Episode_16

551 16 0
                                    

Unicode
Episode_16

သူ့ကိုမဝံ့မရဲပုံစံနဲ့ခိုးကြည့်ကာ ဖြေရှင်းချက်ပေးနေသည့်စေမာန့်ကို ခတယောက သဘောကျစွာတိုးတိုးလေးရယ်သည်။ စေမာန်က ခတယောစိတ်ဆိုးသွားပြီး သူ့အပေါ်အမြင်မကြည်ဖြစ်မှာကိုစိုးရိမ်နေမှန်းရိပ်မိသည်။

" ဟုတ်.... ကျွန်တော်နားလည်ပါတယ်၊ ပြီးတော့ တောင်းပန်ပါတယ်ဗျ!!.... "

" ဟင်.... "

စေမာန်ရဲ့ဘဝမှာ ပထမဦးဆုံးကြားရသည့်တောင်းပန်စကားဖြစ်သည်။ ထိုစကားကြောင့် စေမာန်က ယောကိုအံ့သြတကြီးနဲ့ကြည့်သည်။

" ဘာလို့လဲ၊ ကျွန်တော်.... တောင်းပန်တာကိုမကြိုက်လို့လား "

သူ့ကိုစိုက်ကြည့်နေသည့်စေမာန့်ကို ခတယောက ပြန်ကြည့်ပြီးမေးသည်။

" ... မဟုတ်ဘူး၊ ငါ့ကို ဘယ်သူကမှ အဲ့လိုတောင်းပန်ပါတယ်လို့မပြောဖူးလို့! "

" အာ... "

သူ့အကြည့်တွေကိုလွဲကာ စေမာန်က ဖြေသည်။

" ကျွန်တော့်ကို ထူပေးပါအုန်း၊ ကျွန်တော် မတ်တပ်ရပ်..၊ အမေ့!! "

သူ့စကားမဆုံးခင်မှာပဲ သူ့ကိုအပျိုလေးတစ်ယောက်လိုမြေပြင်ပေါ်ကနေကောက်ပွေ့လိုက်သည့်စေမာန်ကြောင့် ခတယောက လန့်သွားသည်။

" ခင်ဗျား ဘာလုပ်တာလဲ!! "

" မင်း မတ်တက်ရပ်ပြီးလမ်းလျှောက်နေရင် ခြေထောက်ကပိုပြီးနာလိမ့်မယ်၊ အဲ့တာကြောင့် ငါပွေ့ချီတာလေ! "

" ရတယ်.. ရတယ်၊ ကျွန်တော့်ဘာသာလမ်းလျှောက်မယ် "

ခတယောက သူ့ကိုပွေ့ချီထားသည့်စေမာန့်လက်ပေါ်ကနေအနည်းငယ်ရုန်းသည်။ သူကအားနည်းနည်းထည့်ပြီးရုန်းပေမဲ့ ထင်မထားစွာ ပွေ့ချီခံထားရသည့်သူ့ခန္ဓာကိုယ်ကိုစေမာန်က အားသုံးပြီးတင်းကျပ်စွာပြန်ချုပ်ထားသည်။ ထို့နောက် ဘာစကားမှမဆိုဘဲ အိမ်ပေါ်ကိုတက်ကာဘုရားစင်ရှေ့မှာခင်းထားသည့်မြက်ဖျာပေါ်ကိုအသာအယာချပေးသည်။

" မင်းက အဲ့ပန်းတွေကိုဘာလုပ်မလို့လဲ "

" ဘုရားစင်ပေါ်က ပန်းတွေငြိုးနေလို့လေ၊ အဲ့တာ... လဲပေးမလို့ "

Strawberry and Secret [ Completed ]Where stories live. Discover now