စုလုရီ
အပိုင်း (၅၄) လိပ်ပြာမလုံခြင်း
စုလုရီ၏ နှလုံးသားက ပေါက်ထွက်မတတ် ခုန်သွားပြီး ခေါင်းကို ငုံ့ကာ စားတော့၏။
ထို့နောက် ပန်းကန် တစ်ဝက် ရောက်သောအခါ စုလုရီက တူကို ချပြီး "အစ်ကိုကြီးလည်း စားဦးလေ။ ကျွန်တော် မကုန်တော့ဘူး" ဟု ပြောလိုက်သည်။
"မဖြစ်နိုင်တာ"
"..."
ထို့နောက် စုချီက စုလုရီ ဗိုက်ပြည့်သွားပြီ ဆိုသဖြင့် စားပွဲထိုးကို လှမ်းခေါ်ကာ ငွေရှင်းရန် လုပ်လိုက်သည်။
"ကျွန်တော် ရှင်းလိုက်မယ်၊ အစ်ကိုကြီး"
"နေပါ။ တော်ကြာ အကြွေးတွေ တင်နေဦးမယ်"
"..."
စုလုရီက မျက်နှာ ပူသွားကာ "ကျွန်တော် ဘယ်တုန်းက အစ်ကိုကြီးကို ရှင်းခိုင်းလို့လဲ" ဟုပြောလိုက်သည်။
စုချီက အချိန်တိုင်း သူပဲ ထုတ်ရှင်းနေသဖြင့် စုလုရီမှာ ရှင်းရန် အခွင့် မသာခဲ့ပေ။
စားပွဲထိုးက စုလုရိီကို အားကျသည့် အကြည့်ဖြင့် ကြည့်ပြီး စုချီထံမှ ကတ်ကို ယူကာ ငွေရှင်း ဖြတ်ပိုင်းကို ပေးလိုက်၏။
ထို့နောက် နှစ်ယောက်သား ထကာ ပြန်ရန် ပြင်လိုက်ကြသည်။
စုလုရီက မပြန်ခင် အိမ်သာ ဝင်ချင်သည် ဆိုသဖြင့် စုချီက စုလုရီကို တံခါး၌ စောင့်နေလိုက်၏။
ထိုအခါ စုချီတို့ကို ဝန်ဆောင်မှု ပေးခဲ့သော စားပွဲထိုးက စုချီ၏ အနားသို့ ရောက်လာကာ "ဧည့်သည်ရဲ့ ကောင်လေးက မြန်မြန် လက်ခံပါစေလို့ ဆုတောင်းပေးပါတယ်နော်" ဟု ကပ်ပြောလိုက်သည်။
စားပွဲထိုးမှာ ပုံမှန် စကားများလေ့ မရှိသော်လည်း စုချီနှင့် စုလုရီတို့မှာ လိုက်ဖက်လွန်းလှသဖြင့် ထိုသို့ လာပြောလိုက်ခြင်း ဖြစ်၏။
စားပွဲထိုး၏ စကားကြောင့် စုချီက ကျေနပ်သွားကာ "ကျေးဇူးပဲ။ ဒီကို မလာခင်ကတည်းက သူ့ကို ဖမ်းထားပြီးပြီ" ဟု ပြောလိုက်သည်။
စားပွဲထိုးက စုချီ၏ စကားကြောင့် ပြုံးစိစိ ဖြစ်ကာ ထွက်သွားတော့၏။
စုလုရီ အိမ်သာမှ ထွက်လာသောအခါ စုချီက ပျော်ရွှင်နေသဖြင့် "အိမ်ကို တန်းပြန်မလား။ တစ်နေရာရာ ထပ်ဝင်ဦးမလား" ဟု မေးလိုက်သည်။
"အင်း....အလုပ်သမားတွေ ပြန်သွားလောက်ပြီမလား ဟင်"
"ပုံမှန်ဆိုရင်တော့ ဒီအချိန် အလုပ် သိမ်းသွားပြီ။ မနေ့ကလိုမျိုး နောက်ကျနေရင်တော့ မသိဘူး"
"မင်း မပြန်ချင်သေးရင် ငါ မင်းကို လျှောက်လည်ဖို့ ခေါ်သွားပေးမယ်"
"ဘယ်ကိုလဲ အစ်ကိုကြီး"
"ဒီနားမှာ ပြတိုက် တစ်ခု ရှိတယ်။ ဒီလဆို ပိတ်တော့မှာ။ မင်း သွားချင်လား"
"အဲ့နေရာက သွားဖို့ မလွယ်ဘူးမလား၊ အစ်ကိုကြီး"
စုချီက ကားကို ပြတိုက်ဆီသို့ ဦးတည်ကာ မောင်းလိုက်၏။
...
ပြတိုက်မှာ ISE ရှော့ပင်းစင်တာ၏ အပေါ်ဆုံးထပ်တွင် ရှိသည်။
ပိုမို ကောင်းမွန်သော ခံစားချက်ကို ရစေရန်အတွက် ပြတိုက်အတွင်းသို့ တစ်နာရီလျှင် လူ (၁၅) ယောက်သာ ဝင်ရောက် ကြည့်ရှုခွင့်ပေး၏။
စုချီက ပိုင်ရှင်ကို ဖုန်းဆက်ကာ တန်းဝင်သွားလိုက်သဖြင့် စုလုရီက အံ့ဩသွားကာ "ကျွန်တော်တို့ ဒီလို တန်းဝင်သွားလို့ ရလို့လား" ဟု မေးလိုက်သည်။
စုချီက တံခါးကို ဖွင့်လိုက်ပြီး "သွားကြမယ်" ဟုပြောကာ ဝင်သွားလိုက်၏။
တံခါးမှ ဝင်လိုက်သောအခါ ကြယ်များ အပြည့် လင်းလက်နေသော ကောင်းကင်ကြီးကို မြင်လိုက်ရသည်။
စုလုရီက မှင်သက်သွားသဖြင့် စုချီက ဦးဆောင်ကာ "ဘယ်လိုခံစားရလဲ" ဟု မေးလိုက်၏။
"အရမ်းလှတာပဲ၊ အစ်ကိုကြီး"
နှစ်ယောက်သား အရှေ့နှင့် အနောက် လျှောက်နေကြရင်း စုလုရီက ရှေ့တစ်လှမ်း တိုးလိုက်သဖြင့် စုချီက ရပ်ကာ အနောက်မှ စုလုရီကို ရပ်ကြည့်နေလိုက်သည်။
စုလုရီ၏ ဆံပင်မဲမဲလေးပေါ်တွင် ကြယ်များ ကျနေသဖြင့် ချစ်စရာ ကောင်းသည်ဟုလည်း တွေးလိုက်၏။
"စုလုရီ"
"ဟင်"
စုလုရီက လျှောက်ကြည့်နေရင်း စုချီ၏ ခေါ်သံကြောင့် စုချီကို လှည့်ကြည့်လိုက်သည်။
"ငါ မင်းရဲ့ နားကို ဆိတ်ကြည့်လို့ ရလား"
"မရဘူး"
စုလုရီက လန့်သွားပြီး သူ၏ နားနှစ်ဖက်ကို အုပ်ကာ ပြောလိုက်၏။
"အစ်ကိုကြီးကလည်း၊ မဟုတ်တာတွေ မပြောပါနဲ့"
"ဘာ မဟုတ်တာ ပြောနေလို့လဲ။ ထားလိုက်ပါတော့။ နောက်တစ်ခေါက်မှပဲ ထပ်ပြောတော့မယ်"
"ဘာလို့ နောက်တစ်ခေါက်ဆိုတာ ရှိရမှာလဲ" ဟု စုလုရီက မကျေမနပ် ရေရွတ်ကာ အရှေ့သို့ ဆက်
လျှောက်သွား၏။
စုချီကမူ စုလုရီ၏ အနောက်မှ မနှေး မမြန်သော ခြေလှမ်းဖြင့် ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။
...
ပြတိုက်၌ ပြခန်း (၆) ခု ရှိသဖြင့် ကောင်းကင်ကြယ်တာရာ ပြခန်းမှ အထွက်၌ အချိန် ပြခန်းသို့ ရောက်လာခဲ့သည်။
မျက်နှာကျက်တွင် နာရီ စက်များဖြင့် အလှဆင်ထားပြီး ရွှေအိုရောင် အမှုန့်များ ဖြူးထားသည်။
စုလုရီက စုချီထံ၌ အပြာရောင် နာရီတစ်လုံး ရှိသည်ကို သတိရသွားကာ "အစ်ကိုကြီးမှာ အပြာရောင် လက်ပတ်နာရီ တစ်လုံး ရှိတယ် မလား" ဟု မေးလိုက်၏။
"အင်း၊ ဘာလို့လဲ"
"အစ်ကိုကြီးနဲ့ ကြည့်ကောင်းတယ်လေ။ ဘာလို့ မ
ဝတ်တာလဲ"
"ဝတ်ရတာ အဆင်မပြေ ဖြစ်လို့။ မင်း ကြည့်ချင်ရင်တော့ ငါ ဝတ်ပြမယ်လေ"
စုချီ၏ အပြုအမူများမှာ ပြောင်းလဲသွားပြီး စုလုရီကို ချဉ်းကပ်ပုံမှာ ထူးဆန်းနေသဖြင့် စုလုရီက အံ့ဩသွားကာ "ကျွန်တော့်အတွက် ဝတ်ပြစရာ မလိုပါဘူး၊ အစ်ကိုကြီး" ဟု ပြောလိုက်သည်။
ပြတိုက်၏ ထွက်ပေါက်သို့ ရောက်ရန် တစ်နာရီခွဲခန့် ကြာမြင့်သွားကာ စုချီက ထွက်ပေါက်တံခါးကို ဖွင့်လိုက်ပြီး "အိမ်ပြန်ကြမယ်" ဟု ပြောလိုက်၏။
အိမ်သို့ပြန်ရောက်သောအခါ ည (၈) နာရီကျော်နေပြီ ဖြစ်သည်။
စုလုရီက ဖိနပ်ချွတ်နေရင်း ဖုန်းကို ကြည့်လိုက်သောအခါ စုကျစ်ထုံက စာပို့ထားသည်ကို တွေ့လိုက်၏။
စုကျစ်ထုံ - "သားငယ်လေးနဲ့ သူဌေးတို့၊ ဘယ်တော့
လောက် ပြန်လာမှာလဲ။ အဖေတို့တောင် ဒေသ အစားအစာတွေ သွားစားလိုက်သေးတယ်"
စုလုရီက အပေါ်ထပ်သို့ တက်နေရင်း စာပြန်ပို့လိုက်သည်။
စုလုရီ - "သားလည်း ဒေသ အစားအစာတွေ စားချင်တယ်"
ယုရှင်းရန် - "သားငယ်လေး ပြန်လာရင် ထပ်စားကြမယ်လေ"
ထို့ကြောင့် စုလုရီက စုချီကို ကြည့်ကာ "အစ်ကိုကြီး၊ အဖေတို့က ဘယ်တော့လောက် ပြန်လာမှာလဲလို့ မေးနေတယ်" ဟု မေးလိုက်သည်။
"လကုန်မှလို့ ပြောလိုက်"
"အလုပ်တွေ မပြီးသေးလို့လား၊ အစ်ကိုကြီး"
"အလုပ်တွေက ပြီးပြီ"
"အဲ့ဒါဆို ဘာလို့ မပြန်သေးတာလဲ၊ အစ်ကိုကြီး"
"ငါ မင်းနဲ့ နှစ်ယောက်တည်း အတူတူ နေချင်သေးလို့"
စုလုရီက စုချီ၏ စကားကြောင့် စိတ်လှုပ်ရှားသွား၏။
...
ထို့နောက် စုချီက စုလုရီကို အခန်းသို့ ပြန်ပို့ကာ သူ၏ အခန်းသို့ ပြန်သွားတော့သည်။
စုလုရီက ရေချိုးပြီးနောက် လည်ချောင်း ခြောက်လာသဖြင့် ဖျော်ရည်သောက်ချင်လာ၏။
ထို့ကြောင့် အောက်ထပ်သို့ ဆင်းရန် အခန်းအပြင်သို့ ထွက်လာလိုက်သည်။
သို့သော် အောက်ထပ်သို့ ရောက်ရန် စုချီ၏ အခန်းရှေ့မှ ဖြတ်သွားရမည် ဖြစ်သဖြင့် စုလုရီက ခြေသံဖွဖွလေးနင်းကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။
စုလုရီ ဆင်းလာသည်ကို မြင်လိုက်သော အစေခံက "သခင်လေး၊ ဘာလိုအပ်လို့လဲ" ဟု မေးလိုက်သည်။
"ဖျော်ရည်သောက်ချင်လို့၊ ငါ့ဘာသာငါ လုပ်လိုက်မယ်၊ ရတယ်၊ မင်း သွားတော့"
"ဟုတ်ကဲ့"
စုလုရီက မီးဖိုခန်းထဲသို့ ဝင်ကာ ဗီဒိုထဲသို့ ရှာလိုက်သောအခါ အုန်းနို့ နှစ်ဘူးကိုသာ တွေ့လိုက်ရသည်။
ထို့ကြောင့် ရေခဲသေတ္တာထဲရှိ ဖျော်ရည်ဘူးကို ထုတ်ကာ အပူပေး သောက်ရန် ဖန်ခွက်တစ်လုံးကို ယူ၍ လောင်းထည့်လိုက်သည်။
ထို့နောက် မိုက်ခရိုဝေ့ထဲသို့ ဖန်ခွက်ကို ထည့်ကာ မီးဖွင့်လိုက်၏။
သို့သော် မိုက်ခရိုဝေ့က အသံမြည်လာသဖြင့် စုလုရီက အစေခံကို လှမ်းခေါ်လိုက်ရာ ဝင်လာသောသူမှာ စုချီ ဖြစ်ကြောင်းကို သိလိုက်ရသည်။
စုချီက စုလုရီ၏ လက်ကောက်ဝတ်ကို ကိုင်ကာ လက်တစ်ဖက်မှ မိုက်ခရိုဝေ့ကို ပိတ်ပြီး ဖန်ခွက်ကို ယူထုတ်လိုက်၏။
"ဒီရွှေရောင် အနားကွတ်ထားတဲ့ ဖန်ခွက်တွေက မိုက်ခရိုဝေ့ထဲကို ထည့်လို့မရဘူး"
"..."
စုချီက စုလုရီ၏ လက်ကို ကိုင်ထားချိန်၌ မီးဖိုခန်းထဲသို့ ဝင်လာသော ခြေသံကို ကြားလိုက်ကာ "သခင်လေး၊ ကျွန်မကို ခေါ်လား" ဟူသော အသံကိုပါ ကြားလိုက်ရသည်။
အသံမှာ နီးလာသဖြင့် စုလုရီက ထိတ်လန့်သွားကာ စုချီ၏ လက်ကို ဖယ်ရန် ကြိုးစားလိုက်၏။
"အစ်ကိုကြီး...လွှတ်တော့လေ"
သို့သော် စုချီက မလွှတ်ပေးသဖြင့် စုလုရီက စိတ်ပူသွားကာ "စုချီ" ဟု ရေရွတ်လိုက်သည်။
...…….................................
.........................................
အပိုင်း (၅၄) ပြီးပါပြီ။