မုရုံချီချီနောက်တွင် ရပ်နေသော စုမိန်နှင့် စုယွဲ့တို့မှာလည်း စူပုတ်နေသော မျက်နှာများဖြင့် ရှိနေကြသည်။ သူတို့က မုရုံချီချီ၏ ဒီလိုပုံစံကို ကျင့်သားရနေပုံပေါ်သည်။ ဒါကပဲ မုရုံချီချီရဲ့ မျက်နှာအစစ်အမှန် ဖြစ်နေမလား?

"ဝမ်ရယ်... ကျွန်မ တောင်းပန်ပါတယ်နော်။ ဒီနေ့တော့ ကျွန်မ ဝမ်ရယ်ကို အဖော်ပြုမပေးနိုင်တော့ဘူး။ ကျွန်မကိုယ်တိုင် ဖြေရှင်းမှ ရမယ့် ကိစ္စလေးတစ်ခု ရှိနေလို့ပါ"

"ချင်းချင်း..."

ဖုန်းချန်နှလုံးသားမှာ နာကျင်မှုကြောင့် တင်းကြပ်စွာ ဆွဲညှစ်သလို ခံစားလိုက်ရကာ အသက်ရှု၍ မရနိုင်အောင်ပင်။ ကွမ်းဟွာသခင်လေးရဲ့ ဆိုင်တွေ မတော်တဆမှုကြောင့် သူမက ဒီလောက်တောင် စိတ်ပူသွားရတယ်ပေါ့။ နောက်ဆုံးမှာတော့ သူမက သူ့ကို ဂရုစိုက်နေသေးတာပဲ...

ဘာကြောင့်လဲ? ဘာကြောင့် ကွမ်းဟွာသခင်လေးကို သူမက ဂရုစိုက်တာ မြင်ရတဲ့အခါတိုင်း သူအရမ်းကို ဝမ်းနည်းနေရတာလဲ? ဘာကြောင့်လဲ? ဘာကြောင့် သူမရဲ့ စိုးရိမ်သောကတွေက အေးစက်မှုတွေအဖြစ် ပြောင်းသွားတဲ့အခါမှာ ဒီလုပ်ဆောင်ချက်တွေကို ပြုမူဖို့ နလန်ရှင်းကို သူ ခွင့်ပြုမိခဲ့တာကို သူ နောင်တရနေမိတာလဲ?

နောက်ဆုံးမှာ မုရုံချီချီသာ ထုံပေါင်ကျိုက်နဲ့ ကြွယ့်ဇယ့်ဖန်းကို မီးလောင်တိုက်သွင်းဖို့ ညွှန်ကြားခဲ့သူဟာ သူဖြစ်တယ်ဆိုတာ သူမသိသွားခဲ့ရင် သူ့ကိုလည်း သူမက ဒီလိုပဲ အေးစက်တဲ့မျက်နှာနဲ့ ဆက်ဆံလေမလား? သူကိုယ်တိုင်အတွက် သူမကို ရယူဖို့ ကွမ်းဟွာသခင်လေးကို သူသတ်ချင်နေခဲ့တယ်ဆိုတာကိုသာ မုရုံချီချီသိရင် သူက တကိုယ်ကောင်းဆန်ပြီး ရက်စက်တယ်လို့ သူမ တွေးနေလိမ့်မလား? သူမက သူ့ကို စွန့်ခွာသွားလိမ့်မလား?

သူ့ရဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်ကြောင့် မုရုံချီချီက သူ့ကို စွန့်ခွာသွားတယ်ဆိုတာကို တွေးမိတဲ့အတွေးက ဖုန်းချန်ရှုသွင်းလိုက်တဲ့ ဝင်သက်တိုင်းကို အေးစက်သွားစေသည်။ သူသာ နလန်ရှင်းပြောတဲ့စကားတွေကို နားထောင်ပြီး သူမကို ရှင်းရှင်းလင်းလင်းကြည့်မြင်ခဲ့မယ်ဆိုပါက ရလဒ်က ပိုကောင်းသွားနိုင်မလား?

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now