“တိတ်စမ်း။ တဏှာရူးကောင်။ ပါးစပ်ပိတ်။ ယောက်ျားတွေကိုကြိုက်တာ မင်း။ ငါ့သားက အဲဒီလိုမျိုး လုံးဝမဟုတ်ဘူး။ မြေခွေးကောင်။ ငါ့သားကို ဖျားယောင်းသွေးဆောင်ပြီး သူက မင်းကို ငြင်းလိုက်တော့ နာမည်ဖျက်ဖို့ ကြိုးစားနေတာပေါ့လေ။ ပြောထားလိုက်မယ်။ ငါ မင်းကို အလွတ်မပေးဘူး။ မော့မိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်း ကြပ်ကြပ်သတိထားနေ။ ငါ...”

“တော်စမ်း”

မော့ဘိုးဘိုး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ပြီး သူ၏ချိုင်းထောက်ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။

“တစ်ယောက်မှ အသံမထွက်နဲ့”

ဒုတိယအဒေါ်က ထိတ်လန့်သွားပြီး အငိုအယိုတွေ မစတင်မီ သူမ၏အသံဆိုးကြီးသည် နှစ်စက္ကန့်ကြာမျှ တိတ်ဆိတ်သွားခဲ့သည်။

“အဖေရေ၊ အဖေရဲ့။ ဒါက သေချာပေါက် အသရေဖျက်တာပဲ။ အဲဒီ စုန့်ယွီက လိမ်နေတာ။ တဏှာရူးကောင်။ သူက စန်းကျစ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေတာ။ ဒီအတိုင်းတော့ မလွှတ်ပေးနိုင်ဘူး။ အဖေ...”

မော့ဘိုးဘိုးက နှာမှုတ်သည်။ ကြမ်းပြင်ပေါ်တွင် လဲနေသည့် မော့စန်းကျစ်၏သွေးပျက်ထိတ်လန့်နေသည့်ရုပ်ကို ကြည့်လိုက်သည်နှင့် ဤအကြောင်းအရာမှာ အတုလား အစစ်လားဆိုသည်ကို သူ ခွဲခြားပြောနိုင်သည်။

သို့သော် မည်သို့ပင်ဆိုစေ သူ၏တတိယမြေးက ယောက်ျားလေးများကို ကြိုက်နှစ်သက်သော တဏှာရူးတစ်ယောက်ဆိုသည်ကို ဝန်ခံမည် မဟုတ်ချေ။

“ရှောင်စုန့်၊ ဒီလိုကိစ္စမျိုးဆိုတာ မဟုတ်တရုတ် လျှောက်ပြောလို့ရတာ မဟုတ်ဘူး။ ကြည့်ရတာ မင်းနဲ့ မော့စန်းကျစ်ကြားမှာ နားလည်မှုတစ်ခုခု လွဲနေတဲ့ပုံပဲ။ ဟုတ်မယ်။ နားလည်မှုလွဲတာမျိုးဆိုရင် တို့တွေ စကားပြောပြီး ပြေပြေလည်လည် ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ ဒီလိုပေါက်ကရစကားမျိုးကို ပတ်ဝန်းကျင်မှာ လျှောက်ပြောနေလို့ မဖြစ်ဘူးနော်။”

မော့ဘိုးဘိုးက စုန့်ယွီကို အေးတိအေးစက် ကြည့်သည်။                                                        

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now