B-EB/15

557 17 0
                                    

စာမေးပွဲမို့  ကျောင်းဝင်နံပတ်အစဉ်လိုက်နဲ့ နှစ်ယောက်တစ်တွဲ ဖြေရတာမို့ ကောင်း'နဲ့က နေရာမတူ။ကောင်း'က rio နဲ့  မေဇင်က တာယာနဲ့ ကျွန်တော်က သုတနဲ့ မမလုက မိုက်ကယ်နဲ့ ကျန်တဲ့သူတွေကလဲ သူ့တွဲဖက်နဲ့သူ။

ကောင်း'က ရှေ့က ၂တန်းမြောက်မှာ မေဇင်က ဘေးကပ်ရပ် လမ်းအခြားကခုံမှာ။

"လပြည့် မင်းကို ဟိုကောင်ခေါ်နေတယ်"

စာဖြေနေတာမို့ အာရုံက အဖြေလွှာဆီပို့မိထားတော့ ဘေးကို အာရုံမရှိတော့တဲ့ ကျွန်တော့်ကို ဘေးက သုတက တိုးတိုးကြိတ်ခေါ်တယ်။

"ဟင် ဘယ်သူခေါ်တာလဲ"

အခန်းစောင့် ဆရာနဲ့အတူ staff တွေပါရှိတာမို့ အသံတိုးတိုးနဲ့ပြန်မေးပြီး‌ဘေးကိုငဲ့ကြည့်လိုက်တယ်။သုတကလဲ ပါးစပ်နဲ့မဖြေပဲ မေးငေါ့ပြတာမို့ ရှေ့ကိုကြည့်လိုက်တော့ ကောင်း'။

'ဘာလဲ'

ပါးစပ်လှုပ်ရုံမေးလိုက်တော့..

"စာပြ"

ဖြစ်ရလေ အလယ်မှာတစ်တန်းကြီးခြားနေတာကို စာပြဆိုတော့ ကိုယ့်အ‌‌ဖြေစာရွက်ပဲလှမ်းပေးရမလိုလို။

တကယ်တန်းကျ အရင်စာမေးပွဲတွေတုန်းကလဲ အဲ့လိုပဲ ကိုယ်ဖြေထားတာကို ပုံရိုက် သူ့ဆီပို့ သူက အဲ့ကတဆင့် အကုန်ကူးချပြီးဖြေတာ။ခုက စာမေးပွဲခန်းထဲ ဖုန်းမှယူခွင့်မရတာ အကုန်အပြင်မှာထားခဲ့ရတာ။အရင်ကတော့ အတန်းတွင်း စာမေးပွဲလေးတွေမို့ ဖုန်းယူလဲ ဆရာတွေက ဘာမှမပြောဘူးလေ။ခုက ဖိုင်နယ်ကြီးကို ဒီကောင်စာမကျက်လာပြန်ဘူးလား မသိ။

သူက အတန်းထဲမှာဆို ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ပဲ ရုပ်တည်ကြီးနဲ့နေတတ်တဲ့သူမို့ သူ့ဘေးက rio ကိုလဲ စာမေးမှာမဟုတ်သလို ဟိုကလဲပြမယ်မထင်။ခက်တော့နေပါပြီ ဒီကောင်နဲ့တော့။ဘာလုပ်ပေးရမလဲ ကြံနေမိတာနဲ့ ဖြေလက်စကိုယ့်အဖြေလွှာကိုတောင် မေ့နေမိတယ်။

"လပြည့် ပြီးအောင်ဖြေလေ"

"အော် အင်း"

ဘေးက သုတသတိပေးမှ စာမေးပွဲဖြေနေတာ သတိရတော့တယ်။မေးခွန်းအကုန်ဖြေပြီးလို့ နာရီကြည့်လိုက်တော့ အချိန်ပြည့်ဖို့ မိနစ်၃၀ လောက်လိုသေးတယ်။

Blue-Eyed boy(Completed)Where stories live. Discover now