ဆံပင်ကို စည်းနှောင်ရာတွင်ခေါင်းစည်းကြိုးက လွတ်ထွက်သွားသည့် ရှေ့ဆံပင်တစ်ချို့က နှဖူးဘေးတစ်ဖက်တစ်ချက်စီမှကျနေသည်။

အင်္ကျီလက်ပြတ်ဝတ်ထားတာမို့ ကျစ်လျစ်သည့် လက်မောင်းနဲ့ လက်ဖျံတို့ကို ရှင်းလင်းစွာမြင်နေရသည်။

ဝတ်စုံပြည့်နဲ့ဆိုရင် ခွန်းယံဟာ ပိန်ပါးသွယ်လျကာ သိမ်မွေ့သည့် ပုံစံဖြစ်သည်။
အခုလို ကပိုကရိုဟန်နဲ့ ဆိုတော့လည်း လက်မောင်းကြွက်သား ခပ်ရေးရေးပေါ်မှာ ယှက်ဖြာနေသော သွေးကြောတန်းတို့မှာ အရိုင်းဆန်သည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။

"လက္ခဏပါတဲ့ အခန်းတွေက စိုင်းသော်ရာ မရှိတော့ ချန်ထားကြတာပေါ့ အခု ဒဿပန်းစိုက်ခန်းကို အရင်လေ့ကျင့်ရအောင်..."

နည်းပြရဲ့ စကားအဆုံးမှာ သီတာနေရာတွင် ကပြမည့် ကျောင်းသူက နေရာယူလေသည်။

ဆိုင်းသံက ပြန်လည်ထွက်ပေါ်လာသည်။

ထိုနောက် ခွန်းယံက လက်ထဲမှာ ပန်းတစ်ပွင့်နှင့် မိန်းကလေး အနားကို ချည်းကပ်လာ၏။ ခြေလှမ်းခြေကြွနှင့် လက်ဟန်အမူရာတို့မှာ ကြမ်းတမ်းခက်ထန်သည့် ဘီလူးအကကို ကနေသော်လည်း နှစ်လိုဖွယ် မျက်နှာကြောင့် စွဲမက်စရာကောင်းနေလေသည်။

"သေစမ်း! ခွန်းယံ မျက်နှာက ဘီလူး မျက်နှာဖုံးအောက်မှာ ထားရမှာတောင် နှမျောစရာကောင်းလွန်းနေတာ "

"အဲ့လို သွေးကြောတွေထင်းနေတဲ့ လက်တွေနဲ့ ပန်းကို ကမ်းပေးနေတာ ကြည့်ဦး
သူနဲ့ အတူတူကတဲ့သူ နေရာမှာ ငါသာဆို သေလို့ရနေပြီ "

အပြင်က ကျောင်းသားလူစုရဲ့ အားမာန်အပြည့်နဲ့ တုန့်ပြန်မှုက တဖြည်းဖြည်းကျယ်လောင်လာသည်။

အကခန်းထဲက နည်းပြဆရာမက အသက် ၃၀ ဝန်းကျင်လောက်ရှိပြီဖြစ်ကာ မျက်နှာချိုပြီး သဘောမနော ကောင်းမယ့်ပုံပေါ်သည်။
သူမက အပြင်က ကျောင်းသား ကျောင်းသူတွေ ဘက်လှည့်ကာ နှုတ်ခမ်းပေါ်လက်ညိုးတင်၍ တိတ်တိတ်နေဖို့သာ ဟန်ပြသတိပေးပြီး နှင်ထုတ်တာတို့ ဆူတာတို့ မလုပ်ခဲ့ပေ။

အပြင်မှာ ရပ်ကြည့်နေသူများကလည်း နာခံစွာပင်  ဖုန်းထုတ်၍ video သာရိုက်နေကြကာ ဆူဆူညံညံမလုပ်ကြတော့။

VEILS OF MINZARIOù les histoires vivent. Découvrez maintenant