လူသွားစင်္ကြံလမ်းတွင် သူ မျက်မြင်ကြုံတွေ့လိုက်ရသည့် ချစ်ရည်ရွှန်းသောအကြည့်လေးမှာ ပျောက်ကွယ်သွားပြီး ယခုတစ်ခေါက် အကြည့်တွင်တော့ ပထမဆုံးကြိတ်ကြွေရသူ သို့မဟုတ် ထို့ထက် အနည်းငယ်ပိုသူကို ကြည့်သည့်ပုံစံမျိုးဖြစ်ကာ ငယ်ရွယ်နုပျိုပြီး ရိုးသားဖြူစင်သည့် ခံစားချက်များကဲ့သို့သော အတောမသတ်နိုင်သည့် မျှော်လင့်ချက်များနှင့် အာရုံစူးစိုက်မှုတို့ အစားထိုးဝင်ရောက်နေကြသည်။

မုထျန်းဟန်သည် ရုတ်တရက်ဆိုသလို ထူးထူးခြားခြား ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဤတစ်ခေါက် ကောင်လေးကို ကူညီသည့်အခါတွင် အတူနေရန်အတွက် အိမ်အထိပါ ခေါ်လာခဲ့မိသည်။ သူသည် ဒီကောင်လေး၏ရိုးရိုးသားသားခံစားချက်ကို နက်ရှိုင်းသောခံစားချက်များအဖြစ်သို့ ပြောင်းလဲသွားအောင် လှုံ့ဆော်မိသွားသည်လား။ ဤအခြင်းအရာမှာ သူ၏ရည်ရွယ်ချက် မဟုတ်ပေ။ သို့သော် ယခုကဲ့သိုအခြေအနေအထိ ရောက်လာခွင့်ပြုခဲ့သည့် သူကိုယ်တိုင်သည်လည်း တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ရှိသည်ဆိုသည်ကို ဝန်ခံရပေမည်။

ဒီထက်ပိုသည်က သူ အတော်လေးပျော်နေသည်ကို မငြင်းနိုင်ပေ။ အထူးသဖြင့် ထိုကောင်လေးက သူ့ကို ထိုကဲ့သို့မျက်နှာထားဖြင့် ကြည့်နေသောအခါတွင် သူ၏နှလုံးခုန်မြန်လာသည်ကို မထိန်းချုပ်နိုင်ပေ။

အရင်တည်းက အတူခေါ်နေခိုင်းသည့် လိုင်သယ်စစ်၏အကြံပေးချက်အပေါ် သုံးသပ်ခဲ့ဖူးသည့် သူ၏ထင်ကြေးသည် အမှန်တကယ်ဖြစ်လာသည့်ပုံပေါ်သည်။ သူတို့အတူနေလိုက်သည်နှင့် တချို့သောအရာများသည် ထိန်းချုပ်ရခက်လာပေလိမ့်မည်။

“ကိုကို ဘာဖြစ်လို့လဲ”

မုထျန်းဟန်က သူ့ကိုငြိမ်ငြိမ်ကြီးလုပ်ပြီး စိုက်ကြည့်နေသည်ကို တွေ့သွားသောအခါ မော့တိသည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

“ကိုကိုလည်း စွတ်ပြုတ်ကို မကြိုက်ဘူးလားဟင်”

“မဟုတ်တာ ကြိုက်ပါတယ်”

မုထျန်းဟန်တစ်ယောက် သူ၏အတွေးနယ်ထဲမှ ပြန်လည်ရုန်းထွက်လာပြီး မော့တိ၏လက်ထဲမှ စွတ်ပြုတ်ပန်းကန်ကိုယူကာ သုံးပုံတစ်ပုံလောက်ကို တစ်ကြိုက်တည်း သောက်လိုက်ချသည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now