Chapter - 29

7.4K 919 78
                                    

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၁၀

တစစ ပူနွေးလာသည့်လေပြေတို့က နွေ၏သရုပ်ကို လောကဆီ တစ်ရက်ချင်းတိုးကာ ငဲ့ယူခေါ်လာသည်။မိုးလင်းမှ မိုးချုပ်ထိ တစိမ့်စိမ့်ကြွေကျတတ်သော အရွက်အိုတို့ဟာလည်း နိဂုံးတစ်ခု၏ သဏ္ဍာန်ကို ထင်ရှားစေရန် ပံ့ပိုးလျက်ရှိ၏။

တစ်နေ့တစ်နေ့ ဆေးရုံထဲမှာပဲ အချိန်ကုန်နေတတ်သူမို့ ရာသီတစ်ခုနှင့်တစ်ခု အကူးအပြောင်းကို သတိမထားမိတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလည်း မခန့်မှန်းနိုင်တော့။ လေးပင်သော အသက်ရှူသံကို ဖွင့်ထုတ်လိုက်ပြီးမှပဲ တစ်နေရာထဲမှာ အကြာကြီး ပိတ်မိနေခဲ့သူလို ခံစားလိုက်ရသည်။

မီးရှို့ထား၍ လောင်ကျွမ်းပြာကျ‌နေသည့် လယ်ကွက်များထံမှ အနံ့တွေက တစ်စုံတစ်ခု၏ ပြီးဆုံးခြင်းဖြစ်နိုင်သလို တစ်စုံတစ်ခု စတင်ခြင်းလည်း ဖြစ်မည်။ အရိပ်ရသည့် နေရာမှာ ထိုင်နေပါသည့်တိုင် အေးမြမှုကို မခံစားရ။ နံဘေးနားမှ ငြိမ်သက်နေသည့် ကျောပြင်ကိုကြည့်ရင်း တအုံ့နွေးနွေးခံစားချက်က ကြီးစိုးလာသည်။ အဖြူရောင် ရှပ်အင်္ကျီဟာ လေပူပူအောက်မှာ လှုပ်ခတ်လျက်။ ကားတက်နေသော နားရွက်ဖျားကလေးထံ မျက်လုံးရောက်မိတော့ နှာဖျားထိအောင် မွှန်တက်လို့လာသည်။

ဒူ....

စူးခနဲ နေအောင်ပျံ့လွင့်လာသော ကြေးစည်သံ။ ကိုယ်ကသာ ဆတ်ခနဲမတ်သွားပေမဲ့ မယိမ်းမယိုင် ငြိမ်နေသူကဖြင့် လာလားမှ မဆိုင်သည့်နှယ်။ ခပ်လှမ်းလှမ်းမှ အဆောက်အဦးကိုတစ်လှည့်ကြည့်တော့ နေပူအောက်မှာ ငုတ်တုပ်ထိုင်နေသည့် မကောင်းဆိုးရွားသဖွယ်။ လူသူနည်းပါးနေသည့် သုဿာန်ရဲ့ ပုံရိပ်က ငြီးငွေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဒေါ်စောစောမူ အသက် ၄၆နှစ်

ပို့ဆောင်သူဆိုလို့ ဆေးရုံမှ ဝန်ထမ်းတစ်ချို့နှင့် ခွန်းနစ်တို့ နှစ်ဦးသာရှိသည့် နာရေး။ မနက်အစောပိုင်း ဖုန်းဝင်ဝင်ခြင်းပဲ ငူငိုင်နေသည့် နေချိုမောင်ကို အကျိုးအကြောင်းမေးတော့ "သူ အခြေနေ မကောင်းဘူး" တဲ့ ဟူသော အဖြေကိုရသည်။ ပြန်မေးစရာမလိုအောင် ဘယ်သူဆိုတာ တန်းပြီးနားလည်လောက်သည်အထိ သူ့မျက်ဝန်းကို ဖတ်လို့ရနေသည့် ခွန်းနစ်ပင် ဘယ်ကစပြီး ဘာလုပ်ပေးရမည်မသိ။ အတန်ကြာမှ ဂရုမစိုက်ဟန်လုပ်နေခြင်း မဟုတ်ပဲ မည်သို့မည်ပုံ တုန့်ပြန်ရမည်ကိုပင် မသိရှာသည့် နေချိုမောင့်ရဲ့ လက်မောင်းတွေကို တင်းတင်းကိုင်ရင်း "သူ့ဆီသွားကြစို့" ဟု ပြောခဲ့သည်။

friEND(COMPLETED)Where stories live. Discover now