“မင်း တကယ်ပဲ အချိန်မရဘူးလား…”

ဖန်ချန်းလောင်၏ အမေက သိသိသာသာပင် လက်လျှော့ရန် ငြင်းဆန်ချင်နေသည်။ သူမက မော့တိကို တောင်းဆိုချင်သော အကြည့်များဖြင့် ကြည့်နေ၏။

“ကျွန်တော့်မှာ တကယ် အချိန်မရှိလို့ပါ… တောင်းပန်ပါတယ် အန်တီ…”

“မင်း အားနေတယ်ဆိုရင်တောင် ငါကတော့ မင်းနဲ့စာအတူတူ လုပ်မှာ မဟုတ်ဘူး…”

ဖန်ချန်းလောင်က မော့တိကို စောင်းငမ်းငမ်းဖြင့် ကြည့်လိုက်သည်။ မော့တိက သူ့ကို “အစ်ကိုဖန်”ဟု မခေါ်သည့်အတွက် လက်စားချေချင်နေသည့်ပုံပင်။

မော့တိမှာ ပြောစရာစကားပင် မရှိလောက်အောင် ဖြစ်သွားပြီး သူက မေးလိုက်သည်။

“မင်းက အသက် ဘယ်လောက်ရှိပြီလဲ…”

“၁၉ နှစ် ပြည့်ပြီးတာ နှစ်ဝက်ကျော်ပြီ… ငါက ကျောင်းတစ်နှစ် နားထားတာ… ပြဿနာရှိလို့လား…”

“မဟုတ်ပါဘူး… ငါက မင်းကို ၁၆ နှစ်၊ ၁၇ နှစ်လောက်ပဲလို့ ထင်ထားတာ… မင်းက အရမ်းကို ကလေးဆန်နေတဲ့ပုံစံ ဖြစ်နေတာကိုး…”

မော့တိက ပြုံးလိုက်၏။

ဖန်ချန်းလောင်က အစပိုင်းတွင် သူပြောလိုက်သည့်စကား၏ နောက်ပိုင်းကို ကြားလိုက်ပုံမရသော်လည်း စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက်တွင် မော့တိက သူ့ကို ကလေးဆန်သည်ဟု ပြောလိုက်ကြောင်း သတိထားမိသွားလေသည်။ သူက ရုတ်တရက် စားပွဲကို ရိုက်ကာ ပြော၏။

“မင်းက ငါ့ကို ကလေးဆန်တယ်လို့ ပြောလိုက်တာလား…”

“အိုက်ယား… ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့… ယဉ်ယဉ်ကျေးကျေး နေစမ်းပါ…”

ဖန်ချန်းလောင်၏ အမေက သူမ၏သားကို ကမန်းကတမ်း လှမ်းဆွဲလိုက်ပြီး သူ့လက်မောင်းကို လက်ဝါးဖြင့် ဖျန်းခနဲ ရိုက်လိုက်လေသည်။

“ထိုင်စမ်း…”

ဖန်ချန်းလောင်က သူ့နှုတ်ခမ်းကို တွန့်ကာ ငြိမ်ငြိမ်လေး ထိုင်လိုက်ရသည်။

လူအချို့က တစ်ခဏကြာအောင် ထိုင်ရင်း စကားစမြည် ပြောဆိုနေကြ၏။ မော့တိက သူ မအားလပ်ကြောင်း ပြောဆိုကာ ငြင်းဆန်နေဆဲဖြစ်ပြီး ထပ်ခါတလဲလဲ တောင်းပန်နေသည်။ ဖန်ချန်းလောင်က တစ်နှစ် ပြန်တက်ထားသူ ဖြစ်ရာ သူ့ရမှတ်များမှာ အမှတ် ၂၀၀ ကျော်၊ အောင်မှတ်ရရန်ပင် မနည်းလုပ်ရမည်ဖြစ်ကြောင်း သူ သိထား၏။ သူက အမှန်တကယ်ပင် ပညာရေးတွင် ထူးချွန်သောသူ မဟုတ်နိုင်ပေ။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now