"သက် အဆင်ပြေလား မူးနေသေးလား"

"ကိုသက်ပိုင်နောင်လား"

စစ်မက်နေလ၏ မေးခွန်းသံအဆုံး သက်ပိုင်နောင်မှ အမူးသမားနှစ်ယောက်ကိုထိန်းရင်းက လှည့်ကြည့်လာသည်။
သက်လျာမှာ အနည်းငယ်ပင်သောက်ထားသော်လည်း ရီဝေဝေ မူးတူးတူးဖြစ်နေ၏။
စိန်လွှာလင်းထည်ကတော့ လုံးဝကိုမူးနေပြီဖြစ်သည်။

"ဟာ...ဟုတ်တယ် မတွေ့တာကြာပြီ ညီရာ
ဆောရီးဗျာ သေချာနှုတ်ဆက်ချင်ပေမယ့် ဒီနှစ်ယောက်ကသောက်ပြီးမူးနေလို့"

စိန်လွှာလင်းထည်နှင့်သက်လျာမောင်အား စိတ်မချစွာလှမ်းကြည့်ရင်း အားတုံ့အားနာပြောလာတာကြောင့် စစ်မက်နေလမှ

"ရပါတယ် ကိုသက်ပိုင်နောင် အကူအညီလိုသေးလား"

"ရပါတယ်.... ကိုယ်နှစ်ယောက်လုံးကိုပြန်ပို့လိုက်လို့ရတယ် ငါ့ညီလုပ်စရာရှိတာလုပ်ပါ"

"သက်လျာမောင်နဲ့လွှာ့အိမ်က ဆန့်ကျင်ဘက်ပဲကို ကျွန်တော်လွှာ့ကိုခေါ်သွားလိုက်မယ်"

"ငါ့ညီအလုပ်ရှုပ်မှာစိုးလို့ပါ ဖြစ်ရဲ့လား"

"ဖြစ်ပါတယ် ကျွန်တော်ခေါ်သွားမယ်"

သက်ပိုင်နောင်မှ သက်လျာမောင်အားခေါ်ကာ နှုတ်ဆက်ကာ ထွက်သွားသည်နှင့်
စစ်မက်နေလမှာ နံရံနားငုပ်တုပ်လေးထိုင်နေသောအမူးသမားလေးအား ဆွဲထူကာ ကလပ်၏အပြင်ဘက် ကားပါကင်ဆီသို့ခေါ်လာခဲ့သည်။

"ကားမစီးချင်ဘူး"

"ဟမ်"

စစ်မက်နေလသည် ဖွင့်လက်စ ကားတံခါးအားပြန်ပိတ်ကာ သူမအားငဲ့ကြည့်ရင်း

"ကားမစီးရင် လွှာကဘာစီးချင်တာလဲ"

စစ်မက်နေလ၏အမေးအား မျက်လုံးလေးတွေမပွင့်တပွင့်နှင့် မော့ကြည့်ကာ ပြောလာသည်ကား

"ရှင့်ကိုစီးမယ်..."

"ဘာရယ်"

စစ်မက်နေလမှ ကိုယ့်နားကိုယ်မယုံစွာ ပြန်မေးမိတော့ သူမကမဖြေပဲ စစ်မက်နေလ ၏လက်မောင်းအား အတင်းဆွဲကာ ထိုင်ခိုင်းတော့ အိုးတိုးအန်းတန်းနှင့် သူမစိတ်တိုင်းကျထိုင်ပေးရတော့သည်။

My missing partWhere stories live. Discover now