''အမလေးဟယ် ဖြစ်ရလေ ကိုကျော်ရင်က
ငါ့ သူငယ်ချင်းအရင်းဟဲ့ ညည်းမှတ်ထား
ငါ့နာမည် တင်စုတဲ့''

''ဟုတ်ကဲ့ မမစု မမစုလို့ ခေါ်မယ်နော်''

''ညည်း ဒီကန်သင်းရိုးပေါ်ကရော
ဟောဟိုက တွေ့လား လယ်ကြားကန်စွန်းတွေ
ကော ခူးချင်သလောက်ခူး
ပေးစမ်း ကလေး အစ်မ ချော့မြှူထားမယ်
ညည်းအစား ကျောညောင်းလိုက်တာအေ''

လှလေးပို ကြူကြူပါအောင် ငိုသည်။
အခုဆို အမေက ငွေမပေးသလို ထမင်း
တောင် ကလေးနို့စို့သေးတော့ ရှက်ရှက်နဲ့
တောင်းစားရသည်။

ကန်စွန်းရွက်တွေ ခူးပြီးတော့
ကလေးက နေရှာသည်။ လှထွေးလေး
ခမြာ သဘောကောင်းရှာသည်။

''မမစု ကျွန်မ ပြီးပြီ''

''ကလေးက သဘောကောင်းချက်အေ
သွား သွား ညည်းဒါတွေ ရောင်းမှာမလား
အေး ရွာထဲ ဘယ်က ခူးလာတာလဲ မေးရင်
နတ်ကတော်တင်စု တောကလို့သာ ပြော
ရောင်းအေ နော်''

''ဟုတ်ကဲ့ပါ မမစု''

မမစုပြောသလို ရွာထဲက လူတွေက
မေးပြီးမှ ဝယ်ကြလေတော့ မှာလိုက်သလို
ပြောရောင်းသည်။ ရောင်းလိုက်ရတာမှ
ခဏတဖြုတ်လောက်သာ။

နေကပူသေးတော့ စျေးဗန်း ဆန်ကာ
အစုတ်လေး ချိုင်းကြား ညှပ်လို့
သမီးလေး ရှိရာ ပြေးရသည်။
တောကိုရောက်တော့ ကလေးကိုရော
မမစုကိုပါ မတွေ့။ ခေါင်းနားပန်းကြီးကာ
တဲဆီ ထဘီလေးစွန်တောင်ဆွဲပြေးမိ
လေရဲ့။

''ဟဲ့ အေ လန့်တာ ကလေးက
အိပ်ချင်နေလို့ ဒီမှာ သိပ်နေတာ
ငါလည်း ပြန်တော့မလို့အေ
ညည်းကိုစောင့်နေတာ''

''လန့်သွားတာပဲ မမစုရယ်
ရေလေးတစ်ခွက် သောက်မယ်နော်''

''သောက်သောက် ဒါနဲ့ ညည်းနာမည်က
ဘယ်လို ခေါ်သတုန်းအေ့''

''လှလေးပိုပါ မမစု''

''ညည်းကြည့်ရတာ ငါ တစ်ခုခု
ထူးဆန်းနေသလိုအေ''

''ရှင်''

''လာစမ်း ထိုင်ပါအုံး ၊ ငါက ဒီရွာသူ
မဟုတ်ဘူးအေ့ ငါ့ဆရာ ခေါ်လို့
လိုက်လာရင်း ဒီရွာမှာ သောင်တင်သွားတာ''

Love + Love [Normal Fiction]Where stories live. Discover now