ဦးမင်းညို၏ အဖြေစကားကြောင့် ဦးသက်မောင်ကခေါင်းတညိတ်ညိတ်။

ဦးသက်မောင်က အိမ်ထဲကနေ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်စကားပြောနေကြသော ခန့်မင်းညိုတို့ အားကြည့်ကာ ယောက်ဖနှင့် ညီမဖြစ်သူအားပြော၏။

"ငညိုဖြင့် မြတ်သူလေးနဲ့ရပြီး ပြောင်းလဲသွားလိုက်တာ တခြားလူတစ်ယောက်အတိုင်းပဲ ... အဖေတူသားလို့မပြောရဘူး"

ဦးမင်းညိုက ပြုံးသည်။

"ဟုတ်ပါ့ဗျာ သားကြီးက အခုဆို အရင်ကလို မဆိုးသွမ်းတော့ဘူး ... ဒါ့အပြင် မိဘအပေါ်လည်းသိတတ်လာတယ် ...နောက်ပြီး အိမ်ထောင့်တာဝန်ပါကျေပွန်တဲ့အပြင် သူ့ညီတွေ ညီမတွေအပေါ်ပါအစ်ကိုကြီးပီပီသသနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံလာတယ် ...ဒီလိုမျိုး အကောင်းဘက်ကို ပြောင်းလဲလာတာလေး မြင်ရတော့လည်း ကျွန်တော်တို့လင်မယားနှစ်ယောက် စိတ်အေးရတာပေါ့ဗျာ"

"ဒါပေါ့ ကိုမင်းညို ကျွန်တော်ဆို အရင်က ငညို့ကို သွဲ့သွဲ့ထက်တောင်ပိုစိတ်ပူခဲ့သေးတာ ... အခုတော့ အတော်ကြီးကို စိတ်ချလို့ရနေပြီ"

လူကြီးများ စကားကောင်းနေကြစဉ် ခန့်မင်းညိုကရောက်လာသည်။

"အဖေ သားတို့ အိမ်ပြန်ဦးမယ် မနက်ဖြန် မြို့ပြန်မှာဆိုတော့ အထုပ်တွေ ပြင်ဖို့ ပစ္စည်းနည်းနည်းကျန်နေသေးလို့"

"အေး အေး ပြန်လေ ပစ္စည်းတွေသေချာစစ်ဦး "

"ဟုတ်ကဲ့ အဖေ ... ဘကြီးတို့ ကျွန်တော်တို့ အိမ်ပြန်လိုက်ဦးမယ် ဗျ"

"အေး အေး သွားသွား"

=====================

"မြတ်လေး မြတ်လေးဖေဖေရဲ့ ပစ္စည်းတွေထည့်ထားတဲ့ ထင်းရှူးသေတ္တာတွေက မြို့ပေါ်ကိုသယ်သွားမှာမလား"

"သယ်သွားမှာ အကို ဒီအိမ်မှာထားခဲ့ရင် လူမနေတာကြာရင် ခြစားမှာကြောက်လို့"

"ဟုတ်ပြီ ဟုတ်ပြီ အဲတာဆို ကိုယ် အိမ်ရှေ့တစ်ခါတည်း ထုတ်ထားလိုက်တော့မယ်"

"ဟုတ်"

"ခန့်ညားရေ အစ်ကိုနဲ့ ဒီဗီရိုလေး လာရွှေ့ကူပါဦး"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Onde histórias criam vida. Descubra agora