14. Wherever you go

En başından başla
                                    

" တချို့က အချစ်ဆိုတာ ရယူတာတဲ့ ၊ တချို့ကတော့ ပေးဆပ်တာတဲ့ ၊ မင်းရော ဘယ်လိုထင်လဲ ၊ ငါကတော့ ပထမတစ်မျိုးကိုပဲ ပိုသဘောကျတယ် ၊ ကိုယ်ချစ်တဲ့အရာတွေကို အဆုံးရှုံးမခံဘဲ ရအောင်ယူရမှာ အမှန်ပဲလေ ဟုတ်တယ်မလား "

သူ့စကားသူ သဘောကျပြီး နှုတ်ခမ်းလေးတစ်ဖက် ကော့တက်သွားသည်အထိ ဘုဏ်းဇေယျာကျော် ပြုံးလိုက်သည်။ အခုတလော သူ့စိတ်ထဲ ဝမ်းနည်းစရာတွေပဲ တွေးဖြစ်ခဲ့၏။ အနာဂတ်နှင့်ပတ်သက်ပြီး မပြောမိ ၊ မတွေးမိအောင်နေမည်ဟု ဘယ်လောက် ဆုံးဖြတ်ထားထား မရ။ တစ်နေ့ကျလျှင် ရှင်းသန့်တည်ကြည်က သူနှင့်အဝေးကြီးကို ထွက်သွားလိမ့်မည်ဆိုသည့်အကြောင်းကသာ သူ့ခေါင်းထဲ တစ်ချိန်လုံး ရောက်နေခဲ့သည်။ သည်နေ့မနက်တော့ ရှင်းသန့်ရဲ့စိတ်ကူးက ပြောင်းချင်ပြောင်းသွားနိုင်တာပဲဟု သူ တစ်မျိုးစဉ်းစားမိ၏။ ပြောင်းသွားအောင် လုပ်ဖို့ကိုလည်း သူ့အနေဖြင့် အားထုတ်ရမည်ပင်။

" ကိုယ်ချစ်တဲ့လူတွေ ကိုယ်နဲ့ အဝေးကြီးကို ထွက်မသွားအောင် ငါတို့တွေ ကြိုးစားသင့်တယ်မို့လား ဟက်ပီးလေး ၊ အကွာအဝေးဆိုတာ နီးချင်တဲ့သူဘက်က စချုံ့ရမှာပဲလေ "

ရေချိုးပြီးခါစ ဟက်ပီးလေးကို သဘက်များဖြင့် သုတ်ပေးပြီး သိပ်မပြင်းသည့် နေရောင်အောက် ထုတ်ထားခဲ့ကာ ခဏကြာလျှင် မြင်းဇောင်းထဲ ပြန်ပို့ပေးဖို့ကို မြင်းထိန်းတစ်ဦးအား မှာ၍ ဘုဏ်းဇေလည်း ရေချိုးဖို့ သူ့အဆောင်တော်‌ဆီသို့ ပြန်လာခဲ့သည်။ ရေမချိုးခင် သည်ရက်ပိုင်း သူ့အား ဝမ်းနည်းအောင် လုပ်ထားသည့် တစ်စုံတစ်ယောက်ဆီသို့ ဖုန်းအရင်ခေါ်ရမည်။ ရှင်းသန့်နှင့် အခုတလော သူ စကားကောင်းကောင်း မပြောဖြစ် ။ ရှင်းသန့်အသံကြားတိုင်း စာကြည့်တိုက်မှာ ပြောခဲ့သမျှကို သတိပြန်ရပြီး သူ့စိတ်ထဲ ဝမ်းနည်းလာသောကြောင့် ။ အခုတော့ ရှင်းသန့်ကို သူဖုန်းခေါ်ရမည်
။ အနာဂတ်နှင့် ပတ်သက်ပြီးလည်း သူ့အစီအစဉ်ကို ပြောပြရဦးမည်။

" ရှင်းသန့်တည် ၊ ငါ့မှာ ကိုယ်ပိုင်လေယာဉ် ရှိတာ မင်း သိတယ်မလား "

အခုတလော သူ့ဆီ ဖုန်းခဏခဏ မဆက်သည့်အပြင် သူစဆက်လျှင်တောင် စကား ဟက်ဟက်ပက်ပက် ပြန်မပြောသော ဘုဏ်းဇေကို ရှင်းသန့် စိတ်ပူနေမိတာ အမှန်ပါ။ ပုံမှန်ဆို သူ့ကို စလိုက်၊ ချွဲလိုက်၊ စိတ်ကောက်လိုက် လုပ်နေတတ်သူမို့ ဘုဏ်းဇေ ငြိမ်နေသည့်အခါ ရှင်းသန့်စိတ်ထဲ မပြည့်မစုံဖြင့် တစ်ခုခုလိုနေသလို ။ ဒီနေ့တစ်မနက်လုံး သူဘာလုပ်ပေးရမလဲဟု တွေးနေစဉ်မှာပဲ ဘုဏ်းဇေက သူ့ဆီ ဖုန်းခေါ်လာခဲ့သည်။ ပြီးတော့ အဆက်အစပ်မရှိပြောလာတာက ကိုယ်ပိုင်လေယာဉ်အကြောင်း ။

Forget-Me-Nots  { Completed }Hikayelerin yaşadığı yer. Şimdi keşfedin