သည်။
"မင်းပဲ အစာကြေအောင် လုပ်ချင်တယ် ဆိုလို့ လမ်းလျှောက်မလို့လေ"
စုချီက ရှော့ပင်းစင်တာမှ ထွက်ကာ ဈေးဆိုင်ငယ်များရှိသော လမ်းကြားထဲသို့ လျှောက်သွားလိုက်သည်။
လမ်းကူးသည့် အချိန်၌ လျှပ်စစ်ကားတစ်စီးမှ ရုတ်တရက် ထွက်လာသဖြင့် နှစ်ယောက်သား အလျင်အမြန် ရှောင်လိုက်ကြ၏။
စုလုရီ တုံ့ပြန်မှု မလုပ်ခင်၌ လက်မောင်းကို ဆွဲခံရကာ စုချီ၏ ရင်ခွင်ထဲသို့ မျက်နှာအပ်သွားသည်။
စုလုရီကို စုချီက ဖက်မိသွား၏။ ကုတ်အင်္ကျီထူထူကြီး၏ အောက်မှ ကျယ်လောင်လှသော ရင်ခုန်သံကိုလည်း စုလုရီ ကြားနေရသည်။
...…….................................
.........................................
အပိုင်း (၄၄) ပြီးပါပြီ။