"တော်သေးတာပေါ့။ ငါက မင်းပြန်သွားပြီတောင် ထင်နေတာ"

"တက်လေ"

လွှားခနဲခုန်တက်ကာ ပုခုံးပေါ်ရောက်လာသည့် လက်တစ်ဖက်။ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ အချိန်ခဏပေးလိုက်သည်။ ဖြေးဖြေးချင်း မောင်းထွက်လိုက်ပြီးနောက်မှာ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြ၏။
ဆောင်းညဉ့်ဦးက အေးစိမ့်စိမ့်နှင့်။ ဆိုင်ကယ်မှန်ကနေ တစ်ချက်လှမ်းကြည့်တော့ လက်တိုပါးပါးဝတ်ထားသူက လေအေးတွေကိုပင် သတိထားမိပုံမပေါ်။ မီးစိမ်းနေသည့် မီးပွိုင့်ကို တည့်တည့်ဖြတ်ချလိုက်ပါမှ နောက်ကနေ အသံထွက်လို့လာသည်။

"ဟင်... ညစာရော"

"..."

"ညစာ သွားမစားတော့ဘူးလား။ မင်း စားခဲ့မှာလဲမဟုတ်ပဲနဲ့"

တတွတ်တွတ်ရွတ်လာသူက မောရကောင်းမှန်းသိပုံမပေါ်။ အဆောင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်သည်အထိ ညစာ အကြောင်းကို မေးမြန်းနေသေးသည်။

"ငါလဲ ဘာမှမစားရသေးဘူးကွ။ အတူစားသွားစမ်းပါ မင်းဟာကလည်း"

"အေးတယ် ဝင်တော့"

နေချိုပြောတော့ မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ငုံ့ကြည့်သည့်သူ။

"နေအုန်း။ ငါ လက်ရှည်ဝတ်ပြီးဆင်းခဲ့မယ်"

ပြောပြောဆိုဆို ကျောပိုးအိတ်ကို လက်ထဲထိုးထည့်ပေးကာ အဆောင်ထဲ အပြေးဝင်သွားသည်။ အဆောင်ဝရောက်လျှင်ပဲ တိခနဲရပ်ချကာ နေချိုရပ်နေရာဘက်ကိုလှည့်လျက် လက်ညှိုးလှမ်းထိုး၏။

"မင်း... တစ်လှမ်းမှ မရွေ့ပဲ အဲ့မှာရပ်နေနော်။ငါ့အိတ်ယူပြီး ပြန်ရင် သေပြီသာမှတ်"

ကြိမ်းမောင်းသူက သူလုပ်လိုက်လျှင် တစ်ချက်စာသာ ရှိသည်။ ငယ်ငယ်ကလောက် သေးညက် မ နေတာသာရှိမည်။ ခွန်းနစ်ကုဋေရဲ့ တရှောင်ရှောင်ဖျားပြီး အမြဲ ဆူပုတ်နေတတ်တဲ့ ပုံစံသာ နေရာယူထားခဲ့တဲ့ နေချို့ခေါင်းထဲမှာ ထိုပုံရိပ်လေးကို မဖျောက်နိုင်။ ဒါ့အပြင် ပိုပြီးထွားသည်ထားအုန်း နေချိုနှင့်ယှဉ်လျှင် ခွန်းနစ်ကုဋေထွားသည်ဆိုတာက ခြေဖျားတောင်မှီမည်မထင်ပါ။ နေချိုက လူထွားကြီးလို ဖြစ်နေကာ ရုပ်ရည်ကလည်း အတော်လေး ရင့်သလို ဖြစ်နေလောက်ပါလိမ့်မည်။

friEND(COMPLETED)Tahanan ng mga kuwento. Tumuklas ngayon